Tuesday, 13 October 2020

Main Engine Control (10) - Rpm Indicator Faulty

 ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် အမှားဖြစ်လုလု ကြုံခဲ့ရတဲ့ အဖြစ်လေးကို ပြန်ဖေါက်သယ်ချချင်ပါတယ်။ တချို့ကိစ္စတွေမှာ အလွယ်တကူ ကောက်ချက် မချမိဖို့ သင်ခန်းစာတစ်ခုပါ။

Bunker barge တစ်စီးရဲ့ Rpm indicator ကပြဿနာ ဖြစ်လို့ ပြောပါတယ်။ သင်္ဘောပေါ်ရောက်တော့ စက်ချုပ်က ပြောပြပါတယ်။ ME နှစ်လုံးစလုံး Rpm indicator တွေက direction အမှန် မပြဘူး ပြောပါတယ်။ သူက တစ်ခါထဲ စမ်းပြပါတယ်။ Bridge က ကုန်းချုပ်ကို လှမ်း မောင်းခိုင်းပြီး စမ်းပါတယ်။ ပထမ Port Engine ကို မောင်းပြီး Ahead ကို မောင်းပြပါတယ်။ Indicator က Ahead ကို အမှန်အတိုင်းပြပါတယ်။ နောက် Astern ကို ဆွဲလိုက်တော့ Rpm indicator က Ahead ကိုပဲ ပြနေပါတယ်။ Rpm တန်ဘိုးကတော့ မှန်ပါတယ် direction ပဲ လွဲနေတာပါ။ Ahead ကို မောင်းမောင်း၊ Astern ကို မောင်းမောင်း အမြဲတမ်း Ahead ကို ပြနေပါတယ်။ 

နောက်တစ်ခါ Stbd Engine ကို မောင်းကြည့်တော့ ပြောင်းပြန်။ သူကတော့ အမြဲ Astern ကို ပြနေပါတယ်။ Bridge က indicator မှာလည်း ဒီလိုဘဲ။ တစ်ဘက်သတ် ပြနေပါသတဲ့။
အစဆုံး System မှာ ဘယ်လိုလုပ်ထားသလဲ အရင် လိုက်ကြည့်ပါတယ်။ Ahead နဲ့ Astern ကို ဘယ် sensor နဲ့ ခွဲတာလဲ လိုက်ကြည့်ပါတယ်။ အရင် တွေ့ဖူးတဲ့ စနစ်တွေကတော့
  • Pneumatic panel မှာ လေရဲ့ pressure sensor နဲ့ ခွဲတာ
  • Gearbox နားက Hydraulic line pressure sensor နဲ့ ခွဲတာ
  • Speed sensor (MPU) နှစ်လုံးသုံးပြီး လည်တဲ့ direction ကို ခွဲတာ .. တွေပါ။
အခု ဒီမှာတော​့ နောက်ဆုံး နည်းကို သုံးထားပါတယ်။ 

Drawing ကလည်း ရှင်းရှင်းလေး။ Speed module ဆီကို Power supply ရယ် sensor နှစ်ခုဆီက input ရယ် ဝင်ထားတယ်။ အထွက်က ကြိုး နှစ်ချောင်းထဲ။ ECR နဲ့ Bridge အတွက် indicator နှစ်စုံကို parallel ပေးထားတယ်။ ဒါပဲ။ ဒါတောင် ဖတ်ကာစက အဓိပ္ပာယ် ကောက် လွဲသွားသေးတယ်။ တရုတ် made ဆိုတော့ ရေးထားတာက indicator ကို Tachometer လို့ သုံးထားတယ်။ နောက်ထပ် Tacho sensor input ရှိသေးလား လိုက်ကြည့်ရသေးတယ်။ နောက်မှ ကြိုးတွေ လိုက်ကြည့်တော့ Indicator ကို ပြောမှန်း သိရတယ်။
ပထမ ဘယ်မှာ ဘာတွေ ရှိလဲ လိုက်ကြည့်ရတာပေါ့။ Speed module က ECR console အောက်မှာ ရှိတယ်။ indicator ကလည်း နီးနီးနားနားမှာဆိုတော့ အဆင်ပြေတာပေါ့။ ER ထဲဆင်း Sensor တွေ လိုက်ရှာကြည့်တော့ အင်ဂျင်က တစ်ဘက်ထဲ လည်နေတာ Ahead / Astern ကို gear နဲ့ ပြောင်းပေးတာ။ ဒါဆို MPU တွေက fly wheel နားမှာ မဟုတ်တော့ဘူး။ ကြမ်းပြင်အောက် လိုက်ကြည့်တော့မှ gear box နောက်က Shaft မှာ သံပတ်ပြား အထူပတ်ထားပါတယ်။ သံပတ်ပြားမှာ လေးထောင့် အပေါက်တွေ ဖေါက်ပြီး MPU sensor နဲ့ ကပ်ထားတာကိုး။

Sensor နှစ်လုံးတွဲ ထိုင်တဲ့ Box လေးနဲ့ လုပ်ပေးထားပါတယ်။ ကြည့်လက်စနဲ့ Sensor တွေ ကောင်းမကောင်း စစ်ကြည့်ပါတယ်။ Screw driver လေးနဲ့ ကပ်ကြည့်ခွာကြည့်တော့ Sensor နောက်က LED လေး လင်းတာ မှိတ်တာ ပြောင်းသွားတယ်ဆိုတော့ sensor တွေ အကုန် ကောင်းတယ်ပေါ့။
နောက်တစ်ခါ ကြိုးနံပါတ်တွေနဲ့ drawing နဲ့ တိုက် စစ်တော့ Port ဘက်က Indicator ဆီသွားတဲ့ကြိုးက ပြောင်းပြန် ဖြစ်နေတယ်။ ဒါနဲ့ ပြန်ပြောင်းပြီး စမ်းတော့။ Engine နှစ်လုံး လုံး Astern ဘက်ချည်းပြနေတော့တယ်။

နောက်တစ်ခါ Speed sensor ဆီသွားတဲ့ကြိုးတွေမှားသလား စစ်ကြည့်တော့လည်း မမှားဘူး။ စက်မောင်းခိုင်းပြီး Speed module အဝင်မှာ Frequency တိုင်းကြည့်ပါတယ်။ ပြဿနာက ကျောက်ချထားတားဆိုတော့ ခဏလေးပဲ ဆွဲပြီး ချက်ချင်း ပြန်ချတာ။ frequency က ပြောင်းနေတာတော့ တွေ့လိုက်တယ် stable ဖြစ်မဖြစ် စမ်းဖို့ အချိန်မရဘူး။
နောက်တစ်ခါ အကြံကုန် ဂဠုန်ဆားချက်။ Speed module ကို port နဲ့ stb လဲကြည့်လိုက်သေးတယ်။ ဒါလည်း နှစ်ဘက်လုံးက အတူတူ ပျက်နေတာဆိုတော့ အတူတူပဲ ဖြစ်နေတာပေါ့။
စဉ်းစားကြည့်တယ် sensor တွေ ကောင်းတာ သေချာတယ်။ Indicator မှာ ပြတဲ့ တန်ဘိုးက စက်ချုပ်နဲ့ ကုန်းချုပ် အပြောအရ တစ်ကယ့် command နဲ့ အနီးစပ်ဆုံး တူနေတယ်ဆိုတော့ sensor ကို ဖယ်လိုက်ပြီ၊ connection တွေလည်း မှန်တယ်၊ display လည်း ကောင်းတယ်ဆိုတော့ Speed module ပဲ ကျန်တော့တယ်။ သူက sensor နှစ်ခုရဲ့ signal leading / lagging ပေါ် မူတည်ပြီး ahead / astern ခွဲပေးရမှာ မခွဲနိုင်တော့တာလို့ ယူဆခိုက်ပါတယ်။
စက်ချုပ်ပြောပြချက်အရ မကြာခင်ကပဲ Stbd ဘက်အတွက် Speed module လဲထားသေးသတဲ့။ မတတ်နိုင်ဘူး ဒီတိုင်းပဲ Speed module ကို သံသယဖြစ်တယ်ဆိုပြီး ပြန်ခဲ့မယ် အလုပ်မှာ .. အစ်ကိုတစ်ယောက်က အချိန်လည်း ရှိသေးတယ်။ စဉ်းစားပြီး ပြန်စစ်ဖို့ အကြံပေးပါတယ်။

အဲဒီတော့မှ Drawing ကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း ဘာတွေ မစစ်မိပဲ ကျန်သွားသလဲ စဉ်းစားပါတယ်။ Sensor နှစ်ခုစီ ရှိတာဆိ​ုတော့ တစ်ခုက sense ဖြစ်ရင် Rpm တန်ဘိုး မှန်အောင် ပြပါမယ်။ ဒါပေမဲ့ နောက်တစ်ခုက Gap ဝေးနေပြီး input မရရင် direction မသိနိုင်တော့ဘူး။ အဲဒါ တွေးမိတာနဲ့ Sensor နဲ့ shaft ကြား Gap ကို သေချာအောင် စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပထမ port side မှာ sensor gap တွေ ကြည့်တော့ တစ်ခုက နည်းနည်း ဝေးနေတယ်လို့ ထင်ရပါတယ်။ နေရာက ကျဥ်းကြပ်ပြီး လုပ်ရတာ ခက်တော့ အတိအကျ မသေချာပါဘူး။ ဒါနဲ့ Sensor နည်းနည်း ရွှေ့ပြီး ပြန်စမ်းကြည့်ပါတယ်။ ခုတစ်ခါ direction က တစ်ဘက်ထဲ မဟုတ်ပဲ ခဏလေး အတွင်း ဟိုဘက်ဒီဘက် ရမ်းနေပါတယ်။ စိတ်ထဲမှာ တက်ကြွသွားတယ်။ လုံးဝ မပြောင်းပဲ တစ်ဘက်ထဲ ဆွဲနေတာ မဟုတ်တော့ဘူး။ ဒါဆို Sensor တစ်ခုရဲ့ signal သေချာ မရတာ ဖြစ်နိုင်တယ်။ ပြန်ပြီး Sensor နှစ်ခုရဲ့ Gap ကို shaft နဲ့ မထိစေပဲ အနီးဆုံး ရောက်အောင် ညှိလိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ အဆင်ပြေ သွားပါပြီ။ နောက် တစ်ဘက်ကိုလည်း sensor gap ညှိပေးလိုက်တာ အဆင်ပြေသွားပါတယ်။
တော်ပါသေးရဲ့။ ကံသီလို့အမှားကြီး မှားတော့မလို့။ 
ဒါကြောင့်မို့ ပြဿနာကို အဖြေရှာတဲ့နေရာမှာ အလွယ်တကူ ကောက်ချက် မချမိစေဖို့ သတိထားနိုင်အောင် ပြောပြလိုက်တာပါ။

ဝင်းအောင် (ပခုက္ကူ)
၁၄-၁၀-၂၀၂၀

Friday, 18 September 2020

Generator (26) - Engine Control Power Lost

 ကျွန်တော် ကိုညီနဲ့ စကားပြောဖြစ်တော့ System တစ်ခုရဲ့ Control Circuit အကြောင်း ပြောဖြစ်ရင်း သူကိုပြောပြမိတယ်။ အစ်ကိုက Circuit တွေကို အသေးစိတ် မမှတ်မိဘူးလို့။ ပြဿနာတစ်ခုခု ပေါ်လာမှ Drawing ဖတ်ပြီး ပြန်ကြည့်ရတာလို့။ ကိုယ်ကြုံရတာလည်း System မျိုးစုံ၊ Maker မျိုးစုံရဲ့ Model မျိုးစုံ မဟုတ်လား။ အဲဒီတော့ သူကပြောတယ်။ အစ်ကိုက ကွက်ပျောက် ဖြစ်နေပြီလေ တဲ့။ ဒီတစ်ခါ ကွက်ပျောက်သမား ကျွန်တော် သိုင်းပြောင်းပြန်နဲ့ တွေ့လို့ လည်ထွက်သွားရတဲ့ ဇာတ်လမ်းလေးပေါ့။ အပျင်းပြေ ဖတ်ကြည့်ပါဗျာ။

ဇာတ်လမ်းအစက bunker barge လေးတစ်စီးမှာ Generator နှိုးမရလို့ အရေးပေါ် တက်ကြည့်ပေးပါတဲ့။ သတင်းအရ 24V DC power ပျောက်နေတယ်တဲ့။ ဒါနဲ့ သွားကြည့်တယ်ပေါ့။ 
သင်္ဘောပေါ်ရောက်တော့ 'အ' စက်ချုပ်နဲ့ စက်-၂ က လိုက်ပြတယ်။ မဆိုးပါဘူး သူတို့က ကူညီကြပါတယ်။ အစဆုံး ECR ထဲက MSB မှာ ပြတယ်။ လက်ရှိ DG-3 ကို မောင်းထားတယ်။ DG-1 နဲ့ DG-2 က စက်နှိုးလို့ မရဘူးတဲ့။ MSB ပေါ်က DG-1 နဲ့ DG-2 Panel တွေမှာလည်း မီးမလာဘူးတဲ့။ နောက်ပြီး DG တွေရဲ့  Local Panel မှာလည်း မီး မလာဘူး ပြောပါတယ်။ စက်မောင်းမထားတော့ MSB ပေါ်က DG-1 နဲ့  DG-2 panel မှာ ဘယ်လို မီးလင်းမလဲ။ ဒါကို စက်ချုပ်က မီးတချို့ လင်းရမယ်တဲ့။ DG-2 Panel ပေါ်မှာ MSB ရဲ့ alarm indicator မီးလေးတွေတော့ ရှိတယ်။ အဲဒီထဲမှာ 24V DC source ဆိုတဲ့ မီးလည်းပါတယ်။ အဲဒီမီးက ခု လင်းမနေဘူး။ ဒါနဲ့ Lamp test ခလုတ်ကို နှိပ်ကြည့်တော့ Alarm Indicator မီးလုံးလေးတွေ လင်းတယ်။ DC 24V source မီးလုံးတော့ မလင်းဘူး။ တံခါးဖွင့်ပြီး မီးလုံးနောက်က တိုင်းကြည့်တော့ 24VDC ရှိနေတယ်။ မီးလုံးကျွမ်းနေတာပဲ။

MSB drawing ဖတ်ပြီး 24V DC အဝင် power တိုင်း၊ fuse တွေ တိုင်းကြည့်တော့ အကုန်ကောင်းနေတယ်။ Drawing ထဲမှာလည်း DG local panel ဆီကို ဒီ MSB ကနေ 24 V ပေးထား မတွေ့ပါဘူး။ 
ဒါနဲ့ Engine Room ထဲ ဆင်း။ DG စက်တွေနားက Local Panel တွေကို ဆင်းကြည့်ပါတယ်။ DG-1 နဲ့ DG-2 panel နှစ်ခုလုံး မီးတွေ မရှိပါဘူး။ DG-1 မှာတော့ Charge ဆိုတဲ့ indicator မီးလေးတစ်လုံး လင်းနေတယ်။ DG-1 Panel ဖွင့်ကြည့်တော့ Terminal drawing လေး ၂ ရွက် ထွက်လာတယ်။ အဲဒီ နံမည်တွေအရ  အဝင် AC 220V တိုင်းကြည့်တော့ ရှိနေတယ်။ 220 AC ကို charger ကနေ DC ပြောင်းပြီး Battery ကို Charge လုပ်ရမှာပေါ့။ DG တစ်လုံးစီမှာ Battery တစ်စုံစီ ရှိပါတယ်။ Local Panel အောက်ဖက်မှာပဲ ရှိနေပါတယ်။ အဲဒီ Battery ကနေ အင်ဂျင် Starter motor ကို ပါဝါပေးပါတယ်။ Battery တိုင်းကြည့်တော့ 27V လောက် ပြနေတယ်။ Battery မှာ ဆက်ထားတဲ့ ကြိုးက အတုတ် တစ်စုံ အသေး တစ်စုံ။ အတုတ်ကြိုးကတော့ Starter motor ဆီသွားမှာပေါ့။ အသေးကြိုးက Local panel ဆီလာတာဆိုတော့ ကြိုးအတိုင်း လိုက်ပြီး သူ့ Terminal (31-32) မှာ တိုင်းကြည့်တော့ 27V ရှိတယ်။ Terminal drawing အရ ဒါက Charging ကြိုးတဲ့။ သေချာအောင် AC power breaker ပိတ်ကြည့်တော့ Charging ဆိုတဲ့ မီး မလင်းတော့ဘူး။ ဒီ Terminal မှာ 25V လောက်ပဲ ပြတော့တယ်။ ဒါက Battery ဘက်က ပြန်လာတဲ့ power ပေါ့။ 
ထားပါတော့။ ဒါဆို ဒီကြိုးဘယ်တွေ ခွဲသွားလဲ ကြည့်တော့ ဘယ်မှ မခွဲဘူး။ Charger ဆီ တိုက်ရိုက် ဆက်ထားတယ်။ ဒါဆို ဒီ Panel ရဲ့ DC power က ဘယ်က လာတာလဲ။ Terminal drawing အရ (11-12) မှာ DC အဝင်။ ရှေ့က Battery 24V လို့ ရေးထားတယ်။ လက် ရှိဘက်ထရီနဲ့ ဆက်မနေတာတော့ သေချာတယ်။ အဲဒီမှာ Voltage မရှိဘူး။
အဲဒီတော့ စဉ်းစားရပြီ။ သူပြောတဲ့ Battery power က ဘယ်က လာမှာလဲ။ သင်္ဘောရဲ့ Main 24V battery source ကို ဆိုလိုတာလား။ တစ်ခါ DG-2 ရဲ့ local panel ဆီ သွားတိုင်းကြည့်တော့လည်း ဒီလိုဘဲ။ terminal (11-12) မှာ Volt မရှိဘူး။ စက်ချုပ်ပြောပြတာက DG2 မှာ Charger လည်း ပျက်နေတယ်တဲ့။ Terminal (31-32) တိုင်းကြည့်တော့ 25V လောက်ပဲ ရှိတယ်။ ဒါက Battery ဘက်က ပြန်လာတဲ့ Voltage ပေါ့။
ထားပါတော့။ အခု စဉ်းစားကြည့်တော့ Terminal (11-12) ဆီ power မရောက်ဘူး။ အဲဒီ power ဘယ်က လာမှာလဲ။ သင်္ဘောရဲ့ Main Battery Bank (24V) က လာမှာလား။ မပြောတတ်ဘူး။ ရှာကြည့်ရတာပေါ့လေ။ ECR ထဲမှာ 24V DC DB တစ်ခုရှိတယ်။ အဲဒါ သွားဖွင့်ကြည့်တယ်။ Breaker တွေ အကုန် On ထားတယ်။ နံမည်တွေ ဖတ်ကြည့်တော့လည်း DG တွေဆီသွားတာ မတွေ့ဘူး။ အထွက်ကြိုးတွေအကုန် power ရှိနေတယ်။ နောက် Charging / discharging panel မှာ 24V အထွက် Breaker တွေ လိုက်ကြည့်တော့လည်း မတွေ့ဘူး။ Emergency Gen room ထဲမှာ သွားရှာတော့လည်း မတွေ့ဘူး။ သင်္ဘောတစ်စီးလုံး နှံ့သွားပြီ​။ DG တွေဆီပေးတဲ့ DC 24V source ရှာလို့ မရဘူး။ 
ဒါနဲ့ တစ်ချက်တွေးလိုက်တယ်။ သူ့ ဘက်ထရီကနေ ပြန်ပြီး Power ပေးကြည့်လိုက်မယ်။ ယာယီ စက်နှိုးလို့ ရအောင် အရင်လုပ်လိုက်မယ်။ နောက်မှ ပျေယက်နေတဲ့ 24V source ရှာတာပေါ့လို့။ ဒီတော့ ကြိုးနှစ်ချောင်း ယူပြီး စောစောက Battery charging ပေးတဲ့ (31-32) ကို loop ယူပြီး (11-12) ကို ဆက်လိုက်တယ်။ နဂို အဝင် ကြိုး နှစ်ချောင်းကိုတော့ ဖြုတ်ထားလိုက်တယ်။  Power ခလုတ် ဖွင့်လိုက်တော့ Panel ရဲ့ digital indicator တွေ မီးလင်းသွားပြီ။ ကြည့်ရတာ အားလုံး ပုံမှန်ပါဘဲ။ 

ဒါနဲ့ စက်ချုပ်ကို စက်နှိုးခိုင်းလိုက်တယ်။ Start ခလုတ် နှိပ်လိုက်ပေမဲ့ စက်က မလည်ဘူး။ Starter motor အလုပ်မလုပ်ဘူး။ ဒါနဲ့ Starter motor အဝင် Battery ကြိုး အတုတ်ကြီးမှာ တိုင်းကြည့်တော့ Voltage မရှိဘူး။ ဒါနဲ့ ကြိုးတွေပြန်လိုက်တယ်။ အဲဒီမှာ Battery ကလာတဲ့ ကြိုးနဲ့ Starter motor ကြားမှာ isolator switch တစ်ခုသွားတွေ့တယ်။ Handle တော့ မပါတော့ဘူး။ Position ကတော့ On လုပ်ထားတယ်။ အဖုံးဖွင့်ပြီး တိုင်းကြည့်တော့ Open Contact ဖြစ်နေတယ်။ ကြိုးတွေ လိုက်စစ်ရင်း Engine အခြေက junction box တစ်ခု ဖွင့်ကြည့်တော့ Sensor ကြိုးတွေ Safety temperature switch, Pressure switch တွေက လာတဲ့ ကြိုးတွေရယ် terminal drawing လေး တွေ့ရတယ်။ အဲဒီမှာလည်း (11-12) က battery ကလာတဲ့ (+, - ) ကြိုးတွေလို့ ပြထားတယ်​။ ဒီနေရာကို ဘာလို့ 24V supply ပေးစရာလိုတာလဲ။ တိုင်းကြည့်တော့လည်း Voltage မရှိဘူး။ အခု Panel မှာ Voltage ရောက်နေပါပြီ။ ဒီမှာ ဘာလို့ Voltage မရှိသေးတာလဲ။ 
အဲဒီအခိုက်မှာ ကျွန်တော့်စိတ်ထဲ ဖြတ်ကနဲ ပေါ်လာတာက terminally (11-12) ဆိုတဲ့ နံပါတ်လေး။ တိုက်တိုက်ဆိုင်ဆိုင် local panel ရဲ့ 24V အဝင် terminal ကလည်း (11-12) ဆိုတော့ ဒီနှစ်ခုကို ဆက်စပ်ကြည့်မိတယ်။ ဒါဆို Local panel မှာ ငါဖြုတ်ထားခဲ့တဲ့ အဝင်ကြိုး နှစ်ချောင်းက ဒါတွေများ ဖြစ်နေမလားပေါ့။ ဒါနဲ့ local panel က ဖြုတ်ထားတဲ့ ကြိုးနှစ်ချောင်းနဲ့ ဒီ junction box terminal (11-12) ကို continuity တိုင်းကြည့်တော့ ရှိနေတယ်။ ဒါဆိုရင် နည်းနည်း သဘော ပေါက်သွားပြီ။ ဒီ junction box terminal (11-12) ကို Starter motor အဝင် ကြိုး အတုတ်နဲ့ Continuity တိုင်းကြည့်တော့ ရှိနေတယ်။ ဒီတော့မှ ဇာတ်ရည်လည်သွားတယ်။
သေစမ်းလို့ ကိုယ့်နဖူး ကိုယ်ရိုက်မိတယ်။ လက်စသတ်တော့ သိုင်းပြောင်းပြန်နဲ့ တွေ့နေတာကိုး။ Local Panel ရဲ့ 24V Power supply ကို အပြင်က ပေးတာလည်း မဟုတ်၊ နီးနီးနားနား panel အောက်မှာရှိတဲ့ battery ကနေ တိုက်ရိုက် ယူတာလည်း မဟုတ်ပဲ၊ အင်ဂျင် Starter motor အဝင်ကနေ ပြန်ယူထားတာကိုးလို့။ သူ့ ဒီဇိုင်းကတော့ အင်ဂျင် အခြေက Isolator switch ပိတ်လိုက်ရင် Battery power မရောက်သလို local panel ကိုလည်း power ဖြတ်လိုက်ချင်လို့ ဖြစ်မယ်။ 
ဒီ သင်္ဘောသားတွေကတော့ အဲဒီ Isolator switch ကို ဘယ်သူမှ အဖွင့်အပိတ် မလုပ်ကြဘူးတဲ့ အမြဲတမ်း On ထားတယ်တဲ့။ အခု အဖွင့်အပိတ် လက်ကိုင်တောင် မရှိတော့တာကြည့်။
အခု ပြဿနာက ဘာလဲဆိုတာ သိသွားပြီ။ Isolator switch မကောင်းတော့ power ပျောက်နေတာပေါ့။ DG-2 ရဲ့ Isolator switch ကို တိုင်းကြည့်တော့လည်း မကောင်းဘူး။ ဒါနဲ့ Isolator Switch နှစ်ခုကိုဖြုတ် Contact Point တွေ သန့်ရှင်းရေးလုပ်ပြီး နှစ်ခုတစ်ခု ပေါင်းလိုက်တော့ switch တစ်ခု အကောင်းပြန်ရတယ်။ ယာယီ သုံးလို့ ရနိုင်ပြီပေါ့။ လောလာဆယ် DG-1 မှာ ပြန်တပ်လိုက်တယ်။ စောစောက loop လုပ်ထားတဲ့ ကြိုးတွေ အကုန်ဖြုတ် သူ့မူလအတိုင်း ပြန်ဆက်ထားလိုက်တယ်။
Isolator switch On လိုက်တော့ terminal 10-11 မှာ 24V ရောက်နေပြီ။ Power Switch On လိုက်တော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ စက်နိ့းကြည့်တော့လည်း Starter motor ဆွဲသံကြားရပြီး စက်နိုးသွားတယ်။ အားလုံး အဆင်ပြေသွားတာပေါ့။ DG-2 ကိုတော့ Battery Charger နဲ့ Isolator Switch အသစ်ဝယ်တပ်ဖို့ မှာခဲ့တာပေါ့။
တစ်ခါတလေလည်း တွေ့နေကျမဟုတ်တဲ့ ဒီဇိုင်း၊ မပြည့်စုံတဲ့ Drawing နဲ့ ဆိုတော့ ချွေးပြန်ခဲ့ရတယ်ဆိုတာပါ။ ဘာပဲဖြစ်ဖြစ် ပုံသေ လှေနံဓားထစ် မှတ်လို့ မရဘူး ပေါ့ဗျာ။

ဝင်းအောင် (ပခုက္ကူ)
၁၉-၉-၂၀၂၀

Wednesday, 19 August 2020

Generator (25) - Trip System Fail


သူများကို အကူအညီပေးတာက ကိုယ့်အတွက် အကျိုးရှိတဲ့ အခိုက်အတန့်လေးတွေလည်း ရှိတတ်ပါတယ်။ ဒီ Case မှာ အဲလို ကြုံတွေ့ခဲ့ရလို့ ပြန်ဖေါက်သည် ချလိုက်ပါတယ်။
 
Tanker တစ်စီးမှာပါ။ Generator နဲ့ Power Management System (PMS) ကို trouble-shoot လုပ်ပေးပါ ပြောပါတယ်။ သင်္ဘောက တရုတ်ပြည် dry dock က ဆင်းလာပြီး ပထမ voyage ပါ။ Dock မှာတုန်းက Power Management System (PMS) အသစ် လဲထားတယ် ပြောပါတယ်။ အရင်က ABB ရဲ့ Synpol-D ကို DEIF ရဲ့ PPM နဲ့ လဲထားတယ် ပြောပါတယ်။ ပြဿနာက Generator #3 က Trip System fail ဆိုတာ အမြဲတမ်း လာနေတယ်တဲ့။ စက်က မောင်းလို့တော့ ရနေတယ်။ Alarm ကို အမြဲတမ်း reset လုပ်နေရတယ်။ ဒါနဲ့ လောလောဆယ် Alarm delay ကို အကြာကြီး ထားလိုက်ပြီး သုံးနေရတယ် ပြောပါတယ်။

သင်္ဘောပေါ်ရောက်ပြီး MSB မှာ ကြည့်ပါတယ်။ Deif PPU, PPM module တွေမှာ ကြည့်ပါတယ်။ ဘာ Alarm မှ မရှိပါဘူး။ ဒါနဲ့ စက်-၂ က အခု alarm delay စက္ကန့် ၃ ထောင်ကျော် ထားထားလို့ Alarm မရှိသေးဘူးတဲ့။ ECC console ပေါ်က Alarm Monitoring System ရဲ့ Alarm log history မှာ ရှာပြပါတယ်။ ဒါနဲ့ သူ့ကို မေးကြည့်ရတယ်။ အဲဒီ Alarm လာတဲ့အချိန် MSB ပေါ်မှာ ဘာ Alarm / indicator လာသလဲဆိုတော့ ဘာမှ မလာဘူး ပြောပါတယ်။ ဒါဆို AMS မှာပဲ Alarm လာတာပေါ့။ သူ့ဆီက AMS နဲ့ MSB Manual စာအုပ် နှစ်အုပ် တောင်းပြီး Circuit တွေ ကြည့်ရပါတော့တယ်။
ပထမ Alarm ဘယ်က လာသလဲ စစ်ရပါမယ်။ Deif က ပေးတာလား၊ Genset က တိုက်ရိုက်ပေးတာလား ခွဲထုတ်ရပါမယ်။ Deif module က ပေးတာဆိုရင် Setting ကြောင့်လား၊ အဝင် Signal ကြောင့်လား၊ Transducer တစ်ခုခု ကြောင့်လား ထပ်လိုက်ရပါတော့မယ်။
ပုံမှန်အားဖြင့် Genset ဆီက alarm နဲ့ machine status တွေကို MSB ဆီ တချို့၊ AMS ဆီ တချို့ ပို့ပါတယ်။ တစ်ခါ MSB ကနေ AMS ဆီ Alarm တချို့ ပို့ပေးပါတယ်။ အခု Trip System fail ဆိုတာ ဘာ Alarm လဲ ဘယ်က လာတဲ့ Signal လဲ အရင် ကွဲအောင် လုပ်ရပါမယ်။
သေချာတဲ့ AMS ရဲ့ Alarm list ကို manual ထဲမှာ မွှေနှောက် ရှာလိုက်တော့ တွေ့ပါပြီ။ 1015 ဆိုတဲ့ Input Channel က လာတာ။ အဲဒီကနေ ဘာသဲလွန်စ ရမလဲ ရှာလိုက်တော့ Cable နံပါတ်၊ core နံပါတ်တွေ ပါတဲ့ စာမျက်နှာ တစ်ခု တွေ့ပါတယ်။ အဲဒီမှာ G3 Cylinder Exh gas temp အတွက် ကြိုးတွေနဲ့ ဒီ Ch 1015 နဲ့ Cable နံပါတ် တူနေတာ တွေ့ရပါတယ်။ အဲဒီကြိုးက ECC console ကို လာတာ။ ဒါဆို ဒီ Alarm က Genset ကနေ တိုက်ရိုက်လာတဲ့ Alarm ပေါ့။ MSB နဲ့ ဘာမှ မဆိုင်တော့ဘူး။ PMS နဲ့ မဆိုင်တော့ဘူး။
ဒါနဲ့ Generator Manual တောင်းပြီး Control Circuit ရှာကြည့်ပါတယ်။
Maker က Stx B&W တဲ့။ ကြည့်လိုက်တော့ Circuit တွေက အရမ်းရင်းနှီးနေတယ်။ ဪ လောလောဆယ် ကိုညီညီ request လုပ်လို့ Circuit Basic Unit အပိုင်း(၆) မှာ ရှင်းပြထားတာပဲ။ အများစု တူပါတယ်။ နည်းနည်းလေးပဲ Modify လုပ်ထားတာပါ။ ဒီ circuit က အလွတ်ရနေပြီ။ ဒီတော့ ခေါင်းမစားတော့ဘူး။ ဒါပေမဲ့ ဖြစ်တဲ့ ပြဿနာကလည်း ဒီ Version မှာ Modified လုပ်ထားတဲ့ နေရာက ဖြစ်တာ။
ဒီ Circuit မှာ Stop Solenoid ရဲ့ wire ပြတ်နေသလား ဆိုတာ monitor လုပ်တဲ့ Circuit လေး ထည့်ထားပါတယ်။  ပထမ Stop solenoid အဝင် NO contact နဲ့ ခွပြီး 10K ohm resistor တစ်လုံး ထည့်ထားပါတယ်။ နောက်ပြီး Stop Solenoid အထွက်ကြိုးကို (-) မှာ တိုက်ရိုက် မဆက်ဘဲ Cable supervision unit ကို ဖြတ်ထားစေပါတယ်။ ဒီတော့ Stop Solenoid ကြိုးပြတ်နေတာ ဒါမှမဟုတ် Open Loop ဖြစ်နေတာဆိုရင် Output contact ကတစ်ဆင့် Trip System Fail ဆိုတာ ထုတ်ပေးမှာပါ။ အခု Alarm System မှာ သုံးထားတာက NC ဆိုရင် normal ပါ။ ပြီးတော့ Cable Supervision Unit က Power ရှိနေသမျှ Normal အချိန်မှာ Active ဖြစ်နေပါမယ်။ ဒီတော့ သူ့ NO output ဟာ အမြဲ Close ဖြစ်နေပါတယ်။ (Drawing ကြည့်ပါ)
ပထမ Generator 3 ကို ရပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ Trip Sys Fail alarm signal ထုတ်ပေးတဲ့ Terminal (51-52) ကို တိုင်းကြည့်တော့ close ပြပါတယ်။ ဆက်ထားတဲ့ ကြိုးတွေ Terminal screw တွေ loose ဖြစ်လား စစ်ကြည့်တော့ မတွေ့ပါဘူး။
ဖြစ်နိုင်တာကတော့ ဒီ unit ဟာ Genset Power ရှိနေသမျှ အမြဲ On ထားတော့ သူ့ Relay Contact တွေ သိပ်မကောင်းတော့တာ ဖြစ်နိုင်ပ်တယ်။ Genset ရပ်ထားတဲ့ အချိန် close ပြပေမဲ့ Run တဲ့အချိန်မှာ Vibration ကြောင့် ကွာသွားရင် Alarm ပေါ်မှာပါ။ 
စမ်းချင်လို့ AMS ထဲက သူတို့ တင်ထားတဲ့ delay ကို ၁၀ စက္ကန့် အထိချလိုက်ပါတယ်။ နောက်ပြီး terminal (51) ကြိုးတစ်စ ဖြုတ်ကြည့်လိုက်ပါတယ်။ ခဏနေတဲ့ အခါ G3 Trip sys fail alarm ပေါ်လာပါတယ်။ ဒီ Alarm ရဲ့ source က ဒီနေရာက လာတာတော့ သေချာပြီ။ တစ်ခါ စောစောက သံသယ ဖြစ်တဲ့ Cable Supervision unit ရဲ့ internal contact မကောင်းတာ ဟုတ်ရဲ့လား၊ တစ်ခြား နေရာတွေက fault ဖြစ်နိုင်လား။ စဉ်းစားကြည့်ပါတယ်။ 
Cable Supervision Unit ရှေ့ဘက်မှာ ဖြစ်နိုင်ချေတွေက Solenoid ကြိုးပြတ်နေလား၊ 10K ohm resistor မကောင်းတာလား စဉ်းစားပါတယ်။ Stop function ပုံမှန် အလုပ်လုပ်တဲ့အတွက် Solenoid ကြိုး မပြတ်တာ သေချာပါတယ်။ စောစောက G3 ရပ်ထားတုန်း Supervision unit က LED တွေပုံမှန် လင်းနေတာမို့ fault trigger မဖြစ်ဘူး။ ဒါဆိုတော့ 10K ohm resister က ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။
တစ်ခါ Supervision unit နောက်ပိုင်းက ကြိုးတွေ loose ဖြစ်တာလား၊ ကျွန်တော်ထင်သလို Unit ထဲက contact ကြောင့်လား ခွဲသိအောင် လုပ်ရပါမယ်။ 
ဒီတော့ Supervision unit ရဲ့ အထွက် terminal နှစ်ခုကို jumper wire လေးနဲ့ ခွဆက်ထားလိုက်ပါတယ်။ ပြီးတာနဲ့ G3 ကို မောင်း၊ Load တင်ခိုင်းပြီး တစ်နာရီလောက် စောင့်ကြည့်ပါတယ်။ ဘာ Alarm မှ မထွက်တော့ပါဘူး။ ဒီတော့ Cable supervision unit အသစ်လဲဖို့ အကြံပေးခဲ့ပါတယ်။ 

ဝင်းအောင် (ပခုက္ကူ)
၁၉-၈-၂၀၂၀

Saturday, 8 August 2020

Miscellaneous Equipment (7) - Windlass Problem

 

ခင်ဗျားတို့ Master Mind ဆိုတဲ့ ကစားနည်းလေး ကစားဖူးလား။ တစ်ဘက်က ဝှက်ထားတဲ့ အရောင် အစဉ် ၄ ခုကို ခန့်မှန်းရတာ။ ကိုယ်ခန့်မှန်းတဲ့ အပေါ်မူတည်ပြီး အရောင် မှန်တာ ဘယ်နှစ်ခု၊ နေရာမှန်တာ ဘယ်နှစ်ခုဆိုတဲ့ ရလဒ်သိရတယ်၊ နောက်ထပ် ခန့်မှန်း။ အဲလိုနဲ့ မဖြစ်နိုင်တာတွေပယ်၊ ဖြစ်နိုင်ချေတွေ ထည့်ပြီး ခန့်မှန်းတဲ့ အကြိမ်ရေ အနည်းဆုံးနဲ့  အဖြေရအောင် ထုတ်ရတာ။
အဲ ကိုယ့် ဆုံးဖြတ်ချက် မှားပြီး မပယ်သင့်တာ ပယ်လိုက်ရင်၊ လည်နေရော။ အဖြေက ဝေးသထက်ဝေးပေါ့။ အခုပြဿနာမှာလည်း မပယ်သင့်တာ ပယ်လိ​ု့ တော်တော် စဉ်းစားရခက်သွားခဲ့ဖူးတဲ့ ပြဿနာလေးပါ။
ဒီအကြောင်း ပြောရရင် ဇာတ်ရည်လည်အောင် ရာဇဝင် ခင်းရလိမ့်မယ်။ သင်္ဘောတစ်စီး Windless က ပြဿနာ ရှိလို့ တက်စစ်ပေးဖို့ ပြောပါတယ်။ အလုပ်အပ်တာက Maker Rep ကုမ္ပဏီက။ ဒီတော့ ကိုယ်က Maker ရဲ့ Rep အနေနဲ့ သွားစစ်ပေးရမယ်။ လိုအပ်တာ Maker က support လုပ်ပေးမယ်။ အကြံပေးမယ်။ အရမ်းကို အဆင်ပြေနေတာပေါ့။
ပထမ တစ်ကြိမ် တက်ကြည့်ပါတယ်။ Container သင်္ဘောပါ။ Winch က VFD Controlled motor သုံးထားပါတယ်။ VFD ကို Frequency Converter (FC) ဒါမှမဟုတ် inverter လို့ လည်း ခေါ်ကြပါတယ်။ စက်ချုပ်ပြောပြချက်အရ၊ ပထမ Winch 2 မှာ inverter ပျက်သွားတယ်။ သူတို့တွေ တစ်ခြား အဖွဲ့တစ်ခုနဲ့ Inverter လဲလိုက်တယ်။ သုံးလို့တော့ ရတယ် ပြဿနာ နှစ်ခု ကျန်နေတယ်။ 
၁) Winch က ရပ်လိုက်ရင် ချက်ချင်း မရပ်ဘူး။ ၃ စက္ကန့်လောက် ကြာမှ ရပ်သွားတယ်။ Anchor ချတာဆိုရင် Anchor ရဲ့ Weight နဲ့  ဆက်ကျသွားလို့ ဖမ်းမရတော့ဘူး။
၂) Mooring Winch mode(MW) နဲ့ Windlass Mode(WL) ကို Clutch position ပေါ်မူတည်ပြီး Direction ပြောင်းပြန် လည်ရမှာ မပြောင်းပဲ တစ်မျိုးထဲ လည်နေတယ်။ ဒီတော့ MW mode ဆိုရင် မှန်တယ်။ WL mode မှာ direction မှားနေတာပေါ့။ 
ကျွန်တော် တက်စစ်ကြည့်တော့ ဟို တစ်ဖွဲ့ လဲပေးလိုက်တဲ့ Inverter က အမျိုးအစားတူတယ်။ Model မတူဘူး။ ဘာကွာလဲ ကြည့်တော့ သူတို့ထည့်ပေးတဲ့ အမျိုးအစားက Brake Chopper Circuit မပါဘူး။ ဒီတော့ Brake Resistor ကို သုံးလို့ မရဘူး။ 
( Brake Chopper နဲ့ Brake Resistor အကြောင်း အသေးစိတ် သိချင်ရင် ဒီမှာ ဖတ် ကြည့်ပါ။
https://uwinaung.blogspot.com/2020/01/brake-chopper-and-brake-resistor.html)
 
ဒီ Winch Design မှာ Brake Resistor ကို သုံးပြီး Electrical နဲ့ brake အရင်လုပ်ပါတယ်။ ပြီးမှ Mechanical brake နဲ့ ဖမ်းတာပါ။ နောက်တစ်ခုက Direction ပြောင်းတဲ့ ပြဿနာကို စစ်ကြည့်တော့လည်း Clutch Limit switch ရဲ့ Signal က panel အထိ ရောက်လာတယ်။ အဲဒါကို PLC ကနေ တစ်ဆင့် inverter input မှာပေးထားတယ်။ ဒါကိုမှ inverter ထဲက Maker ရဲ့ program နဲ့ Control လုပ်ပြီး ပြောင်းပေးတာ။ ကျွန်တော် ကောင်းနေတဲ့ Winch 1 ရဲ့ Parameter တွေကို ဒီဘက်မှာ ကူးထည့်ကြည့်ပြီး စမ်းပါတယ်။
 
Parameter ကူးတာနဲ့ ပတ်သတ်ပြီး ကြားဖြတ် လေရှည်ချင်ပါသေးတယ်။ ဒီလို VFD module အကြီးတွေမှာ Front Display လုပ်ထားတဲ့ Portable Keypad တွေက Parameter တွေ တစ်ခုနဲ့ တစ်ခု ကူးလို့ရတဲ့ feature ရှိပါတယ်။ ကျွန်တော် လုပ်ဖူးတဲ့ Siemens ၊ Danfoss နဲ့ Vacon inverter တွေမှာ သုံးဖူးပါတယ်။ Inverter ရဲ့ internal parameter တွေကို Keypad Display Unit လေးထဲ ကူးထည့်။ ပြီးရင် အဲဒီ Keypad Display Unit ကို ဖြုတ်။ နောက် Inverter တစ်ခုမှာ ပြန်တပ်ပြီး ကူးထည့်ပေးတာပါ။
အဲလို ကူးကြည့်တော့၊ parameter တွေကို ကူးလို့ ရတယ်။ Maker ရဲ့ Control program ကို ကူးလို့ မရပါဘူး။ ဒါနဲ့ ပြဿနာ နှစ်ခုလုံးကို Maker ဆီက original inverter အသစ်လဲမှ ပြေလည်မယ်လို့ ပြောခဲ့ရပါတယ်။
နောက် အတော်လေးကြာတော့ inverter အသစ်ရောက်လာတဲ့ အချိန်မှာ ကျွန်တော် နေမကောင်းတာနဲ့ အစ်ကိုတစ်ယောက် တက်ပေးပါတယ်။ အဲဒီအခါ inverter အသစ်က အလုပ် မလုပ်ပါဘူး။ Winch က ရွေ့တယ်ဆိုရုံလေး slow motion နဲ့ လည်ပါတယ်တဲ့။ Output frequency ကလည်း 1 Hz လောက်ပဲ ထွက်ပါတယ်။ Motor Current ကလည်း 100A ကျော်ဆိုတော့ များနေပါတယ်။ ကောင်းတဲ့ Winch မှာ 50-80 A လောက်ပဲ ရှိတယ်ပြောပါတယ်။ ညဘက်ဆိုတော့ Maker ကလည်း သေချာ Support မလုပ်ပေးနိုင်တာမို့ Brake Chopper မပါတဲ့ inverter အဟောင်းကို ပြန်တပ် ခဲ့တယ် ဆိုပါတယ်။ အဲဒီ inverter အဟောင်းနဲ့ ကျတော့ လည်တဲ့ Speed က ပုံမှန်လိုပဲ မြန်တယ် ပြောပါတယ်။ Current လည်း မများဘူးတဲ့။

သင်္ဘော နောက်တစ်ခေါက် မလာခင် Maker နဲ့ အပြန်အလှန် ပြောဆိုပြီး ညွှန်ကြားချက်တွေ ယူရတာပေါ့။ ပြဿနာက Winch maker က Inverter ကို subcon ပြန်ပေးထားတာ။ ဒီတော့ inverter နဲ့ ပတ်သတ်တာ သူ မကျွမ်းကျင်ဘူး။ Inverter maker ဆီ တစ်ဆင့်ပြန်မေး ညွှန်ကြားချက် ပြန်ပေးဆိုတော့ သိပ် အလုပ်မတွင်ဘူး။ သူတို့ သံသယဖြစ်တာက Encoder မကောင်းဘူး ထင်တယ်တဲ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့ Inverter အဟောင်းနဲ့က ဘာလို့ Speed မြန်ရတာလဲ။ Encoder မကောင်းရင် inverter အဟောင်းမှာလည်း နှေးရမှာပေါ့။ နောက်ပြီး ဒီမော်တာပဲ။ Inverter အဟောင်းမှာ Current ပုံမှန်ဆွဲတယ်ဆိုတော့ Mechanically jam ဖြစ်တာ မဖြစ်နိုင်တော့ဘူး။ စဉ်းစားရ ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တက်ပြီး စစ်ကြည့်ရင် အဖြေ တစ်ခုခုတော့ ရမယ် ထင်ပါတယ်။

ကြားထဲမှာ Super ကုလားက အသံထွက်နေပြီ။ ပစ္စည်း အသစ် ဝယ်တပ်လည်း ​ပြဿနာက မပြေလည်ဘူး။ နောက်တစ်ခေါက် သေချာ ပြေလည်အောင် လုပ်ပေးဖို့ ပြောတာပေါ့။ 
ဒီလိုနဲ့ ၂ ပတ်အကြာ သင်္ဘောနောက်တစ်ခေါက် ဝင်လာတော့ ကျွန်တော်တက်ကြည့်ရပါတယ်။ သင်္ဘောကလည်း ညဘက်မှ ဝင်လာတယ်​။ နောက်နေ့ မနက် ၇ နာရီ မှာ ပြန်ထွက်မယ်တဲ့။  Super ကလည်း လိုက်ပြီး စောင့်ကြည့်နေပါတယ်။ Maker က ညွှန်ကြားချက် ၂ ခု ပေးလိုက်ပါတယ်။ ပထမတစ်ခုက inverter အသစ်လဲပြီး Power up လုပ်ရင် Parameter တွေ Keypad unit ထဲ ကူးထည့်မလားမေးလိမ့်မယ်။ ကူးမယ်လို့ ရွေးပေးပြီး စမ်းကြည့်ပါတဲ့။ မထူးခြားရင် ဒုတိယ ညွှန်ကြားချက်အရ Motor Control Parameter တွေထဲက တစ်ခုမှာ CL speed control mode အစား OL speed control mode နဲ့ ပြောင်းပြီး စမ်းကြည့်ပါတဲ့။ စမ်းကြည့်ပြီးရင် သူ့မူရင်းအတိုင်း CL Speed Control Mode ပြန်ထားဖို့ ရေးထားပါတယ်။ ဒါတော့ သိပ်နားမလည်ပါဘူး။ သူပြောတဲ့အတိုင်း လုပ်ကြည့်တာပေါ့လေ။
 
သင်္ဘောပေါ်ရောက်တော့ သင်္ဘောသားတွေ အကူအညီနဲ့ inverter အသစ် လဲလိုက်ပါတယ်။ Power on တဲ့အခါ  parameter တွေကို ကူးမလား မေးလာတော့ Keypad ထဲ ကူးဖို့ ရွေးပေးပြီး ဆက်သွားပါတယ်။ ပြီးတာနဲ့ Winch မောင်းပြီး စမ်းကြည့်တော့ မထူးပါဘူး။ Output frequently 1 Hz လောက်ပဲ ထွက်ပါတယ်။
ဒါနဲ့ ဒုတိယ ညွှန်ကြားချက် အရ Parameter တစ်ခုကို ပြင်ပေးလိုက်ပါတယ်။ Motor Control Parameter ထဲက “ CL Speed Control Mode” ဆိုတာကို  “ OL Speed Control Mode “ ပြောင်းလိုက်ပါတယ်။ ဘာအဓိပ္ပာယ်ဆိုတာတော့ မသိပါဘူး။ Maker ကလည်း ရှင်းမပြတော့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေးလိုက်တာပေါ့နော်။ စဉ်းစားမနေနဲ့။ ပြောင်းဆိုပြောင်း။
ပြီးတာနဲ့ Run ကြည့်တယ်။ ဪ ခုတော့ Winch က လည်သားဘဲ။ အမြင့်ဆုံး 42.5 Hz လောက်ထိ ရောက်တယ်။ 
Super က သဘောတော့ ကျနေပြီ။ နဂိုက လုံးဝ သုံးမရတာ အခုလောက်ဆို သုံးလို့ ရနိုင်တဲ့ သဘော ရှိပါတယ်။ ဒါထက် အရှိန် speed နည်းနည်းပိုပြီး တင်ပေးဖို့ ပြောပါတယ်။ Maker ရဲ့ ညွှန်ကြားချက်မှာ စမ်းပြီးရင် မူရင်း CL Speed Mode ပြန်ထားရမယ် ပြောထားတယ်။ အဲလို ပြန်ထားလိုက်တော့ မလည်တော့ဘူးလေ။ Maker ရဲ့ Rep အနေနဲ့ လုပ်ရတာဆိုတော့ သူတို့နဲ့ တိုင်ပင်ဦးမှ ဖြစ်မယ်။ ဒါနဲ့ Japan က Maker ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြပါတယ်။ Japan က ဆရာက Inverter maker က ဟောင်ကောင်ကတဲ့။ သူတို့ အိပ်နေလောက်ပြီထင်တယ်တဲ့။ မနက်အစော သင်္ဘောထွက်မယ်ဆိုတော့၊ ဒါဆို အကျိုးအကြောင်း report ရေးပြီး ဆင်းခဲ့တဲ့။ ဒါနဲ့ ငါ တစ်ခြားနည်း တစ်ခုခုနဲ့ စမ်းကြည့်ရမလား မေးတော့၊ မင်းလုပ်ချင် လုပ်ကြည့်တဲ့။ ပြီးရင် service report မှာ အသေးစိတ် ရေးခဲ့လိုက်တဲ့။ 
ခက်နေပြီ။ ဒီအတိုင်း ဆင်းသွားရင် Super ကုလားက ခေါင်းပေါ်တက်ခုန်တော့မယ်။ ကိုယ်ကလည်း ဘာမှန်း မသိပဲ မထားခဲ့ချင်ဘူး။ ဒါနဲ့ ကိုယ့်ဘာသာ စမ်းပြီး အဖြေရှာဖို့ လုပ်ပါတယ်။ Drawing အရ ဒီ Winch တွေရဲ့ ဒီဇိုင်းမှာ Backup Control စနစ် ရှိပါတယ်။ Winch 2 ကို Inverter 1 နဲ့ မောင်းဖို့၊ Winch 1 ကို inverter 2 နဲ့ ပြောင်းမောင်းဖို့ Procedure ရှိပါတယ်။ အဲဒီနည်းနဲ့  ပြဿနာကို တစ်ပိုင်းစီ ခွဲကြည့်တာပေါ့။ Motor / winch ဘက်က ဖြစ်တာလား။ Inverter ဘက်က ဖြစ်တာလား သိရအောင်ပါ။ inverter က အသစ်ဆိုတော့ ဖြစ်မယ်ဆိုရင် Parameter / setting တွေ ကြောင့် ဖြစ်မလား မသိ။
သူ့ အညွှန်းအတိုင်း Breaker တွေ ခလုတ်တွေ ပိတ်တန်တာပိတ်၊ နှိပ်တန်တာ နှိပ်ပြီး Control ဟိုဘက် ဒီဘက် ပြောင်း စမ်းပါတယ်။ ဒီ inverter 2 (အသစ်) နဲ့ Winch  1 ကို မောင်း စမ်းတော့ ကောင်းနေပါတယ်​။ Speed နဲ့ Current က ပုံမှန်ပါ။ နောက် Inverter 1 ( အဟောင်း ၊ သုံးလက်စ အကောင်း) နဲ့ Winch 2 ကို စမ်းတဲ့အခါ Output 1 Hz လောက်ပဲ ထွက်ပြီး ရွေ့ရုံလေး ရွေ့ပါတယ်။
ဒါဆို အဖြေသိပြီပေါ့။ Winch 2 Encoder မကောင်းလို့ဆိုတာ သေချာ သွားပြီ။ ဒီတော့မှ ပေါက်ဖေါ်လုပ်ပြီး ပြန်စဉ်းစားကြည့်တော့ စောစောက OL mode မှာ လည်တယ် ဆိုတာက Encoder မသုံးတဲ့ Mode ဖြစ်မယ်။ OL ဆိုတာ Open Loop Speed Control mode ဖြစ်နိုင်ပါတယ်။ CL က Closed Loop ပေါ့။ ခုမှ ရှင်းသွားပါတယ်။ Super ကို အကျိုးအကြောင်း ရှင်းပြ ရပါတယ်။ Encoder လဲဖို့ လိုတယ်ပေါ့။ သူကမေးတယ်။ Encoder မကောင်းရင် ဘာလို့ inverter အဟောင်းမှာ မောင်းလို့ ရတာလဲတဲ့။ Inverter အဟောင်းမှာလည်း OL ( Open Loop) Mode နဲ့ မောင်ထားတာ ဖြစ်နိုင်တဲ့အကြောင်း ရှင်းပြလိုက်တော့ Super က လက်ခံပါတယ်။ 
အခု encoder အသစ်မရခင် Inverter အသစ်ကို Open loop နဲ့ မောင်းလို့ ရအောင် လုပ်ပေးခဲ့ဖို့ ပြောပါတယ်။ နောက်ပြီး လက်ရှိ Speed ထက် နည်းနည်း ပိုတင်လို့ ရအောင် လုပ်ပေးခိုင်းပါတယ်။ ဒါနဲ့ Parameter စာရင်းမှာ ရှာဖွေပြီး Max frequency ကို ပြောင်းကြည့်ပြီး Run တော့ အဆင်ပြေပါတယ်။ Brake resistor လည်း အလုပ် လုပ်ပါတယ်။ Encoder အသစ်ရမှ တစ်ခေါက် ပြန်တက်ဖို့ စီစဉ်ခဲ့ပါတယ်။

ပြန်ကြည့်ရင်တော့ သူတို့ တပ်ထားတဲ့ Inverter မှာ Brake Resistor မလုပ်တာရယ် Direction ရယ်က လွဲရင် Speed နဲ့ Operation လုပ်နေတာပဲဆိုတော့ Motor နဲ့ Encoder အပိုင်းကို ကောင်းတယ်လို့ ယူဆမိတဲ့ အတွက် ရေလိုက်လွဲနေခဲ့တာပါ။ (Open Loop Mode နဲ့  မောင်းလို့ ရမှန်း မသိခဲ့တာလည်း ပါ ပါတယ်) အမှန်တော့ Inverter cross control နည်းနဲ့ အလွယ်တကူ စစ်ကြည့်နိုင်တယ်ဆိုတာလည်း သတိထားကြဖို့ ရေးလိုက်ခြင်း ဖြစ်ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၈-၈-၂၀၂၀

Thursday, 25 June 2020

Inert Gas System (4) - Function Check

Tanker တစ်စီးမှာ Inert Gas System ကို Function Check လုပ်ပေးခဲ့ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ စကားပြောကြည့်တော့ System က ပုံမှန် အလုပ်လုပ်တယ် ဆိုပါတယ်။ မကြာခင် Dock ဝင်မှာမို့ မဝင်ခင် Function Check လုပ်ပေးစေချင်တယ် ပြောပါတယ်။ ဒါပေမဲ့ တစ်ကယ် Run ပြီး စမ်းလို့ တော့ မဖြစ်ဘူးဆိုပါတယ်။ ပြဿနာ မရှိပါဘူး။ Simulation input တွေ ပေးပြီး စမ်းကြတာပေါ့။

အစဆုံး CCR ထဲမှာရှိတဲ့ Main Control Panel ကို သွားကြည့်ပါတယ်။ Maker က Aalborg ပါ။Panel ပေါ်မှာ System overview ကို Outline ပြထားပြီး Status LED မီးလုံးလေးတွေက ပုံမှန် လင်းနေပါတယ်။ ဒီ System မှာတော့ IG Generator မရှိပါဘူး။

Inert Gas System ရဲ့ သဘောကို အလွယ်ပြောရရင် Tanker သင်္ဘောတွေရဲ့ Cargo Tank ထဲက ဆီအပေါ်မှာ လေအစား မီးမလောင်လွယ်အောင် အောက်ဆီဂျင် ပါဝင်မှုနည်းတဲ့ Inert Gas တွေထည့်ပေးတာပါ။ Inert Gas ကတော့ boiler ကထွက်တဲ့ မီးခိုးရောနေတဲ့ လေကို ကြပ်ခိုးဖယ် အအေးခံပြီး သုံးကြပါတယ်။ တချို့ သင်္ဘောတွေမှာတော့ boiler က မလုံလောက်ရင် (သို့) boiler မလည်ချိန်ဆိုရင် ထပ်ဖြည့်ပေးဖို့(Top up Mode) အတွက် IG generator ထည့်ထားပါတယ်။ ရှေ့ပိုင်း သင်္ဘော တချို့မှာတော့ Inert Gas အဖြစ် N2 ကို သုံးတာတွေရှိပြီး၊ Nitrogen Generator ရှိတတ်ပါတယ်။
 ပြန်ဆက်ရရင် Control Panel ကိုဖွင့်ကြည့်တော​့ PLC တစ်လုံး နဲ့ ကျန်တာ Relay တွေ၊ timer တွေ၊ Zenar barrier တွေ နဲ့ controller တချို့ တွေ့ရပါတယ်။
Panel ရှေ့မျက်နှာစာမှာ Graph စက္ကူနဲ့ plot လုပ်ပေးနေတဲ့ recorder တစ်ခုရယ်၊ Pressure Controller တစ်လုံးရယ်၊ Temperature Controller တစ်လုံးရယ် တွေ့ရပါတယ်။ Recorder မှာ Channel နှစ်ခု ရှိပါတယ်။ တစ်ခုက O2 % ဖြစ်ပြီး နောက်တစ်ခုက Deck Main Pressure ဖြစ်ပါတယ်။ Deck Main Pressure ဆိုတာ Cargo Tank အဝင် main supply pipe မှာ ရှိနေတဲ့ pressure ကိုပြောတာပါ။ လက်ရှိ 5.2 KPa လောက် ရှိပါတယ်။

System function test မလုပ်ခင် အရေးကြီးတာ နှစ်ခုကို အရင်ဆုံး စစ်ကြည့်ပါမယ်။ O2 analyzer နဲ့ Deck Main Pressure Monitoring device တွေပါ။ ပထမ O2 Analyzer ကိုသွားရှာပါတယ်။
 
Main Deck ကနေ နောက်ဘက် Boiler တွေဆီ ဝင်တဲ့ တံခါးက ဝင်လိုက်တော့ Blower Fan ရယ်၊ Scrubber Tower ရယ် ရှိတဲ့ နေရာမှာ O2 Analyzer နှစ်ခု တွေ့ပါတယ်။
အမှန်တော့ မူရင်း Drawing မှာ တစ်ခုထဲပါ။ နောက်မှ တစ်ခုပျက်ရင် ပြောင်းသုံးဖို့ အရံတစ်ခု ထပ်ထည့်တယ် ထင်ပါတယ်။ Log Sheet ကို ဖတ်ကြည့်တော့ တစ်လတစ်ခါ Calibrate လုပ်ထားတဲ့ Record တော့ တွေ့ရပါတယ်။ ကျွန်တော် Calibration ထပ်လုပ်ကြည့်ပါတယ်။ Procedure အသေးစိတ်တော့ မပြောတော့ပါဘူး။ တစ်ခုနဲ့ တစ်ခု Procedure မတူပါဘူး။ သူ့ instruction အတိုင်း လုပ်သွားတာမို​့ မခက်ပါဘူး။ အကြမ်းဖျင်း ပြောရရင် Sample line တွေပိတ်။ Zero Calibration အတွက် N2 (အဲဒီထဲမှာ O2 - 0% ဒါမှမဟုတ် 2% ပါတဲ့) Gas bottle က ပိုက်လိုင်း ကို ဖွင့်ပြီး တိုင်းပါတယ်။ သူ့ ပါတဲ့ O2 Content နဲ့  Display တန်ဖိုး 0% (သို့) 2% တူရင် ဘာမှလုပ်စရာ မလိုပါဘူး။ မတူရင် ညှိပေးရပါတယ်။ Span Calibration ကတော့ N2 gas အစား Fresh Air line ကို ဖွင့်ပြီး တိုင်းတာပါပဲ။ 20.9% ပြရင် ကောင်းပါတယ်။ လွဲနေရင် ညှိပေးရပါတယ်။ အခု စစ်ကြည့်လိုက်တော့ Analyzer #2 က span နည်းနည် လွဲနေလို့ ညှိပေးလိုက်ပါတယ်။ ဒါ့အပြင် O2 Content 8% ထက်များရင် Alarm လာ သလားဆိုတာ CCR Control Panel နဲ့ ဆက်သွယ် စစ်ပါတယ်။ O2 တန်ဘိုး Local နဲ့ CCR display ညီ၊ မညီလည်း စစ်ကြည့်ပါတယ်။
နောက်တစ်ခု ဖြစ်တဲ့ Deck Main Pressure က Pump Room အဝင်မှာ ရှိပါတယ်။ အဲဒီမှာ Pressure Transmitter တစ်ခုနဲ့ Pressure Switch တစ်ခု တွေ့ပါတယ်။ Spanner နဲ့ အဝင်ပိုက်ကိုဖြုတ်ပြီး Hand pump လေးနဲ့ ဆက်လိုက်ပါတယ်။ တစ်ယောက်က CCR မှာ စောင့်ကြည့်ပေးထားပါတယ်။ Pump ထိုးပြီး Local တန်ဘိုးနဲ့ CCR က display တန်ဘိုး ညီမညီ ကြည့်ပါတယ်။ နောက်တစ်ခုက Pressure High (15 KPa), Pressure Low (2 KPa) Low Low Pressure Switch output (1 KPa) တွေမှာ Alarm output တွေ ထွက်ရဲ့လား စစ်ပါတယ်။ အားလုံး ပုံမှန် အတိုင်း အလုပ်လုပ်ပါတယ်။ 
​အခုမှ System Function Test ကို Simulation input တွေ ပေးပြီး စမ်းကြည့်ပါမယ်။ မစမ်းခင် Precaution အနေနဲ့  IG gas တွေကို မှုတ်ထုတ်ပေးမယ့် Blower fan တွေကို မလည်အောင် Breaker ချထားဖို့ လုပ်ပါတယ်။ စောစောက Blower fan ရှိတဲ့ အခန်း ပြန်သွား Starter panel ရဲ့ Breaker တွေကို Off လုပ်လိုက်ပါတယ်။ အဲဒီလို လုပ်တော့ CCR ထဲက Main Panel မှာ Fan Trip alarm ပေါ်လာပါတယ်။ Drawing ကြည့်ပြီး Fan Trip signal input ကို Jumper wire နဲ့ ကျော်ပေးလိုက်တော့ Alarm မရှိတော့ပါဘူး။
System over view ကြည့်ပြီး တစ်ဆင့်စီ စမ်းသွားပါမယ်။ အစဆုံး Boiler တွေကထွက်လာတဲ့ မီးခိုး (Flue Gas) အဝင် Uptake Valve တွေက စပါမယ်။ အခု လက်ရှိ Boiler 1 နဲ့ Boiler 2 နှစ်ခုစလုံးက Valve တွေက Close ပြနေပါတယ်။ PLC အဝင် Close Signal ကြိုးကို ဖြုတ်၊ Open Signal ကြိုးကို Short လုပ်ပေးလိုက်တော့ Valve  Open အနေအထား ပြနေပါပြီ။ တစ်ကယ့် Valve ကို မဖွင့်ဘဲ Signal နဲ့ အဖွင့်ပြတဲ့သဘောပါ။ Uptake Valve 1 ကို Open အနေအထား Signal ပေးထားလိုက်ပါတယ်။ အဲဒီကလာတဲ့ မီးခိုးတွေ ကို Scrubber Tower ထဲကိုဖြတ် Sea water နဲ့ ဖြန်း သန့်စင်ပြီး အအေးခံမှာပါ။ Scrubber မှာ Water Level high နဲ့ flow low alarm တွေ ရှိပါတယ်။ အဲဒီ ၂ ခုကို Simulation signal ပေးပြီး စမ်းပါတယ်။ Alarm မလာဘူး။ ပြီးမှ သတိရလို့ Control ကို Inert mode ပြောင်းလိုက်တော့ Alarm ထွက်လာပါတယ်။ Alarm ကို reset လုပ်လိုက်ပါတယ်။
Scrubber က ထွက်လာတဲ့ လေကို deck seal ထဲ ဝင်အောင် Blower နဲ့ တွန်းပေးရမှာပါ။ ဒီတော့ Blower Run signal ပေးထားလိုက်ပါတယ်။ (Breaker ချထားတော့ တစ်ကယ် မလည်ပါဘူး) Fan 1 run ပြီး ခဏနေတော့ Fan 1 outlet Valve ပွင့်သွားပါတယ်။ Valve တစ်ကယ် ပွင့်သလား သွားကြည့်တော့လည်း ပွင့်နေတာ တွေ့ရပါတယ်။ နောက်တစ်ခု Fan 2 ကိုတစ်လှည့် run ကြည့်ပြီး Fan 2 outlet valve ကို ပွင့်သလား စစ်ကြည့်ပါတယ်။
​အဲဒီက ထွက်လာတဲ့ Gas ကို O2 % နဲ့ Temperature monitor လုပ်ထားပါတယ်။ ဒီအပိုင်း ခဏထားခဲ့ပြီး နောက်ဆက်သွားရင် ပိုက်က T-joint လို နှစ်ဘက် ခွဲသွားပြီး တစ်ဘက်က အပြင်လေထု၊ နောက်တစ်ဘက်က Deck water seal ကိုဖြတ်ပြီး Cargo tank တွေဆီ inert gas supply လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ လိုင်း အထွက် နှစ်ဘက်မှာ Control  Valve တစ်ခုစီ ရှိပါတယ်။ အဲဒီ Valve နှစ်ခုက တစ်ခုဖွင့်ရင် တစ်ခုပိတ် တစ်ပြိုင်နက်ထဲ အလုပ်လုပ်ပါတယ်။ ဆိုလိုတာက မီးခိုးငွေ့တွေကို Cargo Tank ​တွေဆီ လွှတ်ရင်လွှတ်၊ မလွှတ်ရင် လေထုထဲကို ထုတ်ပစ်မှာပါ။
အဲဒီ Valve နှစ်ခုရဲ့ function ကို စမ်းပါမယ်။ ဒီ Valve တွေက Deck Main Pressure Set Point ပေါ်မှာ မူတည်နေပါတယ်။ 
မစမ်းခင် အဲဒီ Valve တွေရဲ့ Control Circuit ကို နည်းနည်း ပြောပြချင်ပါတယ်။ အဓိက ဇာတ်ကောင်က Pressure Controller လေးပါ။ သူ့မှာ input အနေနဲ့ Pump Room အဝင်က Pressure Transmitter ရဲ့ 4-20mA signal ကို Series ခံပြီး pressure indicator တွေ၊ Recorder တွေနဲ့ ချိတ်ထားပြီး သူဆီ ဝင်ထားပါတယ်။ ရှုပ်သွားမှာစိုးလို့ ကြားထဲမှာ Series ချိတ်ထားတဲ့ Device တွေ ခဏ ဖယ်ထားပြီး စဉ်းစားပါ။ အဲဒါတွေက indicator နဲ့ Recorder function ဆိုတော့ အရေးမကြီးဘူး။ ကြားထဲက Zenar barrier ကလည်း Safety အတွက်ပဲ။ အဲဒါတွေ ဖယ်ပြီး စဉ်းစားရင် Pressure Transmitter ကလာတဲ့ 4-20 mA Signal က Pressure Controller ထဲဝင်တယ်။ ဒါပဲ မှတ်ထားလိုက်။  Controller မှာ Set Point ရှိမယ်။ အဲဒီ Set Point  (SP) နဲ့ စောစောက Transmitter ဆီက Feedback ပြန်လာတဲ့ တန်ဘိုး (PV) အပေါ် မူတည်ပြီး Output အဖြစ် Valve Open / Close signal ကို 4-20mA နဲ့ ထုတ်ပေးပါတယ်။ Valve က နှစ်ခုဖြစ်တဲ့အတွက် Output 4-20 mA ကို series ပေးထားပါတယ်။ တစ်ခုရဲ့ အဖွင့်က တစ်ခုရဲ့ အပိတ် ပေါ့။
စမ်းဖို့ ပြင်တဲ့အနေနဲ့ Pressure Transmitter အဝင်၂ စကို ဖြုတ်ပြီး 4-20 mA injector နဲ့ ဆက်လိုက်ပါတယ်။ နောက်ပြီး Output valve နှစ်ခုဆီ ထွက်တဲ့ ကြိုးကို Multimeter နဲ့ series ချိတ်ပြီး mA တိုင်းထားလိုက်ပါတယ်။ လက်ရှိ Pressure Controller set point က 5 KPa ပါ။ အဝင် mA injector နဲ့ Pressure ကို Simulate လုပ်ပေးလိုက်တော့ 2KPa အောက်မှာ Pressure Low alarm လာပါတယ်။ Output Signal 20mA ထိတက်လာပြီး Main Control Valve ကို ဖွင့်ပေးပါတယ်။ တပြိုင်ထဲမှာ လေထုဆီထုတ်ပေးတဲ့ Purge Control Valve ကို ပိတ်ပေးပါတယ်။ feedback pressure 5 KPa နီးလာတော့ Valve က 20 mA အပြည့် မပွင့်တော့ဘဲ ဖြည်းဖြည်းချင်း ပိတ်လာပါတယ်။ 5 KPA ကျော်တော့ 4 mA လုံးဝ ပိတ်သွားပါတယ်။ 
နောက်တစ်ခါ feed back 3 KPa လောက်မှာ ထားပြီး Valve တွေ ပွင့်နေတဲ့ အချိန်၊ စောစောက ချန်ခဲ့တဲ့ Temperature နဲ့ O2 % ကို စမ်းပါတယ်။ Temperature က လက်ရှိ 34 လောက် ရှိပါတယ်။ Alarm Set Point က 65 ဆိုတော့ Set Point ကို 34 ထက် လျှော့ချပြီး Temp High alarm လာအောင် လုပ်လိုက်ပါတယ်။ Alarm လာတော့ Valve တွေ ပိတ်သွားလား ကြည့်ပါတယ်။ နောက် O2 % ကို 8% ထက် တင်ပြီး O2 high alarm နဲ့ Valve ပိတ်သလား စောင့်ကြည့်ပါတယ်။ အားလုံး ပုံမှန် အလုပ်လုပ်ပါတယ်။

ကျွန်တော် မပြောဘဲ ကျန်ခဲ့တာက Deck water seal ပါ။ ဒါကတော့ ရေထည့်ထားတဲ့ tank ထဲမှာ အဝင်ပိုက်ကို ရေမျက်နှာပြင်ရဲ့ အောက် အထွက်ပိုက်က အပေါ် လေထဲမှာ ထားတာပါ။ ရေ Level က အဝင်ပိုက်ထက် မြင့်နေသမျှ one way valve သဘောမျိုး Cargo tank က inert gas တွေ ပြန်မထွက်လာအောင် လုပ်ပေးတာပါ။ အဲဒီ Deck Seal water level Low alarm ကိုလည်း Panel မှာပဲ Simulate လုပ်ပြီး စမ်းခဲ့ပါတယ်။

ဒါဆိုရင်တော့ IG System အလုပ်လုပ်ပုံလေး အကြမ်းဖျင်း သိနိုင်ပြီပေါ့။

ဝင်းအောင် (ပခုက္ကူ)
၂၅-၆-၂၀၂၀

Saturday, 6 June 2020

Miscellaneous Equipment (6) - Outside Emergency Light Faulty


ကျွန်တော့်ကို လူတစ်ယောက်က ညစာ ထမင်းစားပြီးပြီလားလို့ မေးတယ်။ ကျွန်တော်က စားပြီးပြီလို့ ဖြေလိုက်တယ်။ ခင်ဗျားတို့အိမ်မှာ ဘာဟင်းချက်လဲဆိုတော့ ဝက်သားချက်တယ်လို့ ဖြေလိုက်တယ်။ အဲဒီလူက ကျွန်တော် ညစာကို ဝက်သားဟင်းနဲ့ အိမ်မှာ စားခဲ့တယ်လို့ ယူဆလိုက်တယ်။ တစ်ကယ်က ကျွန်တော် အပြင်မှာ သူငယ်ချင်းနဲ့ ကြေးအိုးစားခဲ့တာကို သူမသိဘူး။ တစ်ခါတလေ မပြည့်စုံတဲ့ အချက်အလက်တွေအပေါ်မှာ ကောက်ချက်ချပြီး ပြဿနာ လုပ်တော့ ဖြေရှင်းရတဲ့သူ ချာချာလည်ရော။ 
ပြဿနာအစက  bunker barge လေး တစ်စင်းကို မိုးကြိုးပစ်ပါတယ်။ ဘာတွေထိခိုက်သွားလဲ စစ်ကြတာပေါ့။ Navigation System တွေ ရေဒါတွေထိသွားတယ်။ ဒါက Furuno ကို ခေါ်ပြီး ရှင်းခိုင်းတာပေါ့။ နောက်ပြဿနာ တစ်ခုက Outside Emergency Light တွေအတွက် Breaker trip ဖြစ်နေတယ်။ တင်လို့မရဘူးတဲ့။ ကျွန်တော် သွားစစ်ပေးရတယ်။
သင်္ဘောပေါ်မှာ ဓာတ်ကြိုးမရှိပါဘူး။ စက်ချုပ်က အင်ဒိုပါ။ သူ လိုက်ပြပါတယ်။ Bridge Console အောက်မှာရှိတဲ့ Emergency Distribution box ထဲမှာ 220V 2 pole breaker ၁၀ ခုလောက် ရှိပါတယ်။ အဲဒီထဲက ဒုတိယတစ်ခုက တင်လို့ မရဘူး ပြောပါတယ်။ Trip ဖြစ်ဖြစ်နေတယ်တဲ့။ ဓာတ်ကြိုးမရှိတော့ စက်ချုပ်ပဲ တတ်သလောက်၊ မှတ်သလောက် ကလိတယ် ထင်ပါတယ်။ သူက ဆက်ပြောတယ်။ ဒီ breaker က ဘယ်မီးတွေအတွက် မသိဘူးတဲ့။ Bridge မှာရှိတဲ့ Lighting Breaker တွေ အကုန် ဖွင့်ပြီး မလင်းတဲ့ မီးချောင်းတွေ လိုက်စစ်တော့ ၈ ခု မီးမလင်းတာတွေ့တယ်။ အဲဒီ ၈ ခုရဲ့ ကြိုးတွေ အကုန် ဖြုတ်ချလိုက်ပြီး စမ်းကြည့်တော့လည်း ဒီ breaker trip ဖြစ်နေတုန်းဘဲတဲ့။ ပြီးတော့ မီးချောင်း ၈ခု ရဲ့ နေရာတွေ လိုက်ပြပါတယ်။ Bridge မှာ တစ်ခု၊ အောက် Accommodation Deck မှာ ၅ ခု၊ အောက်က Boat deck မှာ ၂ ခု။ မီးချောင်း နဲ့ Ballast တွေဆီဆက်တဲ့ Connector တွေကနေ ဖြုတ်ပြီး တိပ်ပတ်ထားတာ တွေ့ရပါတယ်။
အစဆုံး Trip ဖြစ်နေတဲ့ breaker ကို ကြည့်ပါတယ်။ အထွက်ကို တိုင်းကြည့်တော့ 1.3 ohm ပဲ ရှိတယ်။ ကြိုးနံပါတ်နဲ့ နောက်ဘက် လိုက်ကြည့်တော့ Terminal block မှာ ဆက်ထားပါတယ်။ အထွက်ကြိုး ဖြုတ် တိုင်းကြည့်တော့ 1.3 ohm ရှိပြီး Breaker ဘက်မှာ Open ဖြစ်သွားပါတယ်။ Ground နဲ့ တိုင်းကြည့်တော့ clear ဖြစ်ပါတယ်။ အခုအချိန်မှာတော့ breaker တင်လို့ရပါတယ်။
ဒီတော့ breaker ကောင်းတယ်။ အထွက်ကြိုးနှစ်ချောင်းမှာ Short ရှိနေတယ်လို့ ကောက်ချက် ချနိုင်ပါတယ်။ ဒါပေမဲ့ စောစောက မီးချောင်း ၈ စုံမှာ ကြိုးတွေ ဆက်မထားဘဲနဲ​့ ဘာလို့ short ရှိနေရသေးတာလဲ။ ကြိုးထဲမှာ internal short ရှိလို့လား။ နောက်ပြီး ဒီကြိုး ဝင်တဲ့ ပထမဆုံး မီးချောင်းနေရာက တိုင်းရင် ဒီ 1.3 ohm ကို မြင်ရမှာပေါ့။ အဲလို တွေးမိပြီး သူဖြုတ်ထားတဲ့ မီးချောင်းအားလုံး  ကြိုး အဝင်အထွက် လိုက်တိုင်ူကြည့်ပါတယ်။ Earth နဲ့ တိုင်းကြည့်ပါတယ်။ အားလုံး ကင်းကင်းရှင်းရှင်းဘဲ။ ဘယ်မှာမှ short (1.3 ohm) မရှိဘူး။
ပြဿနာက အခုမှ ရှုပ်ပြီ။ စဉ်းစားလို့ မရတာ နှစ်ခု ရှိပါတယ်။ တစ်ခုက Short ဖြစ်နေတဲ့ breaker အထွက်က ကြိုး တစ်စုံ ဘယ်ကို ရောက်သွားတာလဲ။ နောက်တစ်ခုက အဲဒီ မီးမလင်းတဲ့ မီးချောင်းတွေကို အစတုန်းက ဘယ်ကနေ ပါဝါပေးနေလဲ။ 
ဒါနဲ့ Drawing တွေ မွှေလိုက်တော့ အဲဒီ Distribution Box (EL3) အတွက် circuit လေး တွေ့ပါတယ်။ နောက်ပြီး မီးမလင်းတဲ့ မီးချောင်းတွေထဲက တချို့ မီးချောင်းတွေမှာ ကေဘယ် နံပါတ်လေးတွေ တွေ့ရပါတယ်။ အဲဒီနံပါတ်နဲ့ Drawing နဲ့ တိုက်ကြည့်တော့ 3EL1 ဆိုတဲ့ circuit ကပါနေပါတယ်။ ဒါပေမဲ့ အတိအကျတော့ မတူဘူး။ Circuit ထဲမှာ မီးချောင်း ၉ ခုပါတယ်။ အခုမလင်းတာ ၈ ခု။ Drawing အရ အဲဒီ Circuit ထဲမှာ ပါနေတဲ့ မီးချောင်းတချို့က လင်းနေတယ်။ ဘယ်လို ကောက်ချက် ချရမယ်မသိတော့ဘူး။ အရင်က တစ်ယောက်ယောက် Modify လုပ်ထားသလား။
ဒါနဲ့ သေချာအောင် စက်ချုပ်ကို မေးပါတယ်။ အဲဒီမီးချောင်းတွေ အရင်က လင်းတာ သေချာလားလို့။ သူဖြေတာက အကုန်လုံးကို အတိအကျ မသိဘူးတဲ့။ အဲဒီထဲက တစ်ချောင်းကိုတော့ ပြီးခဲ့တဲ့ ၃ လတုန်းက အပြင်အိမ်ကို သူလဲထားတာပါတဲ့။ လဲပြီးတဲ့အချိန် စမ်းကြည့်တော့ မီးလာတာ သေချာတယ်တဲ့။ ကုန်းချုပ်ကို မေးကြည့်တော့လဲ အပြင်မီးတွေ ထွန်းတာ သူ့ ဂျူတီချိန်မဟုတ်တော့ သတိ မထားမိဘူးတဲ့။ စူပါပြောတာတော့ မီးချောင်း ၈ ခုတောင် မလင်းရင် သတိထားမိရမှာပေါ့တဲ့။ ကြိုးတွေ လိုက်ကြည့်ပါပြောတယ်။ ပြဿနာက ကြိုးတွေကို လိုက်ဆွဲကြည့်လို့ မဖြစ်။ မီးချောင်းတွေက အပြင်မှာ ချိတ်ထားတာဆိုတော့ မီးချောင်းက ထွက်တဲ့ကြိုး ပိုက်တစ်ခုထဲ ပြန်ဝင်ပြီး သင်္ဘော structure ထဲ ပြန်ဝင်သွားပါတယ်။ နောက်တစ်နေရာမှ ပိုက်အတိုလေးနဲ့ ပြန်ထွက်လာပါတယ်။ မီးတွေကလည်း Emergency Light နဲ့ Normal Light ရောနေပါတယ်။ ဒီတော့ အမြင်နဲ့ ကြိုးလိုက်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ Cable Trunk အခန်းထဲမှာလည်း Junction Box တွေ မတွေ့ပါဘူး။ 
အဲဒီနေ့က မိုးရွာလာတာမိ​ု့ ဆက်မလုပ်နိုင်တော့ပဲ ပြန်ခဲ့ရပါတယ်။
နောက်တစ်ရက် ပြန်မတက်ခင် ဒီပြဿနာ ရှင်းဖို့ လက်နက်ကြီး ယူလာရပါတယ်။ အဲဒါကတော့ Wire Tracker လေးပါ။ (ပုံကြည့်ပါ)
ဒါလေးက ဒီလိုနေရာတွေမှာ အသုံးတည့်ပါတယ်။ Transmitter ကို wire တစ်ဘက်မှာ ဆက်ပြီး Tone mode ဖွင့်ထားခိုက်ရင် အဲဒီ cable ကို probe လေးနဲ့ အပြင်ကနေ ကပ်လိုက်တာနဲ့ တီတီတီ အသံတိုလေးတွေ ကြားနေရပါတယ်။ ကေဘယ် ဖြုတ်တိုင်းစရာမလိုဘဲ အကြမ်းဖျင်း ရှာလို့ရပါတယ်။
ဒီတစ်ခါ ပြန်တက်တော့ စက်ချုပ်က ကြိုးတွေ အကုန် ပြန်ဆက်ထားပြီးပါပြီ။ ပိုကောင်းပါတယ်။ တစ်ဆက်ထဲဆိုတော့ Cable looping လမ်းကြောင်းကို အလွယ် trace လိုက်နိုင်တာပေါ့။ အစဆုံး Short ဖြစ်နေတဲ့ အထွက်ကြိုး တစ်စကို Transmitter ချိတ်ပြီး Tone ဖွင့်ခဲ့ပါတယ်။ Probe လေးနဲ့ ကြိုးလိုက်စမ်းတော့ Bridge Console အောက် Combing ကနေ ကြမ်းပြင်ထဲ ဝင်သွားပါတယ်။ နောက်ပြီး မီးမလင်းတဲ့ မီးချောင်းတွေ အားလုံးကို လိုက်စစ်ကြည့်တော့ ဘယ်တစ်ချောင်းစီကိုမှ မရောက်ပါဘူး။ ဒါဆိုရင် ဒီ breaker trip ဖြစ်လို့ မီး ၈ ချောင်း မလင်းတာ မဟုတ်တော့ဘူး။ တစ်နည်းပြောရရင် ဒီ breaker နဲ့  အဲဒီ ၈ ချောင်းနဲ့ အဆက်အသွယ် မရှိတာ သေချာ သွားပါပြီ။ ဒီ breaker ရဲ့ ဇာတ်လမ်းဟောင်းတွေ ထားခိုက်ပါတော့။ နောက်တစ်ဆင့် အဲဒီ မီးချောင်း ၈ စုံ လင်းအောင် လုပ်ပေးနိုင်ရင်  တော်ပါပြီ။
ဒီတော့ Nav Deck မှာ ရှိတဲ့ မလင်းတဲ့ မီးတစ်ချောင်းကို ဖြုတ်ပြီး ကြိုးတစ်စကို Transmitter နဲ့ ဆက်လိုက်ပါတယ်။ Tone Trace လိုက်ကြည့်တော့ စောစောက ၈ စုံမှာ ၅ စုံနဲ့ ဆက်နေပါတယ်။ နောက်တစ်ခုက လင်းနေတဲ့ မီးချောင်းဆီမှာလည်း အသံလာမြည်ပါတယ်။ ဒါကြောင့် အဲဒီ မီးချောင်း အိမ်ကိုဖွင့်ကြည့်တော့ အထဲမှာ looping ကြိုးတစ်စုံ ဖြုတ်ပြီး တိပ်ပတ်ထားတာ တွေ့ရပါတယ်။ စက်ချုပ်ကို ခေါ်ပြတော့ သူလုပ်တာတော့ မဟုတ်ဘူးပြောပါတယ်။ ရှေ့က တစ်ယောက်ယောက် အကြောင်းတစ်ခုခုနဲ့ ဖြတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ Short နဲ့ earth leakage တိုင်းကြည့်တော့ ကောင်းနေတာနဲ့ ပြန်ဆက်လိုက်ပါတယ်။ Breaker တွေ အကုန် ပြန်ဖွင့်ကြည့်တော့ အဲဒီ ၅ စုံ ပြန်လင်းသွားပါပြီ။ 
အဲဒီအချိန်မှ စက်ချုပ်က ပြောလာပါတယ်။ အရင်တစ်ခေါက် သူခွင့်မပြန်ခင်က Normal light circuit ထဲက ကြိုး ၂ စကို Low insulation ဖြစ်လို့ Bridge Panel ထဲမှာ ယာယီဖြုတ်ပြီး တိပ်ပတ်ထားဖူးတယ်ပြောပါတယ်။ သူလိုက်ပြတဲ့ Panel ရဲ့ Trunking ထဲက ကြိုး ၂ စဟာ ဖြုတ်ထားရက် အတိုင်း တွေ့ပါတယ်။ အဲဒီကနေ wire tracker နဲ့ စစ်ကြည့်တော့ စောစောက မလင်းဘဲ ကျန်ခဲ့တဲ့ မီးချောင်း ၃ စုံနဲ့ ဆက်နေတာ တွေ့ရပါတယ်။ အဲဒီကြိုးကို short နဲ့ earth leakage စစ်ကြည့်တော့ အဆင်ပြေတာနဲ့ ပြန်တပ်ပေးလိုက်ပါတယ်။ စမ်းကြည့်တော့ မီးချောင်းတွေ အကုန် လင်းနေပါပြီ။
ဒီတော့မှ စက်ချုပ်က Short ဖြစ်တဲ့ Circuit က Forward paint store နားက မလင်းတဲ့ မီးချောင်းတွေ ဖြစ်နိုင်တယ် ပြောပါတယ်။ စက်ချုပ်က ကျန်တာ သူဆက်ရှင်းလိုက်မယ်ပြောပါတယ်။ ကျွန်တော့်ရဲ့ Wire Tracker လေးကိုတော့ Supply လုပ်ဖို့ ဇွတ်ပြောပြီး ယူထားလိုက်ပါတယ်။

ပြန်ခြုံကြည့်ရင် မိုးကြိုးပစ်တာရယ်၊ breaker trip ဖြစ်တာရယ်၊ မလင်းတဲ့ မီးချောင်း ၈ စုံရယ်က ဘာမှ မပတ်သတ်ပါဘူး။ အရင်က သတိမထားမိတဲ့ ပြဿနာတွေစုပြီး ကောက်ချက်ချလွဲလို့ ရှုပ်ထွေး သွားခဲ့ရတာတွေပါ။

ဝင်းအောင် (ပခုက္ကူ)
၆-၆-၂၀၂၀

Sunday, 10 May 2020

Steering Gear (5) - Rudder Indicators Not Match


Bunker Barge လေး တစ်စီးမှာ rudder angle indicator ပြဿနာ သွားရှင်းပေးခဲ့ရပါတယ်။ Super ပြောပြတာကတော့ မကြာသေးခင်က Synchro Motor (Transmitter) အသစ် လဲထားတယ် ပြောပါတယ်။  သင်္ဘောပေါ်ရောက်တော့ စက်ချုပ်က ပြောပြပါတယ်။ Synchro motor လဲပြီးတော့ တစ်ကယ့် Rudder position ရယ်၊ Steering Gear Room ထဲမှာ ရှိတဲ့ Local indicator ရယ်၊ Bridge မျက်နှာကျက်က indicator အဝိုင်းကြီးရယ်က မှန်တယ်တဲ့။ Wing တစ်ဘက် တစ်ချက်က indicator နှစ်ခုရယ်၊ ECR ထဲက indicator ရယ်က မမှန်ဘူး ပြောပါတယ်။ 
လက်ရှိအနေအထားကို စမ်းကြည့်ဖို့ လုပ်ပါတယ်။ ကျွန်တော် စာရွက်အလွတ်မှာ ဇယားလေး ချဆွဲလိုက်ပါတယ်။ ရှေ့ဆုံး Column က Command ပေါ့။ နောက် Column ၃ ခုမှာ Center ရယ်၊ Wing (P) ရယ်၊ Wing (S) ရယ် ထားလိုက်တယ်။ Steering Handle က ပေးတဲ့ Command နဲ့ indicator တွေမှာ ပြတဲ့ တန်ဘိုး တွေ တန်းစီ ရေးလိုက်ပါတယ်။
သူတို့ပြောသလို Bridge Center က indicator ကတော့ တော်တော်နီးစပ်အောင် မှန်ပါတယ်။ ဒါတောင် ဘေးအစွန်မှာ 5 degree လောက် ကွာတယ်။ Wing မှာ ရှိတဲ့ indicator နှစ်ခုကတော့ အများကြီး လွဲပါတယ်။ 

Command   Center   Wing(P)   Wing(S)
     P30               P35        S7            S8
     P20               P24        S19          S20
     P10                P12        S31          S31
        0                 0.        [down]    [down]
     S10                S11         P36         P35
     S20               S23         P24         P24            
     S30               S34         P13         P13

ဂဏန်းတွေချည်းကြည့်ရင် အဓိပ္ပာယ် မသိသာပါဘူး။ Indicator dial ခွက်ကို ကြည့်တော့ တစ်ကယ် ဖြစ်သင့်တဲ့ Position နဲ့ 180 degree ဆန့်ကျင်ဘက်မှာ ပြနေတဲ့ သဘောပါ။

အရင်လည်း ပြောဖူးပါတယ်။ အခု နည်းနည်း ထပ်ပြောပြ​ပါမယ်။ Synchro motor type feedback စနစ်အကြောင်းပါ။ ဒီ feedback စနစ်မှာ 3 phase motor ရဲ့ phase alignment ကို အသုံးချထားပါတယ်။ Transmitter (Tx) တစ်ခုနဲ့ receiver (Rx) တွေကို ကြိုး ၅ ချောင်းစီ အပြိုင် ဆက်ထားပါတယ်။ ၂ ချောင်းက Rotor winding ကို 220 or 110V AC supply ပေးထားပါတယ်။ ကျန်တဲ့ ၃ ချောင်းက 3 phase Stator winding အတွက် ဆက်ထားပါတယ်။ Transmitter ဘက်က Rotor angle ပြောင်းတဲ့အပေါ် မူတည်ပြီး Stator ကြိုး ၃ ချောင်းက phase angle ပြောင်းသွားတော့ Receiver ဘက်က Rotor က လိုက်လည်တဲ့ အချက်ကို သုံးထားတာပါ။
ပထမ Drawing တွေ ရှာကြည့်တော့ Pump နဲ့ Steering Gear control အပိုင်း အသေးစိတ်တွေ့ပေမဲ့ Rudder Angle indicator အပိုင်းက 1 line drawing လေး တစ်ခုပဲ တွေ့ပါတယ်။ အဲဒီ drawing အရ SG room ထဲက Transmitter ကနေ ကြိုး ၅ ချောင်းလာတယ်။ အဲဒီ Upper deck က Fuse Box တစ်ခုထဲ ဝင်သွားတယ်။ အဲဒီကနေ indicator ၅ နေရာကို ကြိုး ၅ ချောင်းစီ  ပြန်ခွဲထွက်တယ်တဲ့။ ဒါလောက် သိရရင် အဆင်ပြေပါပြီ။
အဲဒီ Fuse box ကို အရင်ရှာကြည့်တော့ Cable Trunk အခန်းလေးထဲမှာ တွေ့ပါတယ်။ အောက်ဘက် တစ်တန်းမှာ ကြိုး ၂ ချောင်း စီ Parallel ဆက်ထားတာတွေ့ပါတယ်။ Fuse တွေလည်း တန်းစီ တပ်ထားတယ်။ Fuse တွေ အကုန်ကောင်းမယ်လို့ ယူဆပါတယ်။ တိုင်းကြည့်တော့ AC 220V ရှိပါတယ်။ အပေါ် တစ်တန်းမှာတော့ ကြိုး ၃ ချောင်းစီ looping လုပ်ဆက်ထားတာ တွေ့ရပါတယ်။ 
ပထမဆုံး ပြဿနာကို အရင် စဉ်းစားကြည့်ရအောင်။ ဒီပြဿနာက Transmitters Synchro motor လဲပြီးတော့ ဖြစ်တာဆိုတော့ အဲဒီအချိန်မှာ ဘယ်လို ကြိုးတွေ ရွှေ့ပြောင်းညှိထားတယ် မသိဘူး။ Transmitter နဲ့ Local ရယ် Bridge Center indicator တွေက ညီတယ်ဆိုတော့ မထိပဲထားလိုက်ပြီး ကျန်တဲ့ ၃ ခုကို လိုက်ချိန်မယ် စဉ်းစားပါတယ်။ နောက်တစ်ခုက မမှန်တဲ့ indicator တွေရဲ့ position က ၁၈၀ ဒီဂရီ လွဲနေတယ်ဆိုတော့ 3 phase ကြိုးတွေရဲ့ Sequence ပြောင်းကြည့်ရင် ရနိုင်မလား။ ကြိုးစားကြည့်တာပေါ့။ 
Wing (P) နဲ့ Wing (S) indicator တွေကို အရင်စပြီး ​ြေပာင်းကြည့်ပါတယ်။ ဥပမာ R-S-T ကို S-T-R လို့ ပြောင်းတာပေါ့။ သုံးချောင်းလုံး အစဉ်လိုက် ပြောင်းပါတယ်။ ၂ ချောင်းထဲ ပြောင်းမိရင် လက်ဝဲရစ်၊ လက်ယာရစ် rotation ပြောင်းပြန် လည်သွားမှာမို့ပါ။ အဲလိုပြောင်းဖို့ ကြိုး ဖြုတ်တဲ့အချိန် Resistance တိုင်းကြည့်တော့ 3 phase က တူပါတယ်။ 70 ohm ဝန်းကျင်လောက် ရှိပါတယ်။
ပြောင်းပြီးတဲ့အချိန် Bridge မှာ တက်ပြီး စမ်းကြည့်ပါတယ်။ Command 0 position မှာ Wing နှစ်ခုက P15 လောက် ပြပါတယ်။ Steering ရွှေ့ကြည့်တော့ အလိုက်သင့် Port 15 degree လောက် offset ဖြစ်နေပါတယ်။
ဒါနဲ့ နောက်တစ်ခေါက် ကြိုးတွေ အစဉ်လိုက် တစ်ကြိမ်ထပ်ရွှေ့ပါတယ်။ အပေါ်က ဥပမာအရ ကြိုး sequence ကို T-R-S လို့ ပြောင်းလိုက်တာပေါ့။ ဒီတစ်ခါ ထပ်စမ်းတော့ Stbd 15 degree လောက် offset ဖြစ်နေပြန်ပါတယ်။ 
ဒါဆိုရင်တော့ ကြိုး sequence ပြောင်းရုံနဲ့ မရနိုင်တော့ပါဘူး။ indicator အဖုံးဖွင့်ပြီး Pointer တွေ ဖြုတ်ညှိဖို့ လိုပါပြီ။ ဒါနဲ့ indicator တွေကို တက်ကြည့်ပါတယ်။ အခြေအနေ မကောင်းပါဘူး။ အပြင်ဘက်မှာဆိုတော​့ မိုးဒဏ်၊ လေဒဏ်နဲ​့ Screw တွေ သံချေးတက်ပြီး ဆွေးနေပါတယ်။ ကြိုးစားဖြုတ်ကြည့်တော့ တစ်လုံးပဲပြုတ်ပါတယ်။ ကျန်တာတွေ ဖြုတ်မရတော့ပါဘူး။ ဒါဆိုရင် ဒီ unit တွေကို ညှိဖို့ လမ်းပျောက်သွားပါပြီ။ 
ပြဿနာတော့ အကြီးအကျယ် တက်ပြီပေါ့။ Screw ကို ရတဲ့နည်းနဲ့ ဖျက်ပြီးဖွင့်ရင် ရေလုံအောင် ပြန်ပိတ်ဖို့ မလွယ်။ ဘာလုပ်ရမလဲ။ စက်ချုပ်နဲ့ Super ကို အခြေအနေ သတင်းပို့ပါတယ်။ 
ပြီးတော့ Feedback transmitter unit, Local indicator နဲ​့ Bridge center unit တွေကို အဖုံးဖွင့်ကြည့်ပါတယ်။ သူတို့ သဘောတူရင် ဒီ unit တွေကနေ ပြန်ညှိဖို့ ပြောကြည့်ပါတယ်။ သူတို့ကတော့ လက်ရှိ အခြေအနေထက် ပိုဆိုးသွားမှာ စိုးလို့ သိပ်တော့ မထိစေချင်ပါဘူး။ ကျွန်တော်က အနည်းဆုံး ဒီအနေအထား ပြန်ရစေမယ် အာမခံပြီး ပြောတော့မှ စက်ချုပ်က သဘောတူပါတယ်။
ကဲ သုညက ပြန်စရမှာပေါ့။ အစဆုံး SG အခန်းထဲက Feedback Transmitter box ကို ဖွင့်လိုက်ပါတယ်။ အထဲမှာ Linkage လက်တံနဲ့ ဆက်ထားတဲ့ gear အဝိုင်းကြီးတစ်ခု ရှိပါတယ်။ သူ့ အသွားတွေနဲ့ ချိတ်ထားတဲ့ gear အသေး နှစ်စုံမှာ တစ်စုံက Synchro Motor ကိုသုံးထားပြီး နောက်တစ်စုံက Potentiometer တစ်ခုမှာ သုံးထားပါတယ်။ အဲဒီ Pot က Follow up mode အတွက် ဖြစ်ပါလိမ့်မယ်။ အခု Follow up position က မှန်နေတယ်ဆိုတော့ သူ့ကို မထိတော့ပါဘူး။
လက်ရှိ Rudder ရဲ့ တစ်ကယ့် အနေအထား (Physical Position) ကို Mechanical pointer နဲ့ ကြည့်တော့ 0 မှာ ရှိနေပါတယ်။ အခု ညှိမယ်ဆိုတော့ Wing indicator တွေကို အခြေခံပြီး အကုန်တူအောင် လိုက်ချိန်ရမှာပါ။ တစ်ကယ့် position 0 မှာ Wing indicator က 15S လောက် ပြနေတယ်ဆိုတော့ သု့ကို 0 ရောက်အောင် Transmitter (Tx) ကနေ ရွှေ့ယူပါမယ်။ Tx ရွှေ့ရင် Receiver (Rx) တွေဖြစ်တဲ့ indicator ၅ ခုလုံး လိုက်ပြောင်းပါလိမ့်မယ်။ ကျန်တာ နောက်မှ လိုက်ညှိတာပေါ့။
Tx Synchro motor shaft နဲ့ gear လေးကို lock လုပ်ထားတဲ့ set screw နှစ်ခုကို လျှော့လိုက်ပါတယ်။ motor shaft ကို Long nose plier လေးနဲ့ ညှပ်ပြီး နည်းနည်းစီ ရွှေ့လိုက်တော့ local indicator မှာ ရွေ့တာမြင်နေရပါတယ်။ 15P လောက် ချိန်လိုက်ပြီး Bridge က တစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။ Center indicator က 15P ပြတယ်။ Wing နှစ်ခုက 0 နဲ့ တော်တော် နီးနေပါပြီ။ အသေးစိတ် ထပ်ညှိပြီး 0 ရတော့ Tx  ရဲ့ gear ကို lock လုပ်လိုက်ပါတယ်။ လက်တွေ့မှာတော့ gear က box အထဲ ရောက်နေတော့ လုပ်ရတာ တော်တော် လက်ဝင်ပါတယ်။ trial and error နဲ့  တော်တော် လုပ်လိုက်ရပါတယ်။
ပြီးတော့ local indicator အဖုံးဖွင့် Pointer အတွက် set screw လေးလျှော့ပြီး 0 ပြန်ထားလိုက်ပါတယ်။
နောက် Bridge က Center indicator unit ကို 0 ပြန်ချိန်လိုက်ပါတယ်။ စမ်းကြည့်တော့ ဒီ ၄ ခု အကုန်မှန်နေပါပြီ။ Position အမျိုးမျိုး ထားကြည့်တော့ အနီးစပ်ဆုံး မှန်နေပါတယ်။ Span နည်းနည်း များနေတာတွေ့ပေမဲ့ ညှိရမယ့် preset အသေးစိတ် မသိနိုင်လို့ ဒီတိုင်း ထားလိုက်ပါတယ်။ သူကြီးကလည်း လက်ခံနိုင်တဲ့ အနေအထားမို့ပါ။ 
နောက်ဆုံး တစ်ခု ကျန်သေးတယ်။ ECR ထဲက indicator ပါ။ ECR ထဲ ဆင်းကြည့်တော့ Neutral မှာ 40P လောက် ပြနေပါတယ်။ မော်တာ လည်တဲ့ ပမာဏနဲ့ ကြည့်ရင် ၁၂၀ ဒီဂရီလောက် ကွာနေတာပေါ့။ ဒါဆိ​ုတော့ indicator ဖွင့်ပြီး မညှိတော့ပဲ Fuse box ကနေ ကြိုးပြောင်းပေးလို့ ရတာမို့ ကြိုး phase ပြောင်းပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၁၁-၅-၂၀၂၀