Friday 13 March 2020

Navigation Equipments (1) - Missing Gyro Signal

ကျွန်တော် Navigation Equipment တွေကို ပြင်လေ့ မရှိပါဘူး။ အဲဒီစနစ်တွေမှာ အသေးအမွှား  ပြဿနာတွေလောက်ပဲ ကိုယ် လုပ်ပေးနိုင်တာ။ တစ်ကယ်ဖြစ်လို့ Spare part လဲဖို့လိုတာ တော်တော်များများက Maker ကိုပဲ ပြန်ချဉ်းကပ်ရတာမို့ ကိုင်လေ့ မရှိပါဘူး။ ဒီပြဿနာလေးကတော့ တစ်ခြား ပြဿနာ လာရှင်းရင်း အကူအညီတောင်းလို့ ကြည့်ပေးခဲ့တာပါ။
ဒီသင်္ဘောရဲ့ ဓာတ်ကြိုး ညီလေးက လူချင်းမဆုံဖြစ်ပေမဲ့ online မှာ ရင်းနှီးနေတာ ကြာပါပြီ။ ဒါပေမဲ့ စီစဉ်ရင်း ရက်နောက်ကျသွားလို့ သူနဲ့ မတွေ့ခဲ့ရပါဘူး။ နောက်ရောက်တဲ့ ဓာတ်ကြိုးကြီးနဲ့ အကူ ကြိုးလေးကလည်း ရွှေတွေမို့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ 
ပြဿနာရဲ့ အစက Black out ဖြစ်တာက စတယ်လို့ ဆိုပါတယ်။ Black out ဖြစ်ပြီးနောက်ပိုင်း Radar နဲ့ ECDIS မှာ Gyro signal မရတော့တာလို့ ပြောပါတယ်။ ရှေ့ပိုင်းမှာ သူတို့ လိုက်ကြည့်ထားတာမို့ တော်တော်များများ အချက်အလက်တွေ အလွယ်တကူ သိရပါတယ်။ 

ပထမ မြင်သာအောင် ပြောပြရရင် Gyro module က သင်္ဘောရဲ့ ပကတိ ဦးတည်ရာ အရပ် (Heading) ထုတ်ပေးပါတယ်။ အဲဒီ တန်ဘိုးကို AIS, ECDIS, Radar စတဲ့ တခြား စနစ်တွေက ယူသုံးကြပါတယ်။ ရှေ့မှာ စစ်ဆေးချက်အရ Gyro က ထွက်လာတဲ့ signal က Serial Communication signal ဖြစ်တဲ့ NMEA signal နဲ့ Buffer / amplifier unit တစ်ခုမှာ ကြိုး ၂ ချောင်းနဲ့ ဝင်ပါတယ်။ အဲဒီကနေ ကြိုး ၄ စုံလောက် ထွက်လာပြီး AIS , VDR နဲ့ ECDIS ကို တစ်စုံစီ ခွဲထွက်လာပါတယ်။ (ကျန်တဲ့ တစ်စုံ ဘယ်သွားတယ် မသိပါဘူး။)
ECDIS အဝင် မှ Parallel ကြိုးတစ်စုံနဲ့ Radar ကို ခွဲပေးထားပါတယ်။ လက်ရှိ အနေအထားအရ အဲဒီ system တွေမှာ Gyro Heading signal မရပါဘူး။ 
အစဆုံး buffer unit ကို အရင် စစ်ကြည့်ပါတယ်။ ထုံးစံအတိုင်း Power ကြိုးနှစ်ချောင်းကို တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ အဝင် Signal ကြိုး နှစ်ချောင်းကို volt တိုင်းကြည့်တော့ 1.6 V လောက် ရှိပါတယ်။ Voltage က ငြိမ်နေပါတယ်။ ဒါ ပုံမှန် မဟုတ်ပါဘူး။ အထွက်ကြိုးတွေမှာ 3 V ကျော်ကျော် ရှိပါတယ်။ အထွက်ကြိုးတွေရဲ့ Voltage ကလည်း မကစားပါဘူး။ တစ်ကယ်ဆို NMEA ဆိုတာ Serial communication signal ဖြစ်တဲ့အတွက် 0 / 1 ( on / off) signal တွေ တန်းစီပြေးနေတာဆိုတော့ တိုင်းကြည့်ရင် flicker ဖြစ်နေရမှာပါ။ Voltage အသေ ဖြစ်နေတော့ Data transmission မရှိတဲ့ လက္ခဏာပါ။  အဝင် signal က Gyro က လာတာ။ ဒါပေမဲ့ ကြိုးနံပါတ်မရှိ။ အသေးစိတ် ဘယ် terminal က ထွက်လာတာလည်း မသိ။ ရှာပုံတော် ဖွင့်ရပါတော့မယ်။ 
အဲဒီအချိန် အနားမှာ ကြည့်နေတဲ့ Super အစ်ကိုက Steering Console ဘေးမှာရှိတဲ့ indicator မှာ Gyro ကလာတဲ့ Heading signal ရှိနေတယ်။ အဲဒီ Signal ကို ယူသုံးကြည့်ဖို့ အကြံပေးပါတယ်။ လက်ရှိ အဲဒီ indicator မှာ Heading Signal အမှန်ပြနေပါတယ်။
ကျွန်တော်လည်း စမ်းချင်တာနဲ့ ကြိုး နှစ်ချောင်း ရှာပြီး Heading indicator က အဝင်နှစ်စကို buffer unit ဆီ ဆက်လိုက်ပါတယ်။ တိုင်းကြည့်တော့ Voltage flicker ဖြစ်နေတာမို့ data communication တော့ ရှိနေတာ တွေ့ရပါတယ်။ Buffer အထွက်မှာလည်း signal ရှိနေပါတယ်။ ဒါပေမဲ့ heading data ဘယ်မှာမှ မရသေးပါဘူး။ သေချာအောင် AIS ဆီသွားတဲ့ ကြိုးတစ်စုံကိုဖြုတ်ပြီး Heading indicator က ယူထားတဲ့ ကြိုး နှစ်ချောင်းနဲ့ တိုက်ရိုက် ဆက်ကြည့်ပါတယ်။ ဆိုလိုတာက buffer unit ကို bypass လုပ်ကြည့်တာပါ။ တစ်ကယ်လို့ Buffer မကောင်းရင် သိရအောင်လို့ပါ။ ဒါပေမဲ့ AIS မှာ heading data မရပါဘူး။ ကြိုးကို A နဲ့ B polarity ပြောင်းဆက်ကြည့်လည်း မထူးပါဘူး။ 
ဒါနဲ့ Gyro manual စာအုပ်ထဲက terminal တွေ ဖတ်ကြည့်ပါတယ်။ အဲဒီမှာ Heading indicator ဆီသွားတာက RS422 signal ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဆို NMEA နဲ့ RS422 အမျိုးအစား မတူလို့ အလုပ်မလုပ်တာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ကြိုးတွေ မူလအတိုင်း ပြန်တပ်လိုက်ပါတယ်။

မတတ်နိုင်ဘူး Buffer unit နဲ့ Gyro panel ကြားထဲမှာ ဘယ်လို အဆက်အသွယ် ပြတ်သွားတာလဲ လိုက်ရှာရပါတော့မယ်။ Buffer unit က Bridge Console တစ်ခုအောက်မှာပါ။ Gyro unit တွေက နောက်ဖက်မှာ ရှိတဲ့ အခန်းတစ်ခုထဲမှာပါ။ အခန်းထဲမှာ Gyro module 1 အတွက် Panel တစ်ခု၊ Module 2 အတွက် panel တစ်ခု Main Panel တစ်ခုရှိပါတယ်။ အမှန်က Gyro တစ်ခုကောင်းရင် ရပါတယ်။ နောက်တစ်ခုက Back up ထားတာပါ။ Gyro module တွေက Signal ကို Main Panel ကို ပို့ပေးပါတယ်။ ပြီးမှ အဲဒီ data ကို Serial communication နဲ့ သုံးချင်တဲ့ Device တွေဆီပို့ပေးတာပါ။ 
အခု Buffer unit အဝင် ကြိုးနှစ်ချောင်းကို လိုက်ဆွဲကြည့်တော့ အပေါ် မျက်နှာကျက်ထဲ ဝင်သွားပါတယ်။ မျက်နှာကျက်တွေ လှန်ဖို့က မလွယ်လှပါဘူး။ ဒီတော့ ကြိုး အရောင်ကြည့်ပြီး လိုက်ရှာကြည့်ရပါတယ်။ အနက်နဲ့ အပြာ 2-core ကြိုး ဆိုတာနဲ့ လိုက်ရှာရပါတော့တယ်။ Gyro Main Panel ရဲ့ အဝင်ကြိုးတွေ အကုန် လိုက်ကြည့်ပေမဲ့ အဲဒီ အရောင်နဲ့ 2-core ကြိုး မတွေ့ပါဘူး။ ဒါဆို ဘယ်ရောက်သွားတာလဲ။ ဘယ်လိုဆက်တာလဲ။ စဉ်းစားရခက် သွားပါတယ်။ ဖြစ်နိုင်ချေရှိသမျှ တော်တော်ကြာကြာ လိုက်ရှာကြည့်ပြီး ဓာတ်ကြိုးအကူ ညီလေး ကျေးဇူးနဲ့ အဲဒီ ကြိုး Gyro Panel 1 ထဲ ဝင်ထားတာ တွေ့ပါတယ်။ ကြည့်လိုက်တော့ Multi-core ကြိုးတစ်ချောင်းရဲ့ နှစ်စနဲ့ ဆက်ထားတာတွေ့ရပါတယ်။ 
အဲဒီ Multi-core ကြိုးကို လိုက်ကြည့်တော့ Main panel ဆီပြန်ဝင်သွားပါတယ်။ Core Number နဲ့ လိုက်ကြည့်တော့ Gyrocompass interface ဆိုတဲ့ unit မှာ ဆက်ထားပါတယ်။ ကြိုးဆက်ပုံတွေကြည့်ပြီး နားလည်လိုက်တာက Gyro signal အထွက်ကို ဒီ unit က NMEA signal ပြောင်းပြီး ပို့ပေးတာပါ။ အဲဒီ Unit က Error ပြနေတာမို့ Power အဝင်ကြိုး ဖြုတ်၊ တပ် လုပ်ပြီး Reset လုပ်လိုက်ပါတယ်။ ဒါပေမဲ့ တန်ဘိုးက 0 ပဲ ပြနေသေးပါတယ်။ နောက် adjustment knob လေးကို လှည့်ကြည့်တော့ ဂဏန်းတွေ ပြောင်းသွားပါတယ်။ Gyro unit က ပြနေတဲ့ Heading တန်ဘိုးနဲ့ ညီအောင် ညှိပေးလိုက်ပါတယ်။ ခဏနေလို့ သင်္ဘော heading ပြောင်းသွားတဲ့အခါ အဲဒီ unit ရဲ့ display တန်ဘိုးက အတူ လိုက်ပြောင်းပါတယ်။ ဒါဆို တစ်ဆင့်တော့ အဆင်ပြေသွားပြီပေါ့။ 
Buffer unit အဝင်၊ အထွက် တိုင်းကြည့်တော့ Voltage flicker ဖြစ်နေပြီ။ ဒါဆို signal ရောက်ပြီပေါ့။ ဒါပေမဲ့ AIS, Radar, ECDIS ဘယ်မှာမှ signal မ​ရောက်သေးပါဘူး။ Service Boat လာခါနီးပြီမို့ လက်ရှိ အနေအထားမှာ ရပ်ခဲ့ပါတယ်။ နီးတော့ နီးစပ်နေပြီ။ ဘာမှားလို့လဲ။ 

အပြန်လမ်းမှာ မနေနိုင်တော့ Gyro specialist သူငယ်ချင်းဆီ ဖုန်းဆက် ပြောကြည့်ပါတယ်။ သူပြောပြတာလည်း ဒီအနေအထားဆိုရင် အဆင်ပြေရတော့မှာတဲ့။ သူက အကြံပေးပါတယ်။ အဝင်ကြိုး နှစ်ချောင်း A နဲ့ B ကို ပြောင်းပြန် တပ်ကြည့်ပါလားတဲ့။ ကျွန်တော် နောက်ဆုံး အနေအထားမှာ အဲဒါတော့ မစမ်းကြည့်ခဲ့မိဘူး။ မူလ ဖြုတ်ထားတဲ့ အတိုင်း မှန်အောင် ပြန်တပ်ထားတာဆိုတော့ သံသယ မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် သိရအောင် သင်္ဘောပေါ်က ဓာတ်ကြိုးကြီးကို ဖုန်းဆက် အကြံပေးထားလိုက်ပါတယ်။ 
နောက် ၂ ရက်လောက် ပြန်ဆက် မေးကြည့်တော့ အဲလို A နဲ့ B polarity ပြောင်းလိုက်တာ အကုန် အဆင်ပြေသွားတယ်တဲ့ဗျာ။

​အားလုံး ပြန်ကြည့်လိုက်ရင် အပြစ်က power loss ဖြစ်ပြီး MNEA interface unit error ဖြစ်သွားတာပါ။ Reset လုပ်ပြီး Heading data နဲ့ ညီအောင် adjust လုပ်လိုက်ရင် ရပါပြီ။ ကံဆိုးချင်တော့ ကြိုးတွေ ဖြုတ်ရင်းတပ်ရင်း၊ စစ်ဆေးရင်းနဲ့ Signal ကြိုး ၂ ချောင်း ပြောင်းပြန် ဖြစ်သွားလို့  ရွာလည်သွားရတဲ့ ဇာတ်လမ်းပါ။

ဝင်းအောင် (ပခုက္ကူ)
၁၃-၃-၂၀၂၀

1 comment:

  1. အခုလို သေသေချာချာ ရှင်းပြပေးတာ ကျေးဇူးတင်လိုက်တာ ဆရာရေ။ ပညာတွေ အများကြီးရလိုက်ပါတယ် ခင်ဗျာ

    ReplyDelete