Wednesday 5 April 2017

Boiler (1) - Thermal Oil Boiler Cannot Fire


Boiler အလုပ်တွေထဲမှာ ဒီအဖြစ်အပျက်လေးကလည်း သတိရစရာလေးပါ။
Boiler မှာ ၂ မျိုးရှိပါတယ်။ Steam boiler နဲ့ Thermal Oil Boiler ပါ။ ခုအလုပ်က Thermal Oil Boiler. အပူသယ်ပေးတဲ့ဆီ ကို boiler နဲ့ အပူပေး၊ circulation pump နဲ့ လှည့်ပြီး လိုတဲ့နေရာတွေပို့၊ အပူကိုအသုံးချ၊ ပြန်ဝင်လာတဲ့ အပူလျော့သွားပြီးသား ဆီကို boiler ထဲပြန်ဖြတ်ပေါ့။ Air con ရဲ့ chill water / coolant နဲ့ သဘောချင်း ဆင်ပါတယ်။ အပူသယ်ပေးတဲ့ အလုပ် လုပ်တာပါ။ Steam boiler မှာလို ရေ level , steam pressure တွေ ဂရုစိုက်စရာမလိုတော့ဘူး။ Temperature တစ်ခုထဲ ကြည့်စရာလိုပါတယ်။ Expansion tank မှာတော့ ဆီ level ထိန်းတာပါတာပေါ့နော်။ တစ်ခါတရံမှ ဖြည့်ရတာပါ။
အခုပြဿနာက boiler မီးမတောက်တာပါ။ ရောက်တာနဲ့ boiler ကိုကြည့်ပါတယ်။ boiler က သိပ်မကြီးပါဘူး။ အမိုးပေါ်မှာ burner head ကို အောက်ဘက်စိုက်ပြီး တပ်ထားပါတယ်။ 
Control cabinet က အောက်ထပ်က circulation pump တွေနားမှာပါ။  စက်-၂ ကိုအကူအညီတောင်းပြီး run ကြည့်ဖို့ပြင်ပါတယ်။ ဆီ valve တွေ ဖွင့် အဆင်သင့်ဖြစ်တာနဲ့ စ run လိုက်ပါတယ်။ DO နဲ့ မောင်းဖို့ရွေးထားပါတယ်။ FO နဲ့မောင်းယင် heater unit သုံးရမှာပါ။ အခု အဲဒီအပိုင်း ကြည့်စရာမလိုတော့ဘူးပေါ့။ စလည်တော့ circulation pump, oil pump လည်မလည်ကြည့်ပါတယ်။ pressure gauge ကြည့်ပါတယ်။ ပုံမှန်ပါဘဲ။ FD (forced draft) fan လည်သွားတဲ့အသံ ကြားရပါတယ်။ ခဏနေတော့ burner ON ဆိုတဲ့မီး လင်းလာပါတယ်။ စောင့်ကြည့်နေတုန်း မကြာခင် Flame eye failure alarm တက်လာပါတယ်။
Control panel ဖွင့်ကြည့်တော့ relay logic နဲ့ဘဲ control လုပ်ထားပါတယ်။ temperature controller နှစ်ခုလောက်တွေ့ပေမဲ့ ဘာ alarm မှ မရှိပါဘူး။ sequence controller တို့ flame eye controller တို့ မတွေ့ရပါဘူး။ ဒါဆို control box တစ်နေရာမှာ ရှိနိုင်ပါသေးတယ်။
boiler အမိုးပေါ်တက်၊ burner head အပေါ်က ပုံးကို ဖွင့်ကြည်တော့ control ပစ္စည်းတစ်ချို့ တွေ့ရပါတယ်။ Siemen LAL 2.25 sequence controller တစ်ခုလည်း ပါပါတယ်။ အဲဒီ LAL က flame eye detector ကို တိုက်ရိုက် control လုပ်နိုင်ပါတယ်။ သီးခြား flame eye controller တစ်လုံး မလိုတော့ပါဘူး။
ဒါနဲ့ နောက်တစ်ခေါက် စက်ပြန်လည်ခိုင်းပြီး အပေါ်ကကြည့်နေပါတယ်။

ခဏလောက်ကြာတော့ FD fan လည်ပါတယ်။ ပြီးတော့ LAL ရဲ့ Dial မှာ ရွေ့လာတာမြင်ရပါတယ်။ Damper ဖွင့်တာ ပိတ်တာတွေ့ရပါတယ်။ purging cycle လုပ်နေတာပေါ့။ နောက် fire sequence မှာ solenoid ဆွဲသံကြားရပါတယ်။ ဒါပေမဲ့ မီးမတောက်ပါဘူး။ ခဏနေတော့ Flame eye alarm တက်လာပြီး ရပ်သွားပါတယ်။
ကြားဖြတ်ပြီး ဒီ burner အကြောင်း နည်းနည်းပြောပြပါမယ်။ မြင်သာအောင်လို့ပါ။ ဒီ burner မှာ pilot burner နဲ့ main burner ဆိုပြီး ခွဲမထားပါဘူး။ Main burner တစ်ခုထဲ ရှိပါတယ်။ စစချင်း လေနည်းနည်း (damper ပိတ်ပြီး) ဆီနည်းနည်း နဲ့ မီး ရှို့ပါတယ်။ မီးတောက်မှ တစ်ဖြည်းဖြည်း damper ဖွင့်ပြီး လေတင်ပါတယ်။ တစ်ပြိုင်နက်ထဲ damper shaft နဲ့ ချိတ်ထားတဲ့ Cam ကိုသုံးပြီး ဆီထွက်နှုံး တင်လိုက်ပါတယ်။ Modulation လို့ခေါ်ပါတယ်။
အခု မီးမတောက်တော့ ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ပါတယ်။ ဆီမထွက်တာလား၊ ဆီ pressure မပြည့်လို့လား၊ nozzle မကောင်းလို့လား၊ nozzle အကွာအဝေး မမှန်လို့လား၊ လေ နည်း/များလို့လား၊ ignition transformer မကောင်းလို့လား၊ ignition transformer အဝင် power မရတာလား၊ electrode position မမှန်လို့လား၊ ဆီ-လေ အချိုး မမှန်လို့လား။ ဖြစ်နိုင်ခြေ တစ်ခုချင်း စစ်ရပါတော့မယ်။ 

ဆီကစပြီး ကြည့်ပါတယ်။ oil pump အထွက် pressure gauge က 5 bar လောက်ပြပါတယ်။ burner အခြေက pressure gauge မှာလည်း ဒီလောက်ဘဲပြတော့ ဆီပိုက်ထဲမှတော့ လည်နေပြီ။ ဒါပေမဲ့ အဲဒီဆီကို burner မှာ တွဲလျက်ပါတဲ့ pressure pump လေး နဲ့ high pressure ရအောင် တင်ပေးပါတယ်။ pressure pump က FD fan ရဲ့ shaft နဲ့  coupling ခံပြီး ဆက်ထားပါတယ်။ fire လုပ်ဖို့ solenoid ဖွင့်မှ ဆီ pressure မြင့်မှာပါ။ နောက် တစ်ခေါက် ပြန်စမ်းပြီး ဆီ solenoid ဖွင့်တဲ့အချိန် pressure ကြည့်တော့ 10 bar လောက်ဘဲ ရှိပါတယ်။ gauge မှာမှတ်ထားတဲ့ သူအလုပ်လုပ်တဲ့ pressure range က 15-22 bar လောက်ရှိပါတယ်။ စက်ချုပ်ကိုမေးကြည့်တော့ Nozzle မကြာခင်ကဘဲ လဲထားတာ အသစ်လို့ပြေပါတယ်။ pressure ကျနေတာ ပုံမှန်မဟုတ်ပါ။ return line တွေစစ်ပါတယ်။ pressure pump မှာ adjustment set screw လေးပါပါတယ်။ အဲဒီ screw ကို ကြိုးစား ညှိပေမယ့် pressure 12 bar ထက်ပို မတက်လာပါဘူး။
စက်ချုပ်ကို မေးကြည့်တော့ အပို pressure pump တစ်လုံး ရှာလာပေးပါတယ်။ စက်-၂ အကူအညီနဲ့ pump လဲပြီး စမ်းတော့ pressure တက်လာပါတယ်။ 20 bar လောက်ချိန်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ မီးမတောက်သေးပါဘူး။ Nozzle ကိုကြည့်ချင်ပေမဲ့ မလွယ်ပါဘူး။ FD fan အပါအဝင် burner head assembly တစ်ခုလုံး Chain block နဲ့ ဆွဲမပြီး ဖွင့်ရမှာဆိုတော့ လွယ်တာ အယင်စစ်ပါမယ်။ ignition နဲ့ပါတ်သတ်တာတွေပေါ့။ transformer ကို ohm တိုင်းကြည့်တယ်။ low ohm ဘဲ။ အဝင်ပါဝါ ရောက်မရာက် terminal တွေက run time မှာ တိုင်းဖို့မလွယ်ပါဘူး။ နေရာကလည်း ကတ်သတ်ပါတယ်။ ဒီတော့ 220V indicator မီးလုံးလေးတွေကို လိုက်ချိတ်ပြီး sequence ကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ LAL အထွက်မှာ ကြိုးတွေကဘဲ ဆက်လိုက်ပါတယ်။ မီးလုံးတွေကို ဆီပိုက် solenoid အတွက် တစ်လုံး၊ ignition အတွက်တစ်လုံး၊ nozzle အဝင် solenoid အတွက် တစ်လုံး တပ်လိုက်ပါတယ်။
ပြန်စမ်းကြည့်တော့ purging cycle အပြီး ဆီပိုက် solenoid မီးလုံး လင်းပါတယ်။ ခဏနေတော့ Nozzle အတွက် solenoid မီးလင်းလာပါတယ်။ ignition အတွက် မီးမလင်းပါဘူး။ နောက် flame eye detector က မီးတောက် မတွေ့တော့ alarm ထုတ်ပြီး ဖြတ်ချလိုက်တာပါ။
 
Ignition အတွက် power ကို LAL ကထုတ်မပေးတာပေါ့။  ETO က LAL အသစ်ရှိတယ်ပြေပါတယ်။ ဒါနဲ့ လဲကြည့်ပါတယ်။ ဒါပေမဲ့ အတူတူဘဲ။ ignition signal မထွက်ဘူး။ ကြိုးလွတ်နေလားကြည့်တယ်။ မလွတ်ဘူး။
ဘာ interlock တွေရှိနေလဲပြန်ကြည့်တယ်။ မရှိပါဘူး။ Interlock ရှိယင် ဆီ/nozzle solenoid တွေ မပွင့်ရဘူး။
Super ကလည်းတွန်းနေပြီ boiler ရမှ cargo tank တွေ သန့်ရှင်ရေးလုပ်ပြီး dock ဝင်ရမှာဆိုတော့။ အရေးပေါ် မီးတောက်ယင်ပြီးရော တစ်ခုခုလုပ်ပေးပါ ပြောပါတယ်။ ဖြစ်ချင်တော့ အဲဒီ boiler မှာ manual control စံနစ်မပါဘူး။ ယာယီ manual မီးမွှေးလို့ရအောင် စီစဉ်ရပါတယ်။ LAL sequence controller ကိုဖြုတ်လိုက်ပါတယ်။ နောက်ပြီး ခလုတ် လေးတွေ တစ်ခုစီ တပ်ပါတယ်။ ဆီအဝင် နဲ့ nozzle solenoid ပေါင်းပြီးတစ်ခု၊ ignition transformer အဝင်တစ်ခု၊ damper control လုပ်တဲ့ servomotor မှာ open တစ်ခု၊ close တစ်ခုပါ။
စက်ပြန်စပြီး FD fan လည်တဲ့အထိ စောင့်ပါတယ်။ ခဏစောင့်ပြီး damper ကို ပိတ်ကာနီး  min position ထားလိုက်ပါတယ်။ နောက်ပြီး ဆီနဲ့ ignition ဖွင့်လိုက်တော့ မီးတောက်ပါတယ်။ မီတောက်တာသေချာတော့ ignition ကိုပြန်ပိတ်လိုက်ပါတယ်။ အဲဒါ low flame ပေါ့။ pilot burner တွေနဲ့ သဘောချင်းတူပါတယ်။ နောက် damper ဖွင့် ပေးတော့ မီးသေသွားလို့ ဆီ နဲ့လေ ပြန်ညှိရပါတယ်။ ဆီက modulation လုပ်တဲ့ cam rotation နဲ့ ညှိပြီး လေကို damper link rod အတိုအရှည် ပြောင်းပြီညှိပါတယ်။ နောက် low flame ရော high flame မှာပါ မီးမသေတော့ပါဘူး။
အပြင်ထွက် ခေါင်းတိုင်ကထွက်တဲ့ မီးခိုးအရောင်ကြည့်ပြီး ဆီ၊လေ အချိုး ညှိပေးပါတယ်။ မီးခိုးမဲယင် ဆီများလို့။ မီခိုး ဖြူပြီး ထူနေယင် လေများလို့ပါ။ ညီမျှယင်မီးခိုးက သင့်ရုံ ခပ်ပါးပါးဘဲ ထွက်ပါတယ်။
ဒီလိုနဲ့ manual မီးမွှေးနည်း စက်ချုပ်နဲ့ စက်-၂ကို သင်ပေးလိုက်ပါတယ်။ LAL မရှိတဲ့အတွက် flame eye detection မရှိတော့တာမို့ မီးတောက်ရယ် temperature ရယ် လူနဲ့ သတိထား စောင့်ကြည့်ဖို့ မှာလိုက်ပါတယ်။
Dock ဝင်နေတုန်း manual control panel လေး လုပ်ပြီး သွားဆင်ပေးလိုက်ပါတယ်။ အဲဒီမှာ flame eye detector လေးပါ safety အတွက် တပ်ပေးလိုက်ပါတယ်။ မီးမတောက်ယင် alarm ပေးပြီး ဆီပိတ်ပေးပါတယ်။
နောက် Dock ကဆင်းလာမှ မပြီးသေးတဲ့ trouble-shoot အလုပ် ဆက်လုပ်ရပါတယ်။ အမျိုးမျိုး စမ်းကြည့်တွေးကြည့်ပြီးမှ မျက်စေ့မှောက်နေတာလေး သတိရသွားပါတယ်။ LAL လဲကြည့်တော့ ကျွန်တော် socket ကနေ ချွတ်ပြီး အသစ်ပြန်စွပ်ထည့်လိုက်တာဘဲ။ ကြိုးတွေလည်း မလွတ်၊မချောင်ဘူး။ တစ်ကယ်လို့ base socket မကောင်းယင်လည်း output မထွက်တာဖြစ်နိုင်တာပေါ့။ ignition အတွက် pin ချောင်နေယင် တစ်ခြား ဟာတွေ အလုပ်လုပ်ပေမဲ့ ignition မထွက်တာဖြစ်နိုင်ပါတယ်။

 အဲဒါနဲ့ LAL ရဲ့ base socket ကြီး လဲလိုက်တော့ ကောင်းသွားပါတယ်။ Auto mode မှာ မီးတောက်ပါတယ်။  flame eye ဖြုတ်စမ်းတော့ shut down ဖြစ်ပါတယ်။ အခုတော့ auto mode ပြဿနာတက်ယင် manual panel နဲ့လည်း မောင်းနိုင်သွားပြီဆိုတော့ စက်ချုပ်လည်း ပျော်သွားပါတယ်။ Cut in / Cut off temperature တွေ controller မှာ ညှိပေးခဲ့လိုက်ပါတယ်။
မထင်မှတ်တဲ့ fault လေးက တော်တော်လေး လုပ်လိုက်ရပါတယ်။ 

1 comment: