Tuesday 25 February 2020

Main Engine Control (9) - Cannot Transfer Port Bridge Control

ဒီတစ်ခါတော့ Bunker barge တစ်စီးမှာပါ။ သင်္ဘောရဲ့ ME Control ကို Bridge ဆီ Transfer လုပ်မရဘူးပြောပါတယ်။ အင်ဒို စက်ချုပ်က ECR ထဲမှာ လိုက်ပြပါတယ်။
Control က Yanmar ရဲ့ control ပါ။ ဒီသင်္ဘောမှာလည်း အင်ဂျင် နှစ်လုံး ရှိပါတယ်။ Engine Control ကို ECR ထဲကနေ selector switch လေးနဲ့ ရွေးပေးရပါတယ်။ အခုပြဿနာဖြစ်တာက Port ဆိ​ုတော့ ကောင်းနေတဲ့ Stbd နဲ့ စမ်းပြပါတယ်။ 
Selector switch ကို Wheel House ကို ရွှေ့လိုက်တော့ Control Transfer indicator နေရာမှာ WH မီးလုံးလေး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေပါတယ်။ Bridge ပေါ်က တစ်ယောက်ကနေ Confirm လုပ်လိုက်တော့မှ မီးလုံက ငြိမ်ပြီးလင်းနေပါတယ်။ Port Control မှာတော့ မီးလုံးက blink ဖြစ်နေပြီး ရပ်မသွားတော့ဘူး ပြောပါတယ်။ WH ရဲ့ acknowledgement ခလုတ်ကို မသိဘူး ဖြစ်နေတဲ့ သဘောပါ။ လောလောဆယ်တော့ စက်ချုပ်က မောင်းလို့ရအောင် ကျော်ထားတယ်တဲ့။ ဘယ်လို ကျော်တယ်ဆိုတာ လိုက်ပြပါတယ်။ ER ထဲက နံရံမှာ လေပိုက်တွေနဲ့ Solenoid တွေ တွေ့ပါတယ်။ ဘေးနားက junction box ကို ဖွင့်ပြပါတယ်။ အထဲမှာ terminal block နဲ့ wire ကြိုးတွေဆက်ထားပါတယ်။ အဲဒီထဲက အဝင် ကြိုးနှစ်ချောင်း ဖြုတ်ပြီး တစ်နေရာက ကြိုး နှစ်ချောင်း loop လုပ်ပြီး ဆက်ထားတာ တွေ့ရပါတယ်။ အဲဒါ စက်ချုပ်က သူလုပ်ထားတာတဲ့။ Control transfer လုပ်လိုက်ရင် အဲဒီ solenoid ဆီ power ရောက်ရမယ်တဲ့။ Port အတွက် Solenoid ဆီ power မရောက်လို့ Stbd Solenoid အတွက် Power ကြိုးနှစ်ချောင်းကို loop လုပ်ပြီး Port solenoid မှာ လာပေးထားတာပါ။ လောလောဆယ် Bridge Control နဲ့ Engine မောင်းချင်ရင် Stbd Control transfer ကို Bridge ပေးလိုက်တာနဲ့ Port ရော Stbd နှစ်ဘက်လုံးကို မောင်းလို့ ရတယ် ဆိုပါတယ်။
ဒါက လက်ရှိ အခြေအနေပါ။ ပြဿနာရဲ့ အဖြေ မရှာခင် System အလုပ်လုပ်ပုံ နားလည်အောင် အရင် လိုက်ကြည့်ပါတယ်။
ဒီသင်္ဘောမှာ Remote control ကို pneumatic နဲ့ လုပ်ထားပါတယ်။ Main air line ကို စောစောက Solenoid တွေနဲ့ ဖွင့်ပိတ်လုပ်ပြီး Bridge ကို ပို့လိုက်ပါတယ်။ Bridge မှာရှိတဲ့ Control Handle အောက်ဘက်မှာ အဲဒီလေပိုက်က ဝင်ပါတယ်။ ပြီးမှ Handle position အလိုက် Ahead / Astern ၊ လေ pressure အနည်းအများ ကို အထွက်ပိုက်တွေနဲ့ Engine ကို control လုပ်ပါတယ်။ ဒီတော့ Handle အဝင် လေရမှ control လုပ်နိုင်မှာမို့ စောစောက solenoid မှာ power ရဖို့ လိုပါတယ်။ Solenoid အထွက်နားက pressure switch တစ်ခုစီက control transfer successful ဖြစ်မဖြစ် feedback signal ပြန်ပေးပြီး blink ဖြစ်နေတဲ့ မီးလုံးကို ငြိမ်အောင် လုပ်ပေးတာပါ။
လိုအပ်တဲ့ Drawing တွေရှာ ဖတ်ပြီး Bridge မှာ စစ်ကြည့်ပါတယ်။ ဖြစ်နိုင်ချေ သိပ်များများ မရှိပါဘူး။ Confirm လုပ်ပေးမယ့် ခလုတ် မကောင်းလို့လား၊ Confirm အတွက် Relay RY263 ဆိုတာ မကောင်းလို့လား။ သူ့အတွက် လမ်းကြောင်းမှာ တစ်ခုခု ဖြတ်ထားလို့လား။ တစ်ခုစီ စစ်ကြည့်ရပါမယ်။ 
အလွယ်ဆုံးဖြစ်တဲ့ ခလုတ်ကို Continuity တိုင်းပါတယ်။ Open ပြပါတယ်။ နှိပ်လိုက်တော့ Close ဆိုတော့ ခလုတ်ကောင်းတယ်ပေါ့။ နောက်တစ်ခုစစ်ဖို့ RY263 relay ကို လိုက်ရှာရပါတယ်။ နောက်ဆုံး WH console အောက်ခြေဘေးနံရံမှာ တွေ့ပါတယ်။ ဒီတစ်ခါ ECR ကနေ control transfer လုပ်ခိုင်းလိုက်ပါတယ်။ Buzzer မြည်သံကြားရပြီး Confirm ခလုတ်ထဲက မီးလေး blink ဖြစ်နေပါတယ်။ Confirm ခလုတ်နှိပ်ပေမဲ့ ငြိမ်မသွားပါဘူး။ RY263 relay ကပ်မသွားပါဘူး။ Confirm ခလုတ် အဝင်ကို (-ve) ကနေ Voltage လှမ်းတိုင်းကြည့်တော့ 24V DC ရှိပါတယ်။ Circuit ပြန်ကြည့်တော့ Confirm ခလုတ်နဲ​့ Coil ကြားထဲမှာ RY2N ဆိုတဲ့ NO contact တစ်ခု ရှိနေပါတယ်။ အဲဒီ RY2N relay အဝင်မှာ Limit switch နှစ်ခု (NC) Series ချိတ်ထားပါတယ်။ Control handle အောက်က Neutral position မဟုတ်ရင် activate လုပ်ပေးတဲ့ limit switch နှစ်ခုပါ။ သိချင်တာနဲ့ အဲဒီ limit switch နှစ်ခုကို crocodile clip လေးနဲ့ခွပြီး ကျော်လိုက်ပါတယ်။ အဲဒီတော့ RY2N active ဖြစ်သွားပါတယ်။ Confirm ခလုတ်လေး နှိပ်လိုက်တော့ RY263 ဆွဲသွားသလို Blink မီးလုံးလေး ငြိမ်သွားပါတယ်။ Buzzer သံလည်း ပျောက်သွားပါပြီ။ ဒါဆို ရသွားပြီပေါ့။ သေချာအောင် နောက်တစ်ခေါက် ပြန်စမ်းပါတယ်။ Control transfer လုပ်ပြီးတာနဲ့ ER ထဲ ဆင်းသွားပြီး စောစောက စက်ချုပ် ကျော်ထားတဲ့ Port Side solenoid အတွက် ကြိုးနှစ်စမှာ voltage တိုင်းကြည့်တော့ 24V DC ထွက်နေပါပြီ။
ဒီတစ်ခါ limit switch နှစ်ခုထဲက မကောင်းတာတော့ သိရပြီ ခက်တာက အဲဒီ switch တပ်ထားတဲ့ နေရာက ထိဖို့ ဖြုတ်ဖို့ မလွယ်တဲ့ ကြားထဲမှာ ဖြစ်နေပါတယ်။ Pneumatic type ဆိုတော့ Control Handle က လေပိုက်တွေနဲ့ တစ်ဆက်ထဲ ဖြစ်နေလို့ ဖြုတ်ရတာ ပိုခက်ပါတယ်။ မတတ်နိုင်ဘူး စက်ချုပ်နဲ့ နှစ်ယောက်သား Handle အပေါ်ကနေ တစ်ခုစီ သတိထား ဖြုတ်ထုတ်တော့ Limit switch နှစ်ခု ထိုင်ထားတဲ့ plate ထွက်လာပါတယ်။
တိုင်းကြည့်တော့ Switch နှစ်ခုလုံး NC contact တွေ သိပ် မထိတော့ပါဘူး။ သင်္ဘောပေါ်မှာ Spare မရှိလို့ နောက်မှ လဲဖို့ အကြံပေးခဲ့ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၂၆-၂-၂၀၂၀

No comments:

Post a Comment