Tuesday 28 March 2017

Incinerator (1) - Draught (Draft) error


ပြေလည်သွားတဲ့ ပြဿနာတွေရှိသလို မပြေလည်ဘဲ ပြန်ခဲ့ရတဲ့ အတွေ့အကြုံတွေလည်း ရှိတတ်ပါတယ်။ အခုပြဿနာကလည်း အဲဒီထဲက တစ်ခုပေါ့ဗျာ။
ဒီသင်္ဘောမှာ ရွှေတွေ များပါတယ်။ စက်ချုပ် နဲ့ ETO အပါအဝင် ပေါ့။ စက်ချုပ်က  မကြာမီက incinerator control PLC မှာ Battery low alarm ပြနေလို့ battery မှာထားတယ်ပြောပါတယ်။ အဲဒီ battery အသစ်ရောက်ပြီမို့ လဲပေးဖို့ အကူအညီတောင်းပါတယ်။ အဟောင်းဖြုတ်ပြီး စက္ကန့် ၂၀ အတွင်း အသစ်ထည့်ရမယ်ပြောပါတယ်။ ညီလေးတစ်ယောက်ကူလဲပေးလိုက်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြတ်ဖြတ်လတ်လတ်ဆိုတော့ ၁၂ စက္ကန့်လောက်နဲ့ပြီးသွားပါတယ်။
Battery လဲပြီး power on စ run တော့ draft error နဲ့ ရပ်သွားတယ်ပြောပါတယ်။ အမျိုးမျိုး ကြိုးစား run လည်း အတူတူပါဘဲ။ လာအကူအညီတောင်းတော့ ကြည့်ပေးရတာပေါ့။ 

မစခင် ဆီ၊လေ ဖွင့်ထားပြီးသားဆိုတော့ compressed air pressure ဘဲ စစ်ကြည့်ပါတယ်။ solid waste mode မှာ run မှာဆိုတော့ sludge tank နဲ့ပတ်သတ်တာ စစ်စရာ မလိုတော့ဘူးပေါ့။
စက်စပြီး HMI screen က ပေါ်သမျှ အချက်အလက်တွေ စောင့်ကြည့်ပါတယ်။ Draft fan လည်ပါတယ်။ oil pump လည်ပါတယ်။ Chamber temp က 40 C လောက် Chamber pressure က 0 mmWC ဘဲ။ မပြောင်းဘူး။ ခဏလေး နေတော့ Draft error တက်လာပြီး ရပ်သွားပါတယ်။ 
ကြုံလို့ပြောရဦးမယ် draft ဆိုတာ chamber ထဲကလေပူ (flu gas) pressure နဲ့ အပြင်လေထု ဖိအား Atmospheric Pressure (ATM) ရဲ့ ကွာဟချက်ကို ပြောတာပါ။ Boiler တွေမှာ FD fan ဆိုတာ Forced Draft fan ကိုပြောတာ။ အတွင်းမှာ pressure များအောင် မှုတ်ထည့်ပေးတာပေါ့။ အတွင်းမှာ pressure နည်းယင် induced draft လို့ခေါ်ပါတယ်။
ပထမ စက်စဖွင့်ဖွင့်ချင်း inialization ပြီးတာနဲ့ purging cycle မှာ chamber ထဲကလေကို စုပ်ထုတ်ပါတယ်။ ပြီးတော့ မှ fire sequence စပါတယ်။ အဲဒီမှာ ဆီ၊လေ၊မီး ဖွင့်ပြီး မီးရှို့ပါတယ်။ မီးတောက်မတောက် flame eye detector နဲ့ စောင့်ကြည့်တာပါ။
အခုဟာ fire sequence မရောက်ခင် ဖြတ်ချတာဆိုတော့ ဆီ၊မီး (ignition) ကြည့်စရာမလိုတော့ဘူး။

ဖြစ်နိုင်ချေတွေစဉ်းစားရပါပြီ။ draft fan /exhaust fan လည်နေတယ်။ အဲဒီ fan အခြေမှာ damper flipper ကို Cam နဲ့ ဖွင့်/ပိတ် လုပ်ပေးတဲ့ damper motor နဲ့ပတ်သတ်နေလား။ ပြန်စပြီး damper motor ကို control လုပ်တဲ့ PLC output signal ကြည့်တော့ အလုပ်လုပ်ပါတယ်။ damper Cam mechanism ကလည်း jam မဖြစ်နေဘူး။ ပြန်စတော့ purging cycle မှာ damper ကိုစောင့်ကြည့်တော့ ရွေ့တယ်။ ဒါဆို motor လည်းကောင်းတယ်ပေါ့။ Chm pressure ဘာလို့မပြောင်းတာလဲ။
 
Chm Pressure ကို ပိုက်လေးတစ်ချောင်းနဲ့ panel ထဲက control unit တစ်ခုမှာ ဆက်ပြီး sense လုပ်ပါတယ်။ အဲဒီ unit ကို ကြည့်တော့ သူက pressure နဲ့ flame eye ၂ မျိုးကို control လုပ်တယ်တဲ့။ တစ်ခြမ်းစီပေါ့။ အဲဒီ  unit မကောင်းလို့လား။ ပိုက်လေးကို အလယ်ဆက်ထားတဲ့နေရာကဖြုတ်၊ ပါးစပ်နဲ့ဘဲ မှုတ်/စုပ် လုပ်ကြည့်တော့ display မှာ chm pressure value ပြောင်းသွားတယ်။ ဒါဆို unit ကောင်းတာပေါ့။ chm ဘက်အပိုင်းက ပိုက်ပိတ်နေလို့လား။
မှုတ်ထုတ် ရှင်းလိုက်ပြီး ထပ်စမ်း run ကြည့်တယ်။ draft fan လည်တော့ chm pressure တန်ဘိုး ပြောင်းသွားပြီ -20 mmWC လောက်ပြတယ်။ ဒီလောက်ဆို အဆင်ပြေသင့်ပြီ။ ဒါပေမယ့် draft error နဲ့ဖြတ်ချတာဘဲ။
ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ PLC ရဲ့ set point parameters တွေပျောက်ကုန်တာလားလို့။ battery လဲတာ သူပြောတဲ့ စက္ကန့်၂၀ အတွင်းတော့ ပြီးပါတယ်။ ဒါပေမဲ့ battery low ပြပြီး battery မှာတာ ဘယ်လောက်ကြာသွားလဲ။ အဲဒီအချိန်အတွင်း backup power မလောက်တော့ယင်လည်း သိမ်းထားတဲ့ parameter တွေပျောက်နိုင်ပါတယ်။
ပြောရဦးမယ်။ PLC မှာ Memory နှစ်မျိုးရှိပါတယ်။ voltile memory နဲ့ non-voltile memory လို့ခေါ်ပါတယ်။ voltile memory က power ပိတ်လိုက်ယင် ပျောက်သွားပြီး non-voltile memory က power မရှိလည်း ပျောက်မသွားပါဘူး။ EPROM, EEPROM, SD, Flash memory cards တွေက non-voltile type ထဲမှာ ပါတာပေါ့။ ဒီ PLC မှာ EEPROM card တစ်ခုတွေ့ပါတယ်။ နောက်ပြီး back up battery လည်း ရှိတော့ memory ၂ မျိုးလုံး ရှိတယ်လို့ ယူဆရပါတယ်။ PLC Program ကို non-voltile memory ဖြစ်တဲ့ EEPROM ထဲမှာ သိမ်းထားပြီး setting တွေ parameter တွေကို voltile memory ထဲမှာသိမ်းထားတာ ဖြစ်နိုင်ပါတယ်။

အဲဒီဟာကိုသိရအောင် manual ပြန်ဖတ်ပြီး HMI ရဲ့ parameter page ဝင်ကြည့်တော့ အကုန် ### တွေဖြစ်နေပါတယ်။ parameter ၁၀၀ ကျော်ကို စာအုပ်မှာပါတဲ့ Standard setting တွေထည့်၊Save လုပ်ပြီး ပြန်စကြည့်တော့ အဆင်ပြေသွားပါတယ်။ ဆီတွေလေတွေ ညှိစရာမလိုဘဲ မီးတောက်ပါတယ်။ Stage 2, stage 3 မီးအားမြှင့်ပြီး တောက်ပါတယ်။
၁၀ မိနစ်လောက်ကြာတော့ error တစ်ခုတက်ပြီး မီးသေသွားပါတယ်။ မသင်္ကာလို့ parameter page ပြန်ကြည့်တော့ ထည့်ထားတဲ့ setting အကုန်ပြန်ပျောက်သွားပါတယ်။ manual ထဲမှာပါတဲ့ password (2468) နဲ့ဘဲ login ဝင်ထားတော့ save လုပ်မရတာ လို့ထင်ပါတယ်။ service level password ကိုရှာလို့မရပါ။ အမျိုးမျိုးကြိုးစားပေမယ့် မရတော့ နဲ့ လက်လျှော့ခဲ့ရပါတယ်။
ကျွန်တော် မအောင်မြင်ခဲ့တဲ့ case လေးတစ်ခုပါ။ စိတ်ခိုးလို့ခုလုနဲ့ ပြန်ခဲ့ရတာပေါ့ဗျာ။ 

No comments:

Post a Comment