Sunday 23 February 2020

Main Engine Control (8) - Port Side Remote Control not Working

ပြဿနာကတော့ ရိုးရိုးလေးပါ။ Main Engine Control အကြောင်း ပြောစရာကြုံတာနဲ့ ပြောလိုက်တာပါ။ Tanker တစ်စီးမှာ Main Engine Control Ahead မရလို့ သွားကြည့်ရပါတယ်။ ဒီသင်္ဘောမှာ Engine နှစ်လုံး ရှိပါတယ်။ အခု ပြဿနာတက်နေတာက Port Side ဘက်ကပါ။ Bridge ကနေ မောင်းရင် အလုပ်မလုပ်ဘူး။ Local ကတော့ အလုပ် လုပ်တယ် ပြောပါတယ်။
ပထမဆုံး သုံးထားတဲ့ စနစ်ကို ကြည့်ပါတယ်။ Bridge ကနေ Lever ကို ကစားလိုက်ရင် Ahead / Astern ကို 24V electrical signal နဲ့ ပေးပါတယ်။ ပြီးမှ Engine ဘေးမှာ ရှိတဲ့ Pneumatic box ထဲက solenoid တွေကို ဖွင့်ပိတ်လုပ်ပြီး လေအားကို ပိုက်သုံးချောင်းနဲ့  gear box ဆီပို့ပေးပါတယ်။ Ahead တစ်ချောင်း၊ Astern တစ်ချောင်း နဲ့ Common return တစ်ချောင်းပါ။ အဲဒီ လေတွန်းအားနဲ့ Actuator block မှာ Gear oil / hydraulic line ကို ဖွင့်၊ ပိတ် လုပ်ပြီး Ahead သို့ Astern ရွေး ပေးပါတယ်။ 
Speed / governor control အတွက်က နောက် တစ်ပိုင်းပါ။ IP converter နဲ့ pneumatic proportional valve သုံးထားပါတယ်။ အခု ahead /astern တောင် ပြောင်းလို့ မရဘူးဆိုတော့ gear box အဝင် အပိုင်းကို အဓိကထား စစ်ပါမယ်။ 
Pneumatic box ရဲ့ ကျောဘက်မှာ Local control box တစ်ခု ရှိပါတယ်။ အဲဒီမှာတော့ လျှပ်စစ်အပိုင်း မပါပဲ လေလိုင်းတွေကို manual control valve တွေနဲ့ bridge / local / Off ရွေးတာ၊ ahead / neutral / astern ရွေးတာတွေ လုပ်ပေးနိုင်ပါတယ်။ သူ့ဆီက pipe တချို့ pneumatic box ဘက် ဝင်သွားပြီး အဲဒီဘက်မှာ solenoid တွေနဲ့ remote control လုပ်ထားပါတယ်။ အစဆုံး Engine မမောင်းပဲ စမ်းပါတယ်။ Bridge control ပေးလိုက်တာနဲ့ အဝင် လေပိုက်လိုင်းက pneumatic box ဆီ ဝင်လာပါတယ်။ အဲဒီမှာ main solenoid တစ်ခုက ဖွင့်ပေးပြီး solenoid အထွက်မှာ pressure switch တစ်ခုနဲ့ လေ ရ၊မရ စစ်ပါတယ်။ မရင် Control Air Missing Alarm ပေးပါမယ်။ အခု အဲဒီ solenoid အလုပ်လုပ်သွားတာရယ်၊ control air alarm မထွက်တာရယ်ကြောင့် confirm လုပ်လိုက်ပါတယ်။ လိုအပ်တဲ့ လေ pressure အပြည့် အဲဒီအထိ ရောက်နေပါပြီ။


အဲဒီနေရာကနေ T-joint နဲ့ လေပိုက် နှစ်ခု ခွဲထွက်သွားပါတယ်။ တစ်ခုက Ahead ၊ နောက်တစ်ခုက Astern ဆိုပြီး solenoid တစ်ခုစီနဲ့ ထိန်းချုပ်ပါတယ်။ ဒီတော့ Bridge ကနေ Ahead ရွှေ့ခိုင်းလိုက်ပါတယ်။ Ahead solenoid မီးလင်းသွားပါတယ်။ Gear box ဆီသွားကြည့်တော့ Actuator block က မရွေ့ပါဘူး။ ဒါနဲ့ Solenoid အထွက် လေပိုက် အဆက်တစ်ခု ဖြုတ်ကြည့်တော့ လေမထွက်ပါဘူး။ တစ်ခါ သေချာအောင် solenoid အဝင် power တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ထပ်ပြီး သေချာအောင် solenoid အဝင် လေပိုက်ကို နည်းနည်း လျော့ဖွင့်ကြည့်တော့ လေရှိနေပါတယ်။ ဒါဆို Solenoid မကောင်းတာ သေချာပါတယ်။
နောက်တစ်ခါ Astern ကို ရွှေ့ကြည့်တော့ အလုပ်လုပ်ပါတယ်။ Actuator block လည်း ရွေ့သွားတာ တွေ့ရပါတယ်။
ကြားဖြတ်ပြောချင်တာက Direction feedback ပါ။ တချို့ သင်္ဘောတွေမှာတော့ ahead / astern solenoid တွေရဲ့ အထွက်မှာ Pressure switch တစ်ခုစီနဲ့ direction feedback ပေးပါတယ်။ ဒီမှာတော့ actuator block က ထွက်တဲ့ Hydraulic line မှာမှ pressure switch တစ်ခုစီ တပ်ထားပါတယ်။ အဲဒီ pressure switch တွေ မှန်မှန်ကန်ကန် activate မလုပ်ရင် Wrong Direction alarm ပေးပါတယ်။
ထားပါတော့။ အခု သင်္ဘောမှာ မေးကြည့်တော့ Spare solenoid ရှိတာနဲ့ လဲလိုက်ပါတယ်။ စက်ချုပ်ပြောတာက ahead ဘက်က Solenoid ကို သူတို့ လဲထားတာ မကြာသေးဘူး ဆိုပါတယ်။
ပြီးတာနဲ့ စက်မောင်းခိုင်းပြီး စမ်းကြပါတယ်။ Ahead - ရှေ့ဘက်လည်သွားတယ်။ အဆင်ပြေပါတယ်။ Neutral - ရပ်သွားတယ်။ Astern - နောက်ပြန်လည်တယ်။ Neutral - မရပ်ဘူး။ ဆက်လည်နေတယ်။ ဒါနဲ့ Actuator block မှာ သွားကြည့်တော့ မောင်းတံလေးက Astern position မှာပဲ ရှိနေပါတယ်။ လက်နဲ့ ဆွဲချလိုက်တော့ အလယ်ကောင် neutral ပြန်ရောက်သွားတယ်။ Shaft လည်တာလည်း ရပ်သွားတယ်။
သေချာအောင် တစ်ခေါက် ထပ်စမ်းတော့ အဆင်ပြေတယ်။ တတိယတစ်ခါမှာ ကပ်နေပြန်ပါတယ်။ အဲဒီ အချိန် astern solenoid အထွက် လေပိုက် ဖြုတ်ကြည့်တော့ Solenoid ဘက်က လေမထွက်တာ သေချာပါတယ်။
ဒါနဲ့ စက်ချုပ်ကို ပြောပြပါတယ်။ Actuator block က internal leak ဖြစ်တာလို့ ယူဆတယ်။ ဖြုတ်ပြီး Service လုပ်ဖို​့ လိုမယ်လို့။ အဲဒီအချိန် တရုတ် Super ကလည်း on board ရှိနေတော့ သူတို့ဖြုတ်ချပြီး service လုပ်ပါတယ်။ ပြန်တပ်ပြီး စမ်းကြတော့ ပိုဆိုးပါတယ်။ အရင်က တစ်ခါတလေမှ ကပ်တာ။ အခု အမြဲကပ်နေပါတယ်။ Astern မောင်းပြီးရင် Neutral ပြန်ချမရတော့ဘူး။ Super ကို မေးကြည့်တယ်။ သူ service လုပ်တုန်းက O-Ring တွေ အခြေအနေကောင်းလား ဆိုတော့။ နည်းနည်းတော့ ပြားနေတယ်တဲ့။ Spare မရှိလို့ ဒီအတိုင်း ပြန်တပ်လိုက်တယ် ဆိုပါတယ်။ 
ဒါပေမဲ့ Super ကလည်း ဘောလုံးပုတ်တာ တော်တယ်။ Local  mode ကိုပြောင်းပြီး သုံးတော့ ပုံမှန် အလုပ်လုပ်တယ်။ Remote control မှာ Solenoid နဲ့ လုပ်တော့မှ ရပ်လို့မရတာဆိုတော့ electrical ပိုင်းက တစ်ခုခု ကြောင့်လို့ ယိုးစွပ်ပါတယ်။ ကျွန်တော် ထပ်စစ်ကြည့်တော့ solenoid လေ အဝင်အထွက်ကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်နေ့မှ ပြန်တက်ဖို့ စီစဉ်ခဲ့ပါတယ်။
နောက်နေ့မှာ ကျွန်တော် Mechanical သမားတစ်ယောက် ခေါ်ခဲ့ပါတယ်။ Worksop မှာ Service လုပ်ထားတဲ့ actuator block တစ်ခုလည်း ယူခဲ့ပါတယ်။ သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ Super ရဲ့ သဘောတူညီချက် ယူပြီး Stbd ဘက်က Engine ရဲ့ Actuator block နဲ့ Port side က Actuator block ဖြုတ်လဲခိုင်းပါတယ်။ စက်နှိုးပြီး bridge control နဲ့ စမ်းကြည့်တဲ့အခါ Port Side Engine က ပုံမှန် အလုပ်လုပ်နေပြီး Stbd ဘက်က Astern သွားပြီး ပြန်ရပ်မရတော့ပါဘူး။ ဒါဆို ဒီ Actuator Block ကြောင့်ဆိုတာ သေချာ သွားပြီပေါ့။ Stbd ဘက်ကဟာကို သူ့မူရင်း ပစ္စည်း ပြန်တပ်ပေးလိုက်ပါတယ်။ Port Side ကိုတော့ ကျွန်တော်တို့ယူလာတဲ့ ပစ္စည်းနဲ့ တပ်ပြီး ပြန်စမ်းကြည့်ပါတယ်။ နှစ်ဘက်လုံး ပုံမှန် အလုပ်လုပ်တာ သေချာမှ ဖြုတ်ထားတဲ့ Actuator block ကို Workshop ပြန်ယူခဲ့ပါတယ်။ သင်္ဘော နောက်တစ်ခေါက်လာမှ Service လုပ်ပြီး ပြန်လဲဖို့ သဘောတူခဲ့ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၂၃-၂-၂၀၂၀

No comments:

Post a Comment