Thursday 30 March 2017

ODME (1)


နည်းနည်းတော့ကြာသွားပြီ ဒီအလုပ်က။ သင်္ဘော Dock ဝင်တုန်း ODME စစ်ပေးပါ။ Surveyor ပြနိုင်ရမယ်။ error မရှိအောင်လုပ်ပေးရမယ်၊ functional အလုပ်လုပ်ရမယ်။ manual simulation ရအောင်လုပ်ပေးပါပြောတယ်။
 ODME အမျိုးအစားက Jowa, Cleantoil-9000 ပါ။
ODME မှာသုံးပိုင်းရှိပါတယ်။
၁) CCR မှာ Computer/ main control unit ရှိပါတယ်။
၂) Engine Room မှာ Converter နဲ့ sample pump starter ရှိပါတယ်။
၃) Pump Room မှာတော့ Measuring Cell / Analyzing unit, Overboard Valve, Return Valve နဲ့ flow meter တွေရှိပါတယ်။ 
စစချင်း မျက်စေ့နဲ့အယင် လိုက်ကြည့်ပါတယ်။ (Visual inspection) ယိုနေ၊ ပေါက်နေ ပျက်စီးနေလား သိဖို့နဲ့ နေရာတွေ သိရအောင်ပါ။ တစ်ကယ်စမ်းယင် OB valve နဲ့ return valve တွေ လာကြည့်ရမှာလေ။ Sample line အဝင်အထွက် valve တွေ ဖွင့်ထားရဲ့လားကြည့် ပါတယ်။ ER ထဲက panel တွေ power ရှိလားကြည့်ပါတယ်။ Compress air ဖွင့်ပေးဖို့ စက်ချုပ်ကို အကူအညီတောင်း pressure ပြည့်ရဲ့လားစစ်ပါတယ်။
အားလုံးအဆင်သင်ဖြစ်တော့မှ CCR သွား Computer unit ကို power ဖွင့်လိုက်ပါတယ်။ Alarm တွေ တန်းစီပြီး တက်လာပါတယ်။ initialization ပြီးအောင်စောင့် reset အကြိမ်ကြိမ် နှိပ်ပြီးတဲ့အခါ alarm နှစ်ခုဘဲကျန်ပါတယ်။ ဘာတွေလဲ ကြည့်ုကြည့်တော့
- Total oil discharged exceeded limit နဲ့
- Printer Paper Low
စိတ်ထဲ ပေါ့သွားတယ်။ ခက်ခက်ခဲခဲတွေ မဟုတ်လို့။ ဒါပေမယ့် တစ်ခြားပြဿနာတွေ ရှိနိုင်ပါသေးတယ်။
ပထမ alarm က total discharge volume ကို reset မလုပ်ထားလို့ ဖြစ်နိုင်ပါတယ်။ set point ဝင်ကြည့်တော့ 1000 liter. Total oil discharge value က 1300 liter ကျော်တယ်။ reset လုပ်လိုက်တော့ 0 liter. အဲဒီ Alarm ပျောက်သွားတယ်။ ပုံမှန်က voyage တစ်ခုတိုင်းမှာ မစခင် ဒီဟာကို reset လုပ်ရမှာပါ။
နောက်တစ်ခုက printer paper roll ကိုကြည့်တော့ အသစ်နီးပါး ရှိသေးတယ်။ ဒီ printer က တစ်ကယ့် စက္ကူထု ကို detect လုပ်တာမဟုတ်ဘူး။ စက္ကလိပ် အသစ်လဲယင် reset လုပ်ပေးရတယ်။ အဲဒီကစပြီး သူ print ထုတ်တဲ့ record အရေအတွက်နဲ့ စက္ကူ အရှည် တွက်ပြီး  < ၅% လောက် ကျန်ယင် alarm ထုတ်ပေးတာ။ အယင် စက္ကူလဲတုန်းက reset မလုပ်ထားလို့ဖြစ်မယ်။ reset လုပ်လိုက်တော့ alarm တွေ တစ်ခုမှ မရှိတော့ဘူး။ System functionality စစ်ကြည့်ဖို့ဘဲ ရှိတော့တယ်။
ပထမ OB နဲ့ return valve mechanism ကောင်းမကောင်းစမ်းပါမယ်။ CCR panel မှာ manual override switch တစ်ခုရှိပါတယ်။ အဲဒီခလုတ်က program ကြောင့် OB valve ပေးမဖွင့်ယင်တောင် override လုပ်ပြီး ဖွင့်တဲ့ခလုတ်ပါ။ အကူတစ်ယောက်ကို pump room ထဲသွားကြည့်ခိုင်းပြီး manual ခလုတ်နဲ့ ဖွင့်/ပိတ်လုပ်ကြည့်ပါတယ်။ ခလုတ်ဖွင့်ယင် OB discharge valve ပွင့်ပြီး Return valve (to slop tank) ပိတ်ပါတယ်။ ခလုတ်ပိတ်ယင် OB discharge valve ပိတ်ပြီး return valve ပွင့်ပါတယ်။ ဒါ ပုံမှန်ပါ။ ဒါဆိုယင် valve mechanism နဲ့ pneumatic control ကောင်းတယ်ပေါ့။
ဒါပေမယ့် OB valve အဖွင့်အပိတ်ပြတဲ့ မီးက မပြောင်းဘူး။ feedback unit ဒုက္ခပေးနေပြီပေါ့။ ပုံမှန်အားဖြင့် pneumatic control valve တွေမှာ feedback unit ကို OB valve မှာတပ်လေ့ရှိပါတယ်။ return valve မှာမတပ်ပါဘူး။ hydraulic control valve ဆိုယင်တော့ hydraulic panel မှာ feedback unit ထားတတ်ပါတယ်။
Pump room ထဲဆင်း OB valve မှာကြည့်တော့ feedback unit ကလည်း pneumatic valve သေးသေးလေး တစ်ခု။ အဝင်ပိုက်(tubing) တစ်ချောင်း အထွက်ပိုက်တစ်ချောင်း။ အဝင်ပိုက်ဖြုတ်ကြည့်တော့ လေ pressure ရှိနေတယ်။ valve လည်သွားယင် mechanically actuate ဖြစ်ပြီး အထွက်ပိုက်မှာလေထုတ်ပေးမှာ။ OB valve ကို manual ဖွင့်ခိုင်းပြီး အထွက်ပိုက်ဖြုတ်ကြည့်တော့ လေမထွက်လာဘူး။ ပြုတ်နေ၊ လွတ်နေတာလည်း မရှိ။ ဒီunit မကောင်းဘူးပေါ့။ ရုံးကိုဖုန်းဆက်ပြီး အဝယ်ခိုင်းထားလိုက်တယ်။
အထွက်ပိုက်လေးကို drawing နဲ့ လိုက်ကြည့်တော့ CCR ထဲမှာ pressure switch နဲ့ ဆက်ထားတာ တွေ့ရတယ်။ အဲဒီ pressure switch ကို hand pump လေးနဲ့ ထိုးစမ်းကြည့်တော့ 2 bar လောက်မှာ switch trigger ဖြစ်သွားတယ်။ contact တိုင်းကြည့်တော့ အလုပ်လုပ်တယ်။ ဒါပေမယ့် panel မှာ OB valve status မီး မလင်းသေးပြန်ဘူး။
ဘာကျန်သေးလဲ။ ဒီ pressure switch အထွက်ကို computer unit ထဲ ပြန်ထည့်ထားတာဘဲ။ program ကြောင့်လား။ မကြေနပ်လို့ ကြိုးလိုက်ကြည့်တော့ တွေ့ပြီပေါ့ တစ်လွဲ။ ဒီကြိုးကို ဖြုတ်ထားတယ်။ Computer unit အဝင် terminal မှာ ကြိုး ၂ စထည့်ပြီး switch တစ်ခုနဲ့ ဆက်၊ အဲဒီ switch ကို စားပွဲအောက်မှာ ဝှက်ဆင်ထားတယ်။
တော်လိုက်တဲ့ ဆရာတွေ၊ surveyor ကို လိမ်ပြီး ပြဖို့ လုပ်ထားတဲ့ပုံစံရှိတယ်။ ခလုတ်နဲ့ valve status မီးကို ကစားပြမှာပေါ့။ စကားမစပ် ဒီသင်္ဘောက အင်ဒို အလံနဲ့ အင်ဒိုထဲမှာပြေးနေတဲ့ tanker. အဲဒီမှာ စစ်ဆေးရေးက သိပ်မတင်းကြပ်လို့ထင်ရဲ့။
နောက် feedback unit လေးရလာတဲ့နေ့ သွားတက်ပါတယ်။ ပျက်နေတဲ့ ပစ္စည်းလဲ၊ pressure switch အထွက်ကြိုးကို computer unit မှာပြန်ဝင်၊ သူတို့ခလုတ်ဖြုတ်ချ၊ ပြန်စမ်းကြည့်ပါတယ်။ manual ဖွင့်/ပိတ် အကုန်အလုပ်လုပ်ပါပြီ။ မီးလုံးလည်း မှန်သွားပြီ။
Self test diagnosis မှာ error မရှိတဲ့အတွက် Measure Cell နဲ့ converter module ကာင်းတယ် လို့ယူဆပါတယ်။ operation mode မှာ sample pump လည်ပါတယ်။ ဒီတော့ pump ကောင်းတယ်ပေါ့။ sample water circulation မကောင်းယင် differential pressure switch က feedback ပေးလို့ error ပြမှာပါ။ dry dock ထဲမှာဖြစ်တဲ့အတွက် တစ်ကယ့် sample water နဲ့ flow မစမ်းနိုင်တော့ flow meter ကို စစ်မကြည့်နိုင်ခဲ့ပါဘူး။ သင်္ဘောထွက်ယင် monitor လုပ်ဖို့ ကုန်းချုပ်ကိုမှာခဲ့ရပါတယ်။
Simulation Test လုပ်ဖို့ဘဲကျန်ပါတော့တယ်။
Manual input မှာ သင်္ဘော speed 10 knot/hr, oil content 300 ppm, flow rate 1000 lit/hr ထည့်လိုက်တော့ discharge rate 30 lit/ nautical mile ပြပါတယ်။ Alarm တက်လာပြီး OB discharge valve ကိုပိတ်လိုက်ပါတယ်။ oil content ကို 270 ppm ပြောင်းလိုက်တော့ discharge rate 27 liter/ nautical mile ပြပါတယ် OB valve လည်း ပွင့်ပါတယ်။ printer ကလည်း event တိုင်းကို print ထုတ်ပေးနေပါတယ်။
စာတော့ ရှည်နေပြီ။ ODME (Oil Discharge Monitoring Equipment) ရဲ့ Discharge rate တွက်ပုံလေး နည်းနည်း ပြောပြချင်ပါသေးတယ်။ ဒီစံနစ်က tanker တွေမှာ ဆီပါတဲ့ရေတွေ ပင်လယ်ထဲထင်သလိုမစွန့်ပစ်အောင် MARPOL ရဲ့ ထိန်းချုပ်မှု တစ်ခုပါ။ သင်္ဘော speed၊ စွန်ပစ်တဲ့ flow rate နဲ့ oil content အရ ဒီ formula နဲ့တွက်တာပါ။

Discharge Rate = ( ppm x flow rate) / ( ship speed x 1000)

ရေမိုင်တစ်မိုင်အတွင်း စွန်ပစ်တဲ့ ဆီ ၃၀ လီတာ ထက်မပိုအောင် ရေထုတ်နှုံး၊ သဘောင်္အမြန်နှုံးနဲ့ ဆီပါဝင်နှုံး တွက်ပေးတာပါ။
ခရီးစဉ်တစ်ခုအတွင်း Total oil discharged ဟာ  Tanker capacity ရဲ့ ၃၀၀၀၀ ပုံ ၁ ပုံ ထက် မပိုရဘူး လို့ MARPOL က သတ်မှတ်ထားပါတယ်။
နောက်ဆုံး အားလုံးစမ်းပြပြီး အဆင်ပြေသွားတယ်ပေါ့ဗျာ။

No comments:

Post a Comment