Sunday 16 February 2020

Boiler (6-b) - Muira Z Feed Water Auto mode not working

ဟိုနေ့က ပြဿနာရဲ့ အဆက်လေး ပြန်လာပါပြီ။ ဒီတစ်ခါ Auto Fire တော့ရပြီ။ Auto Feed Water မရသေးဘူး။ ရေကို Manual နဲ့ မောင်းနေရတယ်။ ဓာတ်ကြိုးညီလေး ပြောပြတာက အရင် PLC အသစ် လဲပြီးစ စမ်းတုန်းက Pump 2 မှာ Stand by မီးလင်းသေးတယ် ပြောပါတယ်။ အခုတော့ Auto Mode မှာ Standby မီးလည်း မလင်း Run လည်း မလာပါဘူး။ ရေ level ကို လျှော့ ချခိုင်းကြည့်တော့ Low Level Alarm နဲ့ Low Low Level Alarm လာပြီး Boiler shut down ဖြစ်သွားပါတယ်။ Safety အပိုင်းကလည်း အလုပ်လုပ်တယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ Feed water pump ကတော့ အလုပ်မလုပ်ပါဘူး။

ဒီ boiler ရဲ့ ရေ level နဲ့ ပတ်သတ်တဲ့ စနစ်လေး မြင်သာအောင် ပြောပြချင်ပါတယ်။ ရေ level တိုင်းတဲ့ စနစ် နှစ်ခု ရှိပါတယ်။ တစ်ခုက Differential pressure transmitter သုံးပြီး Tank ထဲက တစ်ကယ့် ရေ level ကို တိုင်းပါတယ်။ ပြီးရင် ECR ထဲက Display unit မှာ Level ပြပေးပါတယ်။ သူက Display သက်သက်ပါ။ Control အပိုင်း ဘာမှ မလုပ်ပါဘူး။ 
နောက်တစ်ခုက Boiler ဘေး တစ်ဘက်စီမှာ ရှိတဲ့ sight glass tube နှစ်ခုမှာ တပ်ထားတဲ့ level probe နှစ်ခုပါ။ Probe တစ်ခုမှာ အနိမ့်အမြင့် မတူတဲ့ သတ္တုချောင်း ၅ ချောင်းစီ ရှိပါတယ်။ အဲဒီ probe နှစ်ခုရဲ့ sensing signal တွေကို level တစ်ခုစီအတွက် series ဆက်ပြီး Level controller LM1-200 ဆီပို့ပေးပါတယ်။ LM1-200 ကနေ PLC ဆီ input signal ပြန်ပေးထားတာပါ။

ဒီတော့ ဖြစ်နိုင်ချေ ၃ ခု ရှိပါတယ်။ Probe မကောင်းတာလား၊ LM1-200 controller မကောင်းတာလား၊ PLC program ကြောင့်လား တစ်ခုခုပါ။ ရေ ဖေါက်ချတဲ့အချိန် L/LL alarm လာတဲ့အတွက် probe နဲ့ controller ကတော့ အတိုင်းအတာ တစ်ခုအထိ ကောင်းပါလိမ့်မယ်။ 

အဲဒီအချိန်မှာ ကျွန်တော် ခရီးတစ်ခု သွားရမှာမို့ ထားခဲ့ရပါတယ်။ ကျန်တဲ့ညီလေးတွေကို ဆက်စစ်ဖို့မှာခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေမှာ relay logic နဲ့ အပြင်က Modify လုပ်ရင် လုပ်လို့ရအောင် circuit လေး ဆွဲပေးခဲ့ပါတယ်။
နောက် နှစ်ရက်လောက် အကြာ ကျွန်တော် ပြန်လာတော့ အခြေအနေ မထူးသေးပါဘူး။ Modified Circuit တွေလည်း မလုပ်ထားသေးပါဘူး။ ဒါနဲ့ ပထမဆုံး PLC program ကို အရင် စစ်ကြည့်ပါတယ်။ Simulation input တွေ ပေးကြည့်ပြီး စမ်းပါတယ်။ အဲဒီမှာ PLC ladder diagram ထဲက Pump 2 အတွက် Control တစ်ခုမှာ coil (actuator) က normally inactive -(  )- မဟုတ်ပဲ၊ normally active -(/)- ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီအမှားကို ပြင်လိုက်ပေမဲ့ မရသေးပါဘူး။ အဲဒီ program ထဲမှာ သုံးထားတဲ့ shift register ရဲ့ function ကို နားမလည်လို့ ပြန်ဖတ်ရပါတယ်။ ထူးထူးဆန်းဆန်း ဒီနည်းနဲ့ Control လုပ်ထားတဲ့ program မို့ ပြန်ဖေါက်သည်ချပါဦးမယ်။ (PLC program မတတ်သေးတဲ့သူတွေလည်း သည်းခံဖတ်ကြည့်ပါ။)
အဲဒီ Shift Register ရဲ့ အလုပ်လုပ်ပုံက Store input က ဝင်တဲ့ Data တွေကို Buffer memory ထဲမှာ သိမ်းထားပါတယ်။ ပြီးမှ Retrieve လုပ်ရင် First In First Out (FIFO) ဒါမှမဟုတ် Last In First Out (LIFO) အစီအစဉ်အရ တစ်ခုစီ ပြန်ထုတ်ပေးပါတယ်။ နောက်.. buffet empty နဲ့ buffer full ပြတဲ့ flag out put နှစ်ခု ရှိပါတယ်။ 
အခု ဒီ pump control မှာတော့ interlock signal တွေ ဖြစ်တဲ့ (pump 1 အတွက်ဆိုရင် pump 2 ရဲ့ run signal ၊ pump1 overload signal ၊ water high level) အစရှိတဲ့ signal တွေကို parallel ဆက်ပြီး Store input အနေနဲ့ ထည့်ပေးပါတယ်။ Start button က signal ကိုတော့ Retrieve input မှာ ထည့်ထားတယ်။ Empty Buffer output ကိုတော့ pump ready coil မှာ ထုတ်ပေးထားပါတယ်။ ဒီတော့ buffer ထဲမှာ interlock signal memory မရှိတော့မှ ready signal ရမှာပါ။ 
ရှေ့မှာ interlock signal က တစ်ခုပဲရှိရင်တော့ Pump start button တစ်ချက်နှိပ်လိုက်တာနဲ့ pump run (သို့) stand by မီး လင်းတာပေါ့။ interlock signal တွေ တစ်ခုမက memory ထဲရောက်နေရင်တော့ မကုန်မချင်း start button ကို အကြိမ်ကြိမ်နှိပ်ပြီး Retrieve လုပ်ပေးနေရမှာပါ။ Buffer မှာ ကုန်သွားမှ Standby မီးလင်းလာမှာပါ။ ဘာလို့ ဒီလို logic နဲ့ ရေးထားတယ် ဆိုတာတော့ မသိပါဘူး။ simulation စမ်းကြည့်ပါတယ်။ ဒါဆိုရင် PLC program အပိုင်းက အဆင်ပြေပြီလို့ ပြောနိုင်ပါတယ်။
တစ်ခါ level probe နဲ့ LM1-200 က output တွေကို စမ်းပါတယ်။ ရေဖေါက်ချ၊ ပြန်ဖြည့်ပြီး ပြောင်းသွားတဲ့ signal တွေကို ကြည့်ပါတယ်။ ( Sight glass tube ကိုပဲ valve ဖွင့်၊ ပိတ်လုပ်ပေးတာမို့ လွယ်ပါတယ်။) L , LL signal တွေ ပုံမှန် အလုပ်လုပ်ပေမဲ့ High level အတွက် ဘာ signal မှ မလာပါဘူး။ ပြန်ကြည့်တော့ High level signal က LM1-200 ဆီမသွားပဲ 61-FGP-NT ဆိုတဲ့ နောက်ထပ် level controller လေးနဲ့ သုံးထားပါတယ်။ အဲဒီ controller မကောင်းတာလား Probe က high level မှာ မရောက်တာလား သေချာအောင် Probe signal ကို short လုပ်ပြီးပေးတော့ high level output ထွက်ပါတယ်။ Airlock ဖြစ်လို့လား ဆိုပြီး sight glass tube ကို drain down လုပ်၊ ရေဖြည့်။ Manual pump မောင်းပြီး ရေ level မြင့်တာသေချာလုပ်လည်း မရပါဘူး။ Level Probe ဒုက္ခပေးတာပါ။ 
လက်ရှိအတိုင်း စမ်းကြည့်တော့ Auto feed water pump တွေ အလုပ်လုပ်သွားပါပြီ။ Low level ရောက်ရင် Cut in ဝင်ပြီး လည်ပါတယ်။ ပြဿနာက High level ရောက်ရင် ဖြတ်မချနိုင်ပါဘူး။ Internal timer ၃ မိနစ်ရောက်ရင်တော့ ဖြတ်မှာပါ။ 
Super နဲ့ စက်ချုပ်ကို ခေါ်ပြပြီး probe အသစ်မှာဖို့ ပြောတော့ Super က Probe မလဲပဲ တစ်ခြားနည်းနဲ့ high level ဖြတ်နိုင်အောင် လုပ်ပေးပါပြောပါတယ်။ ဒါနဲ့ နောက်တစ်နည်း ECR သွားတဲ့ Level display circuit ရဲ့ 4-20 mA signal ကို PR controller 4116 တစ်ခုသုံးပြီး အစားထိုး ပေးလိုက်ပါတယ်။ အားလုံး ပြေလည်သွားတယ်လို့ ပြောပါတော့။
တစ်ကယ်တမ်း surveyor ပြတဲ့အချိန် ချွေးပြန်စရာ ပြဿနာတွေ ကြုံရပါသေးတယ်။ တစ်ခုက booster pump pressure မငြိမ်တာ။ နောက် Flame Eye relay က flicker ဖြစ်နေတာ။ မရိုးရအောင်ပါ။ ဓာတ်ကြိုးလေးနဲ့ crew တွေဝိုင်းကူပြီး surveyor ပြလို့ရအောင် မနည်း လုပ်ခဲ့လိုက်ရပါတယ်။ 
​ Booster pump ကတော့  filter လဲ၊ service လုပ်ဖို့ လိုပါမယ်။ Flame eye က မီးရောင် အဝါတောက်တောက်ဆိုရင် အဆင်ပြေတယ်။ မီးရောင် ကစားရင် output မငြိမ်ပါဘူး။ အရမ်း sensitive ဖြစ်နေပါတယ်။
နောက်ပြန်မေးကြည့်တော့ ရှေ့က Technician က Original sensor မရလို့ ရတဲ့ LDR sensor တစ်ခုကို အဟောင်း sensor body မှာ လဲထည့်ထားတယ် ဆိုပါတယ်။ သူ့ spec အရ Cadmium Sulphide (CdS) sensor သုံးရမှာဖြစ်ပြီး၊ 12k ohm မှာ Off ၊ 10k ohm အောက်ဆို On ပါတယ်။ ထည့်ထားတဲ့ LDR နဲ့ သေချာ match မဖြစ်တာ ဖြစ်နိုင်ပါတယ်။ စင်္ကာပူမှာ Maker ဆီက original sensor မှာပြီး ပို့ပေးဖို့ စီစဉ်ခဲ့ပါတယ်။ 

ရှေ့တစ်ပိုင်းအပြီး မိတ်ဆွေတချို့ မေးကြတာက PLC program ဘယ်လို ဝင်ပြင်လဲ၊ ဘာ software သုံးလဲ၊ Password lock လုပ်မထားဘူးလား ဆိုတာတွေပါ။
ပုံမှန်အားဖြင့် Maker ရေးတဲ့ program တွေဆိုရင် ကျွန်တော် ဝင်မပြင်ပါဘူး။ ဝင်လို့မရအောင်လည်း password နဲ့ lock လုပ်ထားလေ့ရှိပါတယ်။ အခုဟာက ကျွန်တော်ကူပေးရတဲ့ ကုမ္ပဏီက တစ်ယောက် ရေးထားတာမို့ သံသယဖြစ်လို့ ဝင်ကြည့်တာပါ။ သူက lock လုပ်မထားပါဘူး။ လိုအပ်ရင် သူ့ဆီက password လှမ်း တောင်းလို့ရပါတယ်။
PLC ကို connect လုပ်ဖို့ သုံးတဲ့ PLC နဲ့ match ဖြစ်တဲ့ အထူး software သုံးရသလို သူ support လုပ်တဲ့ အထူးကြိုး သုံးရပါတယ်။ အခု PLC က Schneider M221 ဆိုတော့ EcoStruxure software နဲ့ Schneider ရဲ့ Micro USB cable သုံးပြီး ချိတ်ဆက်ပါတယ်။ ကြိုးနဲ့ software က အဲဒီ ကုမ္ပဏီက အလွယ်တကူ ရလို့ အဆင်ပြေသွားတာပါ။

ဝင်းအောင် (ပခုက္ကူ)
၁၆-၂-၂၀၂၀


No comments:

Post a Comment