Sunday 10 May 2020

Steering Gear (5) - Rudder Indicators Not Match


Bunker Barge လေး တစ်စီးမှာ rudder angle indicator ပြဿနာ သွားရှင်းပေးခဲ့ရပါတယ်။ Super ပြောပြတာကတော့ မကြာသေးခင်က Synchro Motor (Transmitter) အသစ် လဲထားတယ် ပြောပါတယ်။  သင်္ဘောပေါ်ရောက်တော့ စက်ချုပ်က ပြောပြပါတယ်။ Synchro motor လဲပြီးတော့ တစ်ကယ့် Rudder position ရယ်၊ Steering Gear Room ထဲမှာ ရှိတဲ့ Local indicator ရယ်၊ Bridge မျက်နှာကျက်က indicator အဝိုင်းကြီးရယ်က မှန်တယ်တဲ့။ Wing တစ်ဘက် တစ်ချက်က indicator နှစ်ခုရယ်၊ ECR ထဲက indicator ရယ်က မမှန်ဘူး ပြောပါတယ်။ 
လက်ရှိအနေအထားကို စမ်းကြည့်ဖို့ လုပ်ပါတယ်။ ကျွန်တော် စာရွက်အလွတ်မှာ ဇယားလေး ချဆွဲလိုက်ပါတယ်။ ရှေ့ဆုံး Column က Command ပေါ့။ နောက် Column ၃ ခုမှာ Center ရယ်၊ Wing (P) ရယ်၊ Wing (S) ရယ် ထားလိုက်တယ်။ Steering Handle က ပေးတဲ့ Command နဲ့ indicator တွေမှာ ပြတဲ့ တန်ဘိုး တွေ တန်းစီ ရေးလိုက်ပါတယ်။
သူတို့ပြောသလို Bridge Center က indicator ကတော့ တော်တော်နီးစပ်အောင် မှန်ပါတယ်။ ဒါတောင် ဘေးအစွန်မှာ 5 degree လောက် ကွာတယ်။ Wing မှာ ရှိတဲ့ indicator နှစ်ခုကတော့ အများကြီး လွဲပါတယ်။ 

Command   Center   Wing(P)   Wing(S)
     P30               P35        S7            S8
     P20               P24        S19          S20
     P10                P12        S31          S31
        0                 0.        [down]    [down]
     S10                S11         P36         P35
     S20               S23         P24         P24            
     S30               S34         P13         P13

ဂဏန်းတွေချည်းကြည့်ရင် အဓိပ္ပာယ် မသိသာပါဘူး။ Indicator dial ခွက်ကို ကြည့်တော့ တစ်ကယ် ဖြစ်သင့်တဲ့ Position နဲ့ 180 degree ဆန့်ကျင်ဘက်မှာ ပြနေတဲ့ သဘောပါ။

အရင်လည်း ပြောဖူးပါတယ်။ အခု နည်းနည်း ထပ်ပြောပြ​ပါမယ်။ Synchro motor type feedback စနစ်အကြောင်းပါ။ ဒီ feedback စနစ်မှာ 3 phase motor ရဲ့ phase alignment ကို အသုံးချထားပါတယ်။ Transmitter (Tx) တစ်ခုနဲ့ receiver (Rx) တွေကို ကြိုး ၅ ချောင်းစီ အပြိုင် ဆက်ထားပါတယ်။ ၂ ချောင်းက Rotor winding ကို 220 or 110V AC supply ပေးထားပါတယ်။ ကျန်တဲ့ ၃ ချောင်းက 3 phase Stator winding အတွက် ဆက်ထားပါတယ်။ Transmitter ဘက်က Rotor angle ပြောင်းတဲ့အပေါ် မူတည်ပြီး Stator ကြိုး ၃ ချောင်းက phase angle ပြောင်းသွားတော့ Receiver ဘက်က Rotor က လိုက်လည်တဲ့ အချက်ကို သုံးထားတာပါ။
ပထမ Drawing တွေ ရှာကြည့်တော့ Pump နဲ့ Steering Gear control အပိုင်း အသေးစိတ်တွေ့ပေမဲ့ Rudder Angle indicator အပိုင်းက 1 line drawing လေး တစ်ခုပဲ တွေ့ပါတယ်။ အဲဒီ drawing အရ SG room ထဲက Transmitter ကနေ ကြိုး ၅ ချောင်းလာတယ်။ အဲဒီ Upper deck က Fuse Box တစ်ခုထဲ ဝင်သွားတယ်။ အဲဒီကနေ indicator ၅ နေရာကို ကြိုး ၅ ချောင်းစီ  ပြန်ခွဲထွက်တယ်တဲ့။ ဒါလောက် သိရရင် အဆင်ပြေပါပြီ။
အဲဒီ Fuse box ကို အရင်ရှာကြည့်တော့ Cable Trunk အခန်းလေးထဲမှာ တွေ့ပါတယ်။ အောက်ဘက် တစ်တန်းမှာ ကြိုး ၂ ချောင်း စီ Parallel ဆက်ထားတာတွေ့ပါတယ်။ Fuse တွေလည်း တန်းစီ တပ်ထားတယ်။ Fuse တွေ အကုန်ကောင်းမယ်လို့ ယူဆပါတယ်။ တိုင်းကြည့်တော့ AC 220V ရှိပါတယ်။ အပေါ် တစ်တန်းမှာတော့ ကြိုး ၃ ချောင်းစီ looping လုပ်ဆက်ထားတာ တွေ့ရပါတယ်။ 
ပထမဆုံး ပြဿနာကို အရင် စဉ်းစားကြည့်ရအောင်။ ဒီပြဿနာက Transmitters Synchro motor လဲပြီးတော့ ဖြစ်တာဆိုတော့ အဲဒီအချိန်မှာ ဘယ်လို ကြိုးတွေ ရွှေ့ပြောင်းညှိထားတယ် မသိဘူး။ Transmitter နဲ့ Local ရယ် Bridge Center indicator တွေက ညီတယ်ဆိုတော့ မထိပဲထားလိုက်ပြီး ကျန်တဲ့ ၃ ခုကို လိုက်ချိန်မယ် စဉ်းစားပါတယ်။ နောက်တစ်ခုက မမှန်တဲ့ indicator တွေရဲ့ position က ၁၈၀ ဒီဂရီ လွဲနေတယ်ဆိုတော့ 3 phase ကြိုးတွေရဲ့ Sequence ပြောင်းကြည့်ရင် ရနိုင်မလား။ ကြိုးစားကြည့်တာပေါ့။ 
Wing (P) နဲ့ Wing (S) indicator တွေကို အရင်စပြီး ​ြေပာင်းကြည့်ပါတယ်။ ဥပမာ R-S-T ကို S-T-R လို့ ပြောင်းတာပေါ့။ သုံးချောင်းလုံး အစဉ်လိုက် ပြောင်းပါတယ်။ ၂ ချောင်းထဲ ပြောင်းမိရင် လက်ဝဲရစ်၊ လက်ယာရစ် rotation ပြောင်းပြန် လည်သွားမှာမို့ပါ။ အဲလိုပြောင်းဖို့ ကြိုး ဖြုတ်တဲ့အချိန် Resistance တိုင်းကြည့်တော့ 3 phase က တူပါတယ်။ 70 ohm ဝန်းကျင်လောက် ရှိပါတယ်။
ပြောင်းပြီးတဲ့အချိန် Bridge မှာ တက်ပြီး စမ်းကြည့်ပါတယ်။ Command 0 position မှာ Wing နှစ်ခုက P15 လောက် ပြပါတယ်။ Steering ရွှေ့ကြည့်တော့ အလိုက်သင့် Port 15 degree လောက် offset ဖြစ်နေပါတယ်။
ဒါနဲ့ နောက်တစ်ခေါက် ကြိုးတွေ အစဉ်လိုက် တစ်ကြိမ်ထပ်ရွှေ့ပါတယ်။ အပေါ်က ဥပမာအရ ကြိုး sequence ကို T-R-S လို့ ပြောင်းလိုက်တာပေါ့။ ဒီတစ်ခါ ထပ်စမ်းတော့ Stbd 15 degree လောက် offset ဖြစ်နေပြန်ပါတယ်။ 
ဒါဆိုရင်တော့ ကြိုး sequence ပြောင်းရုံနဲ့ မရနိုင်တော့ပါဘူး။ indicator အဖုံးဖွင့်ပြီး Pointer တွေ ဖြုတ်ညှိဖို့ လိုပါပြီ။ ဒါနဲ့ indicator တွေကို တက်ကြည့်ပါတယ်။ အခြေအနေ မကောင်းပါဘူး။ အပြင်ဘက်မှာဆိုတော​့ မိုးဒဏ်၊ လေဒဏ်နဲ​့ Screw တွေ သံချေးတက်ပြီး ဆွေးနေပါတယ်။ ကြိုးစားဖြုတ်ကြည့်တော့ တစ်လုံးပဲပြုတ်ပါတယ်။ ကျန်တာတွေ ဖြုတ်မရတော့ပါဘူး။ ဒါဆိုရင် ဒီ unit တွေကို ညှိဖို့ လမ်းပျောက်သွားပါပြီ။ 
ပြဿနာတော့ အကြီးအကျယ် တက်ပြီပေါ့။ Screw ကို ရတဲ့နည်းနဲ့ ဖျက်ပြီးဖွင့်ရင် ရေလုံအောင် ပြန်ပိတ်ဖို့ မလွယ်။ ဘာလုပ်ရမလဲ။ စက်ချုပ်နဲ့ Super ကို အခြေအနေ သတင်းပို့ပါတယ်။ 
ပြီးတော့ Feedback transmitter unit, Local indicator နဲ​့ Bridge center unit တွေကို အဖုံးဖွင့်ကြည့်ပါတယ်။ သူတို့ သဘောတူရင် ဒီ unit တွေကနေ ပြန်ညှိဖို့ ပြောကြည့်ပါတယ်။ သူတို့ကတော့ လက်ရှိ အခြေအနေထက် ပိုဆိုးသွားမှာ စိုးလို့ သိပ်တော့ မထိစေချင်ပါဘူး။ ကျွန်တော်က အနည်းဆုံး ဒီအနေအထား ပြန်ရစေမယ် အာမခံပြီး ပြောတော့မှ စက်ချုပ်က သဘောတူပါတယ်။
ကဲ သုညက ပြန်စရမှာပေါ့။ အစဆုံး SG အခန်းထဲက Feedback Transmitter box ကို ဖွင့်လိုက်ပါတယ်။ အထဲမှာ Linkage လက်တံနဲ့ ဆက်ထားတဲ့ gear အဝိုင်းကြီးတစ်ခု ရှိပါတယ်။ သူ့ အသွားတွေနဲ့ ချိတ်ထားတဲ့ gear အသေး နှစ်စုံမှာ တစ်စုံက Synchro Motor ကိုသုံးထားပြီး နောက်တစ်စုံက Potentiometer တစ်ခုမှာ သုံးထားပါတယ်။ အဲဒီ Pot က Follow up mode အတွက် ဖြစ်ပါလိမ့်မယ်။ အခု Follow up position က မှန်နေတယ်ဆိုတော့ သူ့ကို မထိတော့ပါဘူး။
လက်ရှိ Rudder ရဲ့ တစ်ကယ့် အနေအထား (Physical Position) ကို Mechanical pointer နဲ့ ကြည့်တော့ 0 မှာ ရှိနေပါတယ်။ အခု ညှိမယ်ဆိုတော့ Wing indicator တွေကို အခြေခံပြီး အကုန်တူအောင် လိုက်ချိန်ရမှာပါ။ တစ်ကယ့် position 0 မှာ Wing indicator က 15S လောက် ပြနေတယ်ဆိုတော့ သု့ကို 0 ရောက်အောင် Transmitter (Tx) ကနေ ရွှေ့ယူပါမယ်။ Tx ရွှေ့ရင် Receiver (Rx) တွေဖြစ်တဲ့ indicator ၅ ခုလုံး လိုက်ပြောင်းပါလိမ့်မယ်။ ကျန်တာ နောက်မှ လိုက်ညှိတာပေါ့။
Tx Synchro motor shaft နဲ့ gear လေးကို lock လုပ်ထားတဲ့ set screw နှစ်ခုကို လျှော့လိုက်ပါတယ်။ motor shaft ကို Long nose plier လေးနဲ့ ညှပ်ပြီး နည်းနည်းစီ ရွှေ့လိုက်တော့ local indicator မှာ ရွေ့တာမြင်နေရပါတယ်။ 15P လောက် ချိန်လိုက်ပြီး Bridge က တစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။ Center indicator က 15P ပြတယ်။ Wing နှစ်ခုက 0 နဲ့ တော်တော် နီးနေပါပြီ။ အသေးစိတ် ထပ်ညှိပြီး 0 ရတော့ Tx  ရဲ့ gear ကို lock လုပ်လိုက်ပါတယ်။ လက်တွေ့မှာတော့ gear က box အထဲ ရောက်နေတော့ လုပ်ရတာ တော်တော် လက်ဝင်ပါတယ်။ trial and error နဲ့  တော်တော် လုပ်လိုက်ရပါတယ်။
ပြီးတော့ local indicator အဖုံးဖွင့် Pointer အတွက် set screw လေးလျှော့ပြီး 0 ပြန်ထားလိုက်ပါတယ်။
နောက် Bridge က Center indicator unit ကို 0 ပြန်ချိန်လိုက်ပါတယ်။ စမ်းကြည့်တော့ ဒီ ၄ ခု အကုန်မှန်နေပါပြီ။ Position အမျိုးမျိုး ထားကြည့်တော့ အနီးစပ်ဆုံး မှန်နေပါတယ်။ Span နည်းနည်း များနေတာတွေ့ပေမဲ့ ညှိရမယ့် preset အသေးစိတ် မသိနိုင်လို့ ဒီတိုင်း ထားလိုက်ပါတယ်။ သူကြီးကလည်း လက်ခံနိုင်တဲ့ အနေအထားမို့ပါ။ 
နောက်ဆုံး တစ်ခု ကျန်သေးတယ်။ ECR ထဲက indicator ပါ။ ECR ထဲ ဆင်းကြည့်တော့ Neutral မှာ 40P လောက် ပြနေပါတယ်။ မော်တာ လည်တဲ့ ပမာဏနဲ့ ကြည့်ရင် ၁၂၀ ဒီဂရီလောက် ကွာနေတာပေါ့။ ဒါဆိ​ုတော့ indicator ဖွင့်ပြီး မညှိတော့ပဲ Fuse box ကနေ ကြိုးပြောင်းပေးလို့ ရတာမို့ ကြိုး phase ပြောင်းပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၁၁-၅-၂၀၂၀


No comments:

Post a Comment