Friday 1 May 2020

Insulation Resistance (11) - 220V Low Insulation

တစ်ခါတလေ ပြဿနာက မမျှော်လင့်တဲ့ အနေအထားနဲ့ အဖြေရသွားတာလည်း ရှိတတ်ပါတယ်။ 
Bunker Barge တစ်စီးမှာ 220V Low insulation ပြဿနာ စစ်ပေးရပါတယ်။ အမှန်ကတော့ တခြား အလုပ်တစ်ခု လုပ်ရင်း ဒီဟာ ကြည့်ပေးရတာပါ။ MSB ရဲ့ 220V feeder panel မှာ Low insulation alarm လာနေတယ်။ Insulation Meter မှာ 0.3 M ohm လောက်ပြနေတယ်။ Generator ပြောင်းပြီး မောင်းကြည့်တော့လည်း အတူတူပဲလို့ ပြောပါတယ်။ ဒါနဲ့ 220V breaker တွေ တစ်ခုပြီး တစ်ခု ချကြည့်တော့ breaker အကုန် ချပြီးပေမဲ့ Low insulation က ရှိနေတုန်းပါပဲ။ အဝင် Transformer 1 နဲ့ 2 ကို ပြောင်းကြည့်ပေမဲ့ မထူးပါဘူး။ ဒါဆို Panel ထဲကပဲ ဖြစ်နိုင်ပါတော့တယ်။
အဲဒီမှာ စက်ချုပ်က ရာဇဝင်ခင်းပြပါတယ်။ သိပ်မကြာခင်က ဒီ panel ထဲမှာ ရှိတဲ့ Magnetic Contactor (MC) တစ်လုံးရဲ့ အဝင်ကြိုးတွေထဲက တစ်ခုလောင်သွားလို့ လဲထားတယ်ပြောပါတယ်။ အခု နောက်တစ်ကြိုးကလည်း insulation အကာတွေ ကွဲအက်ပြီး အခြေအနေ မကောင်းဘူး။ MC ကလည်း အပြင်က ရာဘာ အကာတွေ မဲပြီး လောင်တဲ့ အရာရှိနေတယ်။ MC အသစ်လည်းရှိတော့ ဖြစ်နိုင်ရင် လဲပေးဖို့ ပြောပါတယ်။ ဒါတွေကြောင့် Low insulation ဖြစ်သလား မသိဘူး ပြောပါတယ်။


ကြည့်လိုက်တော့ Panel ထဲမှာ MC အလတ်စား ၂ လုံး တွေ့ပါတယ်။ ဒီ MC တွေက 415V to 220V transformer ၂ လုံးရဲ့ အထွက်မှာ ရှိပါတယ်။ Transformer ၂ လုံးကို တစ်လှည့်စီ သုံးဖို့ ထိန်းထားတဲ့ MC တွေပါ။ အခြေအနေကြည့်လိုက်တော့ အဲဒီ MC ၂ လုံးကို ရဲ့ အပေါ် အထွက်မှာ Looping လုပ်ထားတဲ့ ကြိုး ၃ ချောင်းမှာ တစ်ချောင်းက အခြေအနေ တော်တော် ဆိုးပါတယ်။ လဲဖို့ 50 mm2 ကြိုးရှိပေမဲ့ cable lug တွေ crimping tool တွေ မရှိတာမို့ နောက်နေ့မှ loop cable တွေ workshop ကနေ လုပ်ပြီး ယူခဲ့ဖို့ စီစဉ်လိုက်ပါတယ်။
နောက်နေ့ loop cable တွေကို cable lug တပ်ပြီး ယူလာခဲ့ပါတယ်။ Bus bar နဲ့ ကပ်နေတာမို့ Black our လုပ်ပြီး လဲဖို့ လုပ်ကြပါတယ်။ Black out လုပ်ထားတုန်း MC နဲ့ loop cable လဲတပ်ပါတယ်။ Power မရှိတုန်း Ground နဲ့ 220V busbar တွေကြား resistance တိုင်းကြည့်တော့ 0.3 M ohm လောက် ရှိနေပါတယ်။ MC နဲ့ cable လဲပြီးတော့လည်း အဲဒီလောက် ရှိနေတုန်းပါပဲ။ Black out လုပ်ထားတာလည်း နည်းနည်းကြာသွားပြီမို့ မီးပြန်ဖွင့်ဖို့ ခိုင်းလိုက်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း Low insulation က ဆက်ရှိနေတုန်းပါပဲ။
Panel ထဲမှာကြည့်လိုက်တော့ အရင်ကြိုးလောင်ထားတဲ့ မီးခိုးတွေစွဲပြီး ညစ်ပတ်နေပါတယ်။ ဒီမီးခိုးမှိုင်းတွေရဲ့ ကာဗွန်တွေကြောင့် insulation ကျနေတာများလားမသိဘူး။ သေချာအောင် Drawing ကြည့်ပြီးတစ်ပိုင်းစီ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Bus bar နဲ့ Control circuit မှာ Low insulation ရှာဖို့က လွယ်တော့ မလွယ်လှပါဘူး။ ကြိုးစားကြည့်ရမှာပဲ။ Panel ထဲက Control Circuit တွေကို ပိုင်းမယ်ဆိုတော့ Insulation Meter အဝင် sensing wire ရဲ့ Fuse ကို အစဆုံး ဖြုတ်ကြည့်ပါတယ်။ Insulation fault ပျောက်သွားတယ်။ ဒါဆို မီတာ အလုပ်လုပ်နေတာ သေချာပြီ။ အဲဒီ sensing wire fuse ရဲ့ နောက်ပိုင်း ဆက်လိုက်ကြည့်ရမယ်။ Fuse ပြန်တပ်တဲ့အခါ insulation meter မှာ Power မရှိတော့တာ တွေ့ရပါတယ်။ ဘာဖြစ်သွားတာလဲ မသိပါဘူး။
မီတာအဝင် Fuse တွေ စစ်ကြည့်တော့ ကောင်းပါတယ်။ Fuse အထွက် 220V လည်းရှိပါတယ်။ မီတာမှာ Supply Volt တိုင်းကြည့်တော့ မရှိပါဘူး။ Fuse နဲ့ insulation meter ကြားထဲမှာ ဘယ်လိုဖြစ်ပြီး Power ပျောက်သွားရတာလဲ။ ဒါက ကြားဖြတ်ပေါ်လာတဲ့ ပြဿနာ အသစ်။ ဒုက္ခပါပဲ။ 
မတတ်သာတဲ့ အဆုံး ကြိုးတွေ ဆွဲပြီး tracing လုပ်ရပါတော့တယ်။ အဲဒီမှာ insulation meter ရဲ့ power supply ကြိုး ၂ ချောင်းက Drawing ထဲကအတိုင်း မဟုတ်ပဲ ကြိုးအသစ် တစ်စုံနဲ့ Modified လုပ်ထား တွေ့ရပါတယ်။ အဲဒီကြိုး တစ်စုံက တစ်ခြား Circuit တစ်ခုမှာ သွားပေါင်းထားတာ တွေရပါတယ်။ အဲဒီ circuit မှာ power တစ်စ ပျောက်နေပါတယ်။ ဆက်လိုက်ကြည့်တော့ Panel နောက်ကျောဘက်က မီးချောင်းတွေရဲ့ circuit ဖြစ်နေပါတယ်။ ခလုတ် မကောင်းလို့လား။ တိုင်းကြည့်တော့ ခလုတ် အဝင်ရော အထွက်ပါ Power မရှိပါဘူး။ Drawing အရ အဲဒီ circuit ရဲ့ အဝင် fuse တွေကြည့်လိုက်တော့ Fuse တစ်လုံး ပြတ်နေတာတွေ့ရပါတယ်။ ဒါနဲ့ fuse အသစ်လဲလိုက်တော့ insulation meter မှာ power ပြန်ရောက်သွားပါပြီ။
စောစောက Supply Power ပျောက်လို့ ကြိုးတွေကို trace လုပ်တဲ့အချိန်တုန်းက ဘာလို့ရယ်မသိဘူး။ စိတ်ထဲ ပေါ်လာတာနဲ့ power မရှိတဲ့ ကြိုးကို ground နဲ့ resistance တိုင်းကြည့်လိုက်မိတော့ 0.3 M ohm ပဲ ရှိတာ သတိထားလိုက်မိပါတယ်။ အခု insulation meter မှာ power ပြန်ရပြီး Low insulation ပြန်ဖြစ်နေတဲ့ အချိန်မှာ အဲဒီ circuit ရဲ့ Panel ကျောဘက်က မီးချောင်းတွေဆီ သွားတဲ့ ကြိုးတွေအကုန် terminal ကနေ ဖြုတ်ကြည့်လိုက်ပါတယ်။ Insulation 5 M ohm လောက် ပြန်ရောက်သွားပါတယ်။ ကောင်းသွားတယ်ပေါ့။ ဒါဆို မီးချောင်း ၂ ခုထဲက တစ်ခုခု earth fault ဖြစ်နေတာ သေချာသွားပါပြီ။ 
ကျန်တဲ့အပိုင်းက လွယ်သွားပါပြီ။ ဆက်ရှာကြည့်တော့ မီးချောင်းတစ်ခုမှာ ballast (choke) ရဲ့ connector မှာ သံချေးကိုက်ပြီး ground ကျနေတာပါ။ choke အသစ် လဲလိုက်တော့ ပြေလည်သွားတာပေါ့။
ဒါကြောင့် တစ်ခါတလေ ပြဿနာရဲ့ အဖြေက မမျှော်လင့်ပဲ တွေ့တတ်ပါတယ်လို့။

ဝင်းအောင် (ပခုက္ကူ)
၁-၅-၂၀၂၀

No comments:

Post a Comment