Friday, 8 May 2020

Bow Thruster (4) - Follow up Mode Not Working

တစ်ခါတလေမှာတော့ အကြောင်းရင်းကို စဉ်းစားမရနိုင်တာတွေ ကြုံရပါတယ်။ ကြိုးစားတွေးယူလို့ မရနိုင်တဲ့အဆုံး လိုချင်တဲ့ ရလဒ်ရအောင်ပဲ ဖြေရှင်းပေးခဲ့ရတာတွေ ရှိပါတယ်။ 

မကြာခင်က သင်္ဘောတစ်စီးမှာ Bow Thruster ပြဿနာ သွားစစ်ပေးရပါတယ်။ Bridge ရောက်တော့ အိန္ဒိယ သူကြီးက ပြဿနာကို ရှင်းပြရင်း လက်တွေ့ စမ်းပြပါတယ်။ စက်ချုပ်လည်း အနားမှာ လာကူပါတယ်။ BT စမ်းမယ်ဆိုတော့ Generator ၃ လုံးတွဲ မောင်းခိုင်းလိုက်ပါတယ်။ Control Power On လိုက်တဲ့အချိန် Pitch  Indicator က Port 10 လောက်မှာ ပြနေပါတယ်။ ဒါဆိုတော့ ဒီ System က Motor Drive ကို CPP နဲ့ မောင်းတဲ့ အမျိုးအစားလို့ နားလည်လိုက်ပါတယ်။ Hydraulic Pump မောင်းပြီးတာနဲ့ BT motor ကို Run လိုက်ပါတယ်။ Control Selector Switch ကို WH ယူထားပါတယ်။ (ဒီအနေအထားက Follow Up (F/u) mode ပေါ့။) လက်ရှိ Control Knob က Mid ship (0 position) မှာပါ။
သင်္ဘောသားတစ်ယောက်ကို Forward မှာ စောင့်ကြည့်ဖို့ Walkie Talkie နဲ့ အကြောင်းကြားထားပါတယ်။ အခုအနေအထားမှာ Motor လည်နေပါပြီ။ Port နဲ့ Stbd ဘယ်ဘက်မှာမှ ရေ တွန်းထုတ်တာ မမြင်ရပါဘူး။ ဒါဆို Pitch 0% ဆိုတာ အကြမ်းဖျင်း မှန်တယ်လို့ ယူဆနိုင်ပါတယ်။ (နောက်မှ သေချာအောင် ထပ်ကြည့်ပါမယ်။) ဒါပေမဲ့ indicator က Port 10% လောက်မှာပါ။ Control ကို Port ဘက်ရွှေ့ကြည့်ပါတယ်။ မပြောင်းပါဘူး။ Stbd ဘက် ရွှေ့ကြည့်တော့လည်း ဘာမှ မထူးပါဘူး။
ဒါနဲ့ Selector Switch ကို N/F ဆိုတဲ့ နေရာ ရွှေ့လိုက်ပါတယ်။ (ဒါက Non Follow-up Mode (NFU) ပါ။ တချို့ သင်္ဘောမှာတော့ Emergency Mode လို့လည်း သုံးပါတယ်။) အဲဒီ အနေအထားမှာ Push Button နဲ့ မောင်းရပါတယ်။ Push Button နှိပ်ပြီး မောင်းကြည့်တော့ သင်္ဘောဦး ဘေးဘက်ကို ရေတွေတွန်းထုတ်တာ မြင်ရပါတယ်။ Port ရော Stbd ပါ နှစ်ဘက်လုံး ကောင်းပါတယ်။ ဒါပေမဲ့ Pitch indicator က Port 10 နေရာမှာ ငြ်ိမ်နေပါတယ်။ ဘယ်မှ မရွေ့ပါဘူး။ နောက်ပြီး Motor Current indicator ကလည်း တလျောက်လုံး 0 မှာပဲပြပါတယ်။ ဒါလည်း မမှန်ပါဘူး။ နောက် Selector Switch ကို Wing control station နှစ်ခုဆီ တစ်လှည့်စီ ရွှေ့ပြီး စမ်းပြပါတယ်။ ဘယ်မှာမှ အလုပ် မလုပ်ပါဘူး။
ပြဿနာသိသွားပြီဆိုတော့ Trouble-shoot လုပ်ရမယ့်အပိုင်း ရောက်လာပြီပေါ့။ Drawing တွေဖတ်ပါတယ်။ System ကို နားလည်အောင်ကြည့်ပါတယ်။ နောက်ပြီး Motor မမောင်းပဲ Hydraulic pump ကိုပဲ မောင်းပြီး စမ်းကြည့်ပါတယ်။ အတူတူပါပဲ။ NFU မှာတော့ အလုပ်လုပ်တယ်။ Follow up (F/u) mode မှာ အလုပ်မလုပ်ပါဘူး။ ဒီ system ရဲ့ design က တစ်မျိုး။ Feedback unit မှာ potentiometer တစ်ခုထဲ ရှိပါတယ်။ Follow up အတွက် feedback နဲ့ indicator အတွက် feedback ကို ခွဲမထားပါဘူး။
အဲဒီလို ကျွန်တော်တို့ စစ်နေတုန်းမှာ စက်ချုပ်က Clue တစ်ခု ပေးလာပါတယ်။ Wing Control Station တွေ သေချာ စစ်ကြည်ဦးတဲ့။ Batam မှာ Dock ဝင်တော့ Yard က Wing Station နှစ်ခုကိုဖြုတ်၊ Steel work တွေ ပြင်ဆင်ပြီး ပြန်တပ်ထားတာတဲ့။ Dock မဝင်ခင်က ကောင်းတယ်လို့ ပြောပါတယ်။ Dock ထွက်လာမှ ပြဿနာတက်တာတဲ့။
ဒါဆိုတော့ စဉ်းစားရ သက်သာ သွားတာပေါ့။ Wing Station မှာ ရှိတဲ့ ကြိုးတွေထဲက BT နဲ့ပတ်သတ်တဲ့ ကြိုး ၁၈ ချောင်း ရှိပါတယ်။ အဲဒီထဲက ၅ ချောင်းက Control command နဲ့ indicator အတွက်။ Drawing နဲ့ တိုက်ကြည့်ပြီး ကြိုးအဝင် terminal နံပါတ်တွေ ကြည့်ပါတယ်။
အဲဒီမှာ Wing (P) ဘက်က ကြိုး ၅ ချောင်းက terminal တစ်ကွက်စီ ချော်ပြီး ဆက်ထားတာ တွေ့ရပါတယ်။ အဲဒီ ကြိုး ၅ ချောင်းရဲ့ label တွေ ကြည့်ထားပြီး ဖြုတ်လိုက်ပါတယ်။ ဒီတစ်ခါ ကြိုး ၅ ချောင်း ဖြုတ်ထားပြီး ပြန်စမ်းကြည့်တော့ Indicator က 0 position မှာ ပြနေပါပြီ။  terminal အမှန် ပြန်မတပ်ခင် Wing Control potentiometer ကောင်းလား စစ်ကြည့်ပါတယ်။ ကောင်းပါတယ်။ ဒါနဲ့ ကြိုးတွေပြန်တပ်ကြည့်တော့လည်း မကောင်းသေးပါဘူး။ 
ဒါနဲ့ အဲဒီကြိုးနံပါတ်တွေကြည့်လိုက်တော့ Label တွေက ဖြုတ်လို့၊ တပ်လို့ ရတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဆို ကြိုးနံပါတ်တွေလည်း မယုံရပြန်ဘူး။ ဒါနဲ့ Wheelhouse Console နဲ့ Wing (P) ကြားထဲမှာ အဲဒီ ကြိုး ၅ ချောင်းကို Loop check လုပ်ကြည့်တော့ ထင်တဲ့အတိုင်း နံပါတ်တွေ မှားနေပါတယ်။ အမှန်ပြန်ထားပြီး တပ်လိုက်ပါတယ်။ ဒီတစ်ခါ power ပြန်ဖွင့်တော့ indicator က Stbd ဘက် အစွန်ဆုံးထိ ကပ်နေတာ တွေ့ပါတယ်။ ကြိုး ၅ ချောင်း ပြန်ဖြုတ်ပြီး Power ပြန်ဖွင့်ကြည့်တော့လည်း မထူးပါဘူး indicator က Stbd အစွန်မှာ ကပ်မြဲ ကပ်နေပါတယ်။ တော်တော်လေး ချွေးပြန်သွားပါတယ်။ စောစောက ကြိုးတွေ ပြန်တပ်ကြည့်တုန်းက ဒုက္ခပေးပြီး Control Box ထဲက တစ်ခုခု လောင်သွားလို့လား  မပြောတတ်ပါဘူး။

ကြားထဲမှာ ကိုတိုးအောင်ဆိုတဲ့ အစ်ကိုတစ်ယောက် ပြောဖူးတာ ပြန်သတိရမိတယ်။ သူ့မိတ်ဆွေ တစ်ယောက် အိမ်ဘေးအိမ်က ကားတစ်စီး စက်နှိုးမရတာ အကူအညီတောင်းလို့ သွားစစ်ပေးရတယ်တဲ့။ စမ်းကြည့်တော့ Starter motor က ဖွတ်ချက်ဖွတ်ချက်နဲ့ လည်နေပေမဲ့ အင်ဂျင်က မနိုးဘူးတဲ့ တတ်သလောက် မှတ်သလောက် နှိုက်ချွတ်ပြီး ပြန်စမ်းမယ် လုပ်တော့ စောစောထဲက အားနည်းနေတဲ့ ဘက်ထရီက down သွားပြီ။ အဲဒီတော့ ကားပိုင်ရှင်က ပြောတယ်။ မင်းမပြင်က ဖွတ်ချက်ဖွတ်ချက် အသံကြားရသေးတယ်။ မင်းပြင်တော့မှ ဖွတ်ချက်ဖွတ်ချက်တောင် မကြားရဘူးလို့ ပြောသတဲ့။ အခုလည်း ကျွန်တော်တို့ ပြင်လိုက်မှ Indicator က Port 10 မှာတောင် မပြတော့ဘူး။

မတတ်နိုင်ဘူး ဆက်ပြီး အဖြေရှာရမှာပေါ့။ ပထမ Control Module ထဲက တစ်ခုခု ဖြစ်သွားသလားလို့ သံသယရှိတာနဲ့ WH console အောက်က control module ကို ဖွင့်လိုက်ပါတယ်။ သူ့အောက်က Power supply ကို တိုင်းကြည့်တော့ 24V DC ထွက်ပါတယ်။ ဒါနဲ့ PCB တစ်လွှာစီ ဖွင့်ထုတ်ပါတယ်။ ညှော်နဲ့တော့ မရပါဘူး။ သေချာကြည့်တော့ လောင်ထားတဲ့ ပုံစံ ဘယ်မှာမှ မတွေ့ရဘူး။ Fuse ပါမလား ရှာတော့လည်း မတွေ့ပါဘူး။ အောက်ဆုံး PCB တစ်လွှာမှာတော့ Reset လုပ်လို့ရတဲ့ Thermal Fuse လေး ၄ ခု တွေ့ပါတယ်။
Trip ဖြစ်၊ မဖြစ် သေချာမမြင်ရပါဘူး။ ဘာပဲဖြစ်ဖြစ် reset နှိပ်ကြည့်ပါတယ်။ တစ်ခြား ဘာမှ ထူးထူးခြားခြား မတွေ့ရတာနဲ့ အကုန် ပြန်တပ်ပါတယ်။ Power ပြန်ဖွင့်တော့လည်း မထူးပါဘူး။
နောက် တစ်ဆင့် ပြန်စဉ်းစားပါတယ်။ BT room ထဲမှာ ရှိတဲ့ Feedback module က ဘယ် အခြေအနေ ရှိလဲ စစ်ကြည့်ရပါမယ်။ အဲဒီအချိန် Wing (p) station က ကြိုး ၅ ချောင်း ပြန်မတပ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ပြဿနာရဲ့ အစက အဲဒီဘက်က ဖြစ်နိုင်ချေ များနေတာကိုး။ အဲဒီ station မပါပဲ အရင် ကောင်းအောင် လုပ်ကြည့်ရပါမယ်။
Feed back unit အခြေအနေ သိချင်တာနဲ့ Feed back potentiometer က လာတဲ့ ကြိုး ၃ ချောင်းကို ့ဖြုတ်လိုက်ပါတယ်။ နောက်ပြီး resistance တိုင်းကြည့်တော့ 2 k ohm pot မှာ အလယ်စက တစ်ဝက်မှာ ရှိမနေပါဘူး။ တစ်ဘက် ကပ်နေပါတယ်။ အဲဒီ အချိန်မှာ NFU mode ကိုပြောင်းပြီး push button တွေနှိပ်ကြည့်တော့ ohm ပြောင်းပါတယ်။ ဒါဆိုရင် NFU အပိုင်းက အလုပ်လုပ်နေသေးတယ်ပေါ့။ Resistance တိုင်းထားရင်း Feedback pot ကို အလယ်လောက် ရောက်အောင် NFU ခလုတ်နှိပ်ပြီး ညှိလိုက်ပါတယ်။ တစ်ဘက် 1 k စီလောက် အနီးစပ်ဆုံး ရတော့ ကြိုး ၃ စ ပြန်တပ်လိုက်ပါတယ်။ အဲဒီတော့ indicator က 0 position ပြပါတယ်။ နည်းနည်းတော့ အားပြန်တက်လာတယ်။ ဒါနဲ့ FU mode ရွှေ့လိုက်တော့ indicator 0 ကနေ မပြောင်းပါဘူး။ Command Dial ကို လှည့်ပြီး Port 5 လောက် ရွှေ့ကြည့်တယ်။ ilIndicator က Stbd ဘက် ဆွဲချသွားပြီး အစွန်မှာ ပြန်ကပ်နေပါတယ်။ NFU mode ပြန်ပြောင်း။ ခလုတ်နှိပ် ရွှေ့ကြည့်တော့လည်း မရွေ့ပါဘူး။ ဒါနဲ့ Feedback ကြိုး ၃ ချောင်း ပြန်ဖြုတ်၊ NFU ခလုတ်နဲ့ ကစားကြည့်တော့ ပြန်ရွေ့ပါတယ်။ Pot Resistance အလယ်ကျအောင် ပြန်ညှိ။ နောက်တစ်ခေါက် feedback ကြိုး ၃ ချောင်း ပြန်တပ်တော့ indicator midship ပြန်ရောက်နေပါတယ်။ ဒီတစ်ခါ NFU mode ခလုတ်နဲ့ ကစားကြည့်တော့ indicator အလိုက်သင့် ရွေ့ပါတယ်။ ဒါဆိုရင် စောစောက အစွန်ဆုံး ရောက်သွားလို့ Control လုပ်မရတာလားမသိဘူး။ အလယ်ဝန်းကျင်မှာတော့ push button နဲ့ ဟိုဘက်ဒီဘက် ကစားလို့ ရနေပါတယ်။
အဲဒီတုန်းမှာ သတိထားမိသွားတာက Command ခလုတ်နဲ့ Indicator ရွေ့တာ ပြောင်းပြန် ဖြစ်နေပါတယ်။ Port ကို နှိပ်ကြည့်ရင် Stbd သွားတယ်။ Stbd ဘက် နှိပ်ရင် Port ဘက် ရွေ့တယ်။ Feedback ကြိုးတွေ မှားတပ်မိတာလားလို​့ ကြိုးနံပါတ်နဲ့  Drawing နဲ့ ပြန်တိုက်ကြည့်တော့လည်း မမှားဘူး။ တစ်ခုခုတော့ လွဲနေတယ်။ စမ်းကြည့်တာပေါ့။ Feedback ကလာတဲ့ ကြိုးကို ပြောင်းပြန် တပ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ Indicator နဲ့ command direction တူသွားပြီ။ နောက်တစ်ဆင့် F/ u mode ကို ပြောင်းလိုက်ပါတယ်။ Command 0 မှာ indicator 0 နီးပါး ပြနေပါတယ်။ နည်းနည်းစီ ရွှေ့ကြည့်တော့ အမှန်အတိုင်း indicator လိုက်ရွေ့ပါတယ်။ အဆုံးထိ ရွှေ့တော့လည်း အဆင်ပြေပါတယ်။
စောစောက Feedback ကြိုး ပြောင်းပြန် ဖြစ်နေတာမို့ F/u mode မှာ System က ပြောင်းပြန်နားလည်ပြီး Control signal ကိ​ု ဆန်ကျင်ဘက် လိုက်ညှိရင်း Stbd အစွန်ထိ ရောက်သွားတာဖြစ်မယ်ထင်တယ်။ အခုတော့ အဆင်ပြေ သွားပြီ။ 

ဒါပေမဲ့ တစ်ကယ်မှန်တာ ဟုတ်၊ မဟုတ် မသေချာပါဘူး။ Feed back ကြိုး ပြောင်းပြန်ရွှေ့လိုက်ရတာဆိုတော့ တစ်ကယ့် Pitch က ဘယ်ဘက် သွားနေတာလဲ ပြန်စစ်ကြည့်ရပါမယ်။ ဒါနဲ့ BT room ထဲ ဆင်း သွားပါတယ်။ အောက်ခြေ အခန်းထဲမှာ မော်တာ ခပ်ကြီးကြီး တစ်လုံးကို ဇောက်ထိုး ထောင်ပြီး တပ်ထားတာ တွေ့ရပါတယ်။ မော်တာ အောက် ကြားထဲကနေ ချောင်းကြည့်လိုက်တော့ Feedback unit လေးကို တွေ့ရပါတယ်။
Feedback unit ရဲ့ Pitch position scale တွေကတော့ Linear ပြထားပါတယ်။ Pitch ရွေ့ရင် pointer လေးက အလျားလိုက်ရွေ့အောင် ဒီဇိုင်း လုပ်ထားပါတယ်။ Potentiometer ကိုတော့ဘယ်လို တပ်ထားတယ် မသိပါဘူး။ ကိစ္စမရှိဘူး Pitch တစ်ကယ် ရွေ့တဲ့ position ကိုပဲ သိချင်တာဆိုတော့ ဒီတိုင်း ချောင်းကြည့်ရင် ဖြစ်တယ်။ 
ပါလာတဲ့ ညီလေးကို စောင့်ကြည့်ခိုင်းပြီး Bridge ကနေ သွား မောင်းကြည့်ပါတယ်။ Motor မမောင်းပဲ Hydraulic pump ချည်း မောင်းစမ်းတာဆိုတော့ ကိုယ့်ဘာသာ အချိန်မရွေး စမ်းလို့ အဆင်ပြေပါတယ်။ ဒါနဲ့ Port ဘက်ကို လှည့်ကြည့်တော့ တစ်ကယ့် Pitch က Stbd ဘက်ကို သွားပါတယ်။ Stbd ဘက်လှည့်တော့ Port ဘက်ကို သွားပါတယ်။ ပြောင်းပြန် ဖြစ်နေတာပေါ့။ 

ဘာလို့ ဒီလို ပြောင်းပြန် ဖြစ်သွားရတာလဲ စဉ်းစားလို့ မရပါဘူး။ နောက်ဆုံးတော့ ပြဿနာရဲ့ အကြောင်းရင်း ရှာမရတဲ့အဆုံး ပြေလည်အောင် ဖြေရှင်းဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ Feedback ကြိုးတွေကို မူလအတိုင်း ပြန်ပြောင်းလိုက်ပါတယ်။ ပြီးမှ Solenoid ကို သွားတဲ့ ကြိုးကို Port နဲ့ Stbd ပြောင်းပြန်လဲတပ်လိုက်ပါတယ်။ စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတယ်။ F/u mode မှာ တစ်ကယ့် Pitch position နဲ့ Command တော်တော်လေး နီးစပ်အောင် မှန်ပါတယ်။ NFU mode မှာလည်း အလုပ်လုပ်ပါတယ်။ 
နောက်ဆုံးအဆင့် Wing (P) station က ကြိုး ၅ ချောင်းကို loop check တစ်ခေါက် ပြန်လုပ်ပြီး Drawing ထဲကအတိုင်း တပ်လိုက်ပါတယ်။ စမ်းကြည့်တော့ အဆင်ပြေပါတယ်။
သူကြီးနဲ့ စက်ချုပ်ကိုခေါ်ပြီး စမ်းပြပါတယ်။ F/u mode , NFU mode, Wing Station နှစ်ခု စမ်းကြည့်တော့ အကုန် အလုပ်လုပ်ပါတယ်။ Motor နဲ့ မောင်းစမ်းကြည့်ပါတယ်။ Motor Current indicator ကလည်း အမှန်ပြသွားပါပြီ။ သူကြီးလည်း ကျေနပ်သွားပါတယ်။
ကျွန်တော့် စိတ်ထဲကတော့ သိပ်ဘဝင်မကျခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြေလည်အောင်တော့ လုပ်ပေးခဲ့ရတာပေါ့။

ဝင်းအောင် (ပခုက္ကူ)
၈-၅-၂၀၂၀


No comments:

Post a Comment