Wednesday 13 October 2021

Serial Communication on Vessel (3)

အမှန်တော့ ဒီအချိန်မှာ နည်းပညာနဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေ မရေးချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီစာရေးတုန်းက ကျန်ခဲ့တဲ့ နားလည်ရ နည်းနည်း ခက်ပြီး ရောထွေးနိုင်တဲ့ အပိုင်းလေး တစ်ခု ဆရာတစ်ယောက် ရေးထားတာ ဖတ်မိမှ ရေးသင့်တယ်တွေးမိလို့ အပိုင်း (၃) အနေနဲ့ ထပ်ဖြည့်ပေးလိုက်ပါတယ်။ 

အဲဒါကတော့ HART communication အကြောင်းပါ။ Highway Addressable Remote Transducer ရဲ့ အတိုကောက် ကို (HART) လို့ ခေါ်လိုက်တာပါ။ HART သုံးတဲ့ device မှာ DC လည်း သုံးထားတယ်။ AC လည်း ပါတယ်။ Analog signal နဲ့ Digital signal တွေ ပါဝင်တဲ့ Device တစ်ခုပေါ့။ ဘယ်လိုလဲ။ အဲလို ပြောလိုက်ရင် ခေါင်းရှုပ်သွားမှာပေါ့နော်။ မပူပါနဲ့ တတ်နိုင်သမျှ ရှင်းအောင် ပြောပြပါမယ်။ HART အကြောင်း မပြောခင်မှာ ယေဘုယျ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ သုံးနေတဲ့ device တွေမှာ အကျယ်ပြန့်ဆုံး သုံးနေကြတဲ့ Analog signal တွေက DC 4-20 mA signal ပါ။ ရိုးရိုး DC 4-20 mA device တွေရဲ့ ပျော့ကွက်က အဲဒီ 4-20 mA Signal နဲ့ ဆက်သွယ်ထားတဲ့ အချိန်မှာ၊ အဲဒီ device နဲ့ အဆက်အသွယ်လုပ်ပြီး သူ့ဆီက အချက်အလက်ယူတာတွေ၊ Setting ပြောင်းတာတွေ အဝေးကနေ လှမ်းလုပ်လို့ မရဘူး။ (သူ့ device ပေါ်မှာ hardware တွေ ရှိရင်တော့ လုပ်လို့ ရတာပေါ့။) ဒီတော့ အဲဒီအားနည်းချက်ကို ဖြည့်ဖို့ Rosemount ကုမ္ပဏီကနေထွင်လိုက်တာပါ။ Loop power နဲ့ ပေးထားတဲ့ DC 4-20 mA ထုတ်ပေးနေတဲ့ transmitter တစ်ခု။ ကြိုးကလည်း နှစ်ချောင်းထဲ။ ဘယ်လို Communicate လုပ်မလဲ။ အဲဒီ mA current ပေါ်မှာ Frequency တစ်ခု ထပ်ပြီး တင်ပေးလိုက်တယ်။ ဘယ်လို တင်သလဲ ဆိုတော့ လက်ရှိ current တန်ဘိုး mA ကို အပေါ်အောက် 0.5 mA လောက် အတက်အကျ ရှိတဲ့ လှိုင်းလေးတွေ ထည့်လိုက်တယ်။ ဆိုလိုတာက လက်ရှိ signal က 12 mA ဆိုပါတော့ 11.5 mA နဲ့ 12.5 mA ကြား sine wave လေးတွေ ထည့်လိုက်တယ်။ (ပုံ ကြည့်ပါ။)
ပျမ်းမျှ current တန်ဘိုးက မပြောင်းသွားဘူးနော်။ အဲဒီလို frequency နဲ့ လှိုင်းလေးပါလာတော့ AC လို့ ပြောတာပါ။ တစ်ကယ့် Voltage မှာ သက်ရောက်မှု မရှိပါဘူး။ တစ်ကယ်တမ်း ပြောရရင် Frequency တစ်ခု မဟုတ်ဘူး နှစ်ခု တင်ပေးလိုက်တယ်။ 1200 Hz နဲ့ 2200 Hz နှစ်မျိုး။ 1200 Hz က digital တန်ဘိုး 1 ကို ကိုယ်စားပြုပြီး၊ 2200 Hz က 0 ကို ကိုယ်စားပြုပါတယ်။ အဲဒီနည်းကို Frequency Shift Keying (FSK) လို့ ခေါ်တာပေါ့။ မြင်သာအောင် ဥပမာပေးရရင် ဟို ရှေ့ပိုင်း RO ဆရာကြီးတွေ လုပ်ခဲ့တဲ့ Morse code တွေကို အသံနဲ့ အော်ပြောတဲ့အခါ Dot တွေကို "ဒစ်" (dit) လို့ အော်ပြီး Dash တွေကို "ဒါ" (Dah) လို့ အော်သလိုပေါ့။ "ဒါ-ဒါ-ဒစ်-ဒါ-ဒစ်" ဆိုတဲ့ အသံ နှစ်မျိုးနဲ့ ခွဲ အော်တာမျိုး အခုလည်း Zeros နဲ့ Ones တွေကို frequency နှစ်ခုပြောင်း modulate လုပ်ပြီးတင်ပေးတာပါ။ အဲဒီ 0 တွေ 1 တွေနဲ့ Serial communication ဆက်ကြောင်း ဖန်တီးပြီး ဆက်သွယ်ပါတယ်။ အသုံးပြုတဲ့ Protocol ကိုတော့ HART protocol လို့ပဲ ခေါ်ပါတယ်။ များသောအားဖြင့် HART communicator လက်ကိုင် device တွေနဲ့ transmitter တစ်ခုစီကိုပဲ ဆက်သွယ်ပြီး၊ setup, Configure လုပ်ကြပေမဲ့၊ Multi-drop လို့ခေါ်တဲ့ Device အများကြီးကို parallel ချိတ်ပြီး Address တွေနဲ့ ဆက်သွယ်လို့လည်း ရနိုင်ပါတယ်။ 

 ဝင်းအောင် (ပခုက္ကူ) 
၁၄-၁၀-၂၀၂၁

Friday 15 January 2021

 Sink and Source

➡️⬅️➡️⬅️➡️⬅️

ဒီအကြောင်းမေးကြဖြေကြ ပြောနေကြတာ မကြာခဏ ကြားဖူးပါတယ်။ Instrumentation သမားတွေ ကြားမှာလည်း ငြင်းကြခုန်ကြ ဝိဝါဒ ကွဲကြပေါ့။ ခုလည်း ညီတစ်ယောက်က မေးလာလို့ ကျွန်တော် မြင်မိတဲ့ Sink နဲ့ Source အကြောင်း သိထားသမျှလေး ပြန်ပြောချင်ပါတယ်။

အခြေခံလေးက စပြောကြည့်မယ်နော်။ Sink နဲ့ Source လို့ အလွယ်ပြောကြပေမဲ့ အပြည့်အစုံ ပြောရရင် Current Sinking နဲ့ Current Sourcing လို့ ပြောလိုက်ရင် အဓိပ္ပာယ် ပို ပြည့်စုံသွားပြီး နားလည်ရလွယ်သွားပါလိမ့်မယ်။ 

Load တစ်ခုကို Device တစ်ခုနဲ့ ဆက်တဲ့ အခါ Device က Load ကိုဖြတ်ပြီး Current Supply လုပ်နေရရင် Source လို့ ခေါ်ပါတယ်။ (ပုံ-၁) အဲဒီ Device ဆိုတာ PLC တို့၊ Controller တို့ ဖြစ်နိုင်ပါတယ်။
Load တစ်ခုကို Device တစ်ခုနဲ့ ဆက်တဲ့အခါ Current supply က Load ကိုဖြတ်ပြီး Device ဆီ ပြန်ဝင်လာရင် Sink လို့ ခေါ်ကြပါတယ်။(ပုံ -၂)

နောက်တစ်ခုက PLC မှာတော့ Input နဲ့ Output အရ ဖြစ်နိုင်ချေ လေးမျိုးကို Sink နဲ့ Source တွေ ခွဲပြထားပါတယ်။ (ပုံ - ၃) ဒါက PLC ရဲ့ ရှုထောင့်က ကြည့်တဲ့ Sink / Source အခေါ်အဝေါ်တွေပါ။ အဲဒီမှာ Output module မှာ သုံးထားတဲ့ Transistor အရဆိုရင် Sink အတွက်ဆိုရင် NPN transistor သုံးထားပြီး၊ Source အတွက်ဆိုရင် PNP transistor သုံးထားတာ သတိပြုပါ။
PLC Analog I/O module တွေမှာ Common တစ်စနဲ့ Input / Output pin တွေ အများကြီး တန်းစီရှိလေ့ရှိပါတယ်။ (ပုံ - ၄​) ဒီတော့ အလွယ်မှတ်တဲ့အခါ Common (+) ဆိုရင် Source ဖြစ်ပြီး၊ Common (-) ဆိုရင် Sink လို့ မှတ်ထားနိုင်ပါတယ်။
ဒီအထိရှင်းပြီဆိုရင် နည်းနည်း ခေါင်ရှုပ်မယ့် ပုံတစ်ခု ကြည့်ရအောင်။ (ပုံ-၅) ဒါက 3-wire sensor / transmitter ဆက်တဲ့ပုံပါ။ ဒီပုံမှာ ရှုထောင့် နှစ်ခုက ကြည့်တာကို ဂရုစိုက်ပါ။ ပထမ NPN (Sinking) Field Device ဆိုတာ Sensor ရှုထောင့်က ကြည့်တဲ့အခါ Sink ဖြစ်ပါတယ်။ ဒီ Sensor ရဲ့ Output signal က Signal ကြိုးနဲ့ (-) ကြားထဲကို တိုင်ပါတယ်။ အဲဒီ Signal ကိုပဲ Input Module / Controller ရဲ့ ရှုထောင့်က ကြည့်တဲ့အခါ Source ဖြစ်နေတာ တွေ့ရပါမယ်။

ဒုတိယပုံမှာလည်း PNP (Sourcing) Field Device ဆိုတာ Sensor ရှုထောင့်က ရေးထားတာပါ။ Output Signal က Signal နဲ့ (+) ကြားထဲကို တိုင်းပါတယ်။ အဲဒီ Signal ကိုပဲ Input Module / Controller ရှုထောင့်က ကြည့်ရင်တော့ Sink လို့ သုံးထားတာ တွေနိုင်ပါတယ်။
ဒီလောက်ဆိုရင် Sink လား Source လားဆိုတာ ငြင်းလို့ ကောင်းသွားပြီပေါ့နော်။ ရှုပ်သွားရင် ပုံနဲ့တွဲပြီး တစ်ခေါက် ထပ်ဖတ်ကြည့်ပါဦး။
------------------------------------------
ခုတစ်ခါ Sink တွေ Source တွေ မငြင်းနေတော့ပဲ လက်တွေ့ ဘယ်လို အသုံးချသလဲဆိုတာ ကြည့်ကြရအောင်။ လက်တွေ့မှာ 4-20 mA ထုတ်ပေးတဲ့ Sensor / Transmitter တစ်ခုကို Controller မှာ တပ်ပြီး သုံးထားတယ်ဆိုပါတော့။ ပြဿနာ တစ်ခုခုရှိလို့ Sensor ကြောင့်လား Controller ကြောင့်လား ခွဲသိဖို့ Current Injector / Process Calibrator နဲ့ ထိုးစမ်းပါမယ်။ အဲဒီအခါ Current Injector ကို ဘယ်လိုသုံးမလဲ ဘာ Mode ရွေးမလဲ ဆုံးဖြတ်ရပါတော့မယ်။ 
ကျွန်တော်ကတော့ Two wire (Loop Powered) လား၊ Four wire (Self Powered) လားဆိုတာ ကြည့်ပါတယ်။ Two wire (loop power) sensor / transmitter တွေဆိုရင် injector မှာ Sink Mode ကို သုံးပါတယ်။ Four wire (Self-powered) sensor တွေ အတွက်ဆိုရင် injector မှာ Source Mode ကို သုံးပါတယ်။ 3-wire analog sensor တွေက ရှားတော့ရှားတယ်။ နည်းနည်း ရှုပ်လို့ ပြီးမှ ပြောမယ်။

 
တစ်ခါတလေ Drawing မစုံဘူး။ 2-wire လား 4 wire လား မမြင်သာဘူး။ Controller အဝင် terminal နှစ်ခုပဲ မြင်ရတယ်ဆိုပါတော့။ အဲဒါကို Loop powered လား၊ Self powered လား ဘယ်လိုခွဲမလဲ။ လွယ်ပါတယ်။ Sensor ကြိုးရ၂ စ ဖြုတ်လိုက်။ Controller အထွက် terminal နှစ်ခုမှာ Volt တိုင်းကြည့်လိုက်။ 24V ထွက်ရင် Loop powered ပေါ့။ Volt မထွက်ရင် Self-powered လို့ ဆုံးဖြတ်နိုင်ပါတယ်။

ဒီတစ်ခါ Injector / process calibrator အမျိုးမျိုးမှာ အခေါ်အဝေါ် အမျိုးမျိုး ကွဲနေတာ သတိထားဖို့ ပြောချင်ပါတယ်။ တချို့ injector တွေမှာ Source / Sink လို့ မခေါ်ပါဘူး။ Source mode ကို Active Mode လို့ သုံးတာ ရှိပါတယ်။ Sink Mode ကိုတော့ Passive Mode (သို့) Simulation Mode လို့ ခေါ်ကြပါတယ်။

အခုတစ်ခါ 3-wire sensor တွေကို ဘယ်လို inject လုပ်မလဲဆိုတာ ပြောပါမယ်။ တစ်ကယ်တော့ 3-wire ကလည်း Self-powered အမျိုးအစားထဲမှာပါပါတယ်။ ဒီတော့ Source Mode နဲ့ Inject လုပ်ပေးရပါတယ်။ ဒါပေမဲ့ သူ့မှာ PNP (Source) နဲ့ NPN (Sink) type တွေ ကွဲပါတယ်။ နှစ်မျိုးလုံးအတွက် Injector ကတော့ Source / Active mode တစ်ခုထဲ သုံးရပါတယ်။ ဒါပေမဲ့ ကြိုးဆက်တဲ့ နေရာ သတိထားပါ။ PNP အတွက်ဆိုရင်၊ signal နဲ့ (-) ကြားမှာ inject ပေးရပြီး၊ NPN အတွက်ဆိုရင် signal နဲ့ (+) ကြားမှာ inject ပေးရပါတယ်။ Polarity (+/-) မှန်အောင် ဆက်ရပါမယ်။

 
------------------------------------------
နောက်ဆုံး တစ်ခုက Injector / Calibrator မရှိရင် ဘယ်လို စမ်းမလဲဆိုတာ ပြောပြချင်ပါတယ်။ အဲဒါကတော့ Potentiometer / Variable resistor နဲ့ အစားထိုး စမ်းနိုင်ပါတယ်။
အရင်တုန်းက ကျွန်တော် အကြံပေးခဲ့ဖူးပါတယ်။ 1.2K resistor တစ်လုံးနဲ့ 5K pot တစ်လုံးကို Series ချိတ်ပြီး 4-20 mA ကို Simulate လုပ်ယူနိုင်တယ်လို့။ ဒါပေမဲ့ လက်တွေ့မှာ တချို့ Controller တွေရဲ့ internal impedance ကြောင့် 4-20 mA မရတာ ရှိနိုင်ပါတယ်။ ဒါကြောင့် 10k Potentiometer တစ်ခုထဲနဲ့ သုံးဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ Multimeter ကို mA mode နဲ့ Series ချိတ်ပြီး Inject ပေးရင် တစ်ကယ့် Current ကို မြင်နိုင်ပါတယ်။ အစဆုံး Pot ကို တစ်ဝက်လောက်မှာ ထားပြီး ဆက်သင့်ပါတယ်။ မတော်တဆ Resistance အနည်းဘက် ရောက်သွားပြီး၊ mA အများကြီး မစီးအောင်လို့ပါ။
ဒီနည်းမှာ Loop powered sensor တွေအတွက် အဆင်ပြေပေမဲ့ Self powered sensor တွေအတွက်ကတော့ နည်းနည်း tricky ဖြစ်ပါတယ်။ သူက resistor ပဲဆိုတော့ သူ့ဆီက Current ထွက်အောင် လုပ်ဖို့ မလွယ်ပါဘူး။ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ (ပုံ-၁၁) ကလို ဆက်ရင်တော့ ရနိုင်ပါတယ်။

 

ဝင်းအောင် (ပခုက္ကူ)
၁၅-၁-၂၀၂၁

Friday 25 December 2020

Insulation Monitor on Vessel

သင်္ဘောတွေမှာ အပြောများတဲ့ ပြဿနာက Insulation Monitor နဲ့ ပြဿနာတွေပါ။ Low Insulation ဖြစ်နေတာ ဘယ်လို ရှာမလဲ၊ ဘယ်လို ကျော်ရမလဲ၊ စစ်ဆေးရေးကို ဘယ်လို ပြရမလဲ။ အဲဒီမေးခွန်းမျိုး မကြာခဏ တွေ့ရပါတယ်။ 

အဲဒီပြဿနာနဲ့ ပတ်သတ်ပြီး နည်းနည်း ပြောချင်ပါတယ်။ ပထမဆုံး သင်္ဘောပေါ်မှာ ဘာလို့ အဲဒီ Insulation Monitoring System တွေ တပ်ထားတာလဲ ဆိုတဲ့ မေးခွန်းက စပြီး စဉ်းစားရပါမယ်။ အလွယ်ပြောရရင် လိုအပ်လို့ တပ်တာပေါ့။ ဘာလို့ လိုအပ်တာလဲ။ သင်္ဘောပေါ်မှာ သုံးတဲ့ Earthing System တွေက ကုန်းပေါ်မှာ သုံးတဲ့ စနစ်တွေနဲ့ မတူလို့ပါ။ သင်္ဘောတွေရဲ့ စည်းကမ်း၊ ဥပဒေ လိုအပ်ချက်အရ IT earth system ကို သုံးရပါတယ်။ ဒါကို Insulated Neutral (သို့) Floating Neutral (သို့) Unearthed Neutral လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်က Electrical Power source ရဲ့ Star Point ကို Earth မချပဲ သုံးတာပါ။ (IT, TT, TN earth စနစ်တွေ နှိုင်းယှဉ်ထားတဲ့ ဇယားကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဘာလို့ ဒီစနစ်သုံးရတာလဲ။ ကုန်းပေါ်မှာတော့ လူအသက်အန္တရာယ်က ပထမ ဦးစားပေးပါ။ မီးပျက်သွားလို့ Black Out ဖြစ်သွားလို့ သိပ်ပြဿနာ မရှိပါဘူး။ အဲ .. သင်္ဘောပေါ်မှာတော့ Black out မဖြစ်ဖို့၊ လက်ရှိသုံးနေတဲ့ Operation ရပ်မသွားဖို့က ပိုအရေးကြီးပါတယ်။ သင်္ဘော ကမ်းကပ်ခါနီး Trip ဖြစ်သွားလို့ Steering မောင်းမရပဲ မတော်တဆ တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ Earth fault တစ်ခုဖြစ်တာနဲ့ Trip ဖြစ်သွားတဲ့ စနစ် မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ တခြား အချက်တွေ ရှိပေမဲ့ ဒါက အဓိက စဉ်းစားတဲ့ အချက်ပါ။ ဒီတော့ Earth fault တစ်ခု ဖြစ်ပေမဲ့ ချက်ချင်း trip / black out မဖြစ်ဘဲ ဆက်သုံးလို့ရတဲ့ ဒီ IT earth system ကို သုံးရပါတယ်။ 
ဒါပေမဲ့ သူ့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ Insulation Monitoring System နဲ့ တွဲပြီး သုံးရပါမယ်။ 
အဲဒီတော့ Insulation Monitor က အရေးပါလာပါပြီ။ ဘာလို့လဲ။ ဒီစနစ်မှာ Neutral ကို Ground မချထားတဲ့အတွက် Phase တစ်ခု Earth fault (Zero Megaohm) ဖြစ်ရုံနဲ့ Trip မဖြစ်ပေမဲ့၊ ဒုတိယ phase တစ်ခုပါ earth fault ဖြစ်ရင် Trip ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပထမ phase တစ်ခု Earth fault ဖြစ်နေသလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ Phase တစ်ခု earth fault ဖြစ်နေတဲ့ အနေအထားမှာ Earth system က TT/ TN တို့လို အနေအထား ရောက်သွားပါပြီ။ တစ်ချိန်ချိန်မှာ ဒုတိယ phase Earth fault တစ်ခါ ဖြစ်တာနဲ့ Trip / Black out ဖြစ်နိုင်သွားပါပြီ။

ဒါကြောင့် Low Insulation ကို မပေါ့ဆစေလိုပါ။ ကျော်တာ၊ ခွတာ အကြံမပေးလိုပါ။ ဖြစ်နိုင်သမျှ အချိန်ယူပြီး ရှာဖို့၊ ရှင်းဖို့ ကြိုးစားစေချင်ပါတယ်။ အနည်းဆုံး ဘယ် Circuit က earth fault ဖြစ်တာလဲဆိုတာ သိနေရင်၊ Manoeuvring အချိန်လို Critical operation အချိန်မှာ အဲဒီ Circuit တွေကို Off ထားတာမျိုး လုပ်ထားနိုင်ပါတယ်။
အန္တရာယ်ကင်းကြပါစေ။

ဝင်းအောင် (ပခုက္ကူ)
၂၅-၁၂-၂၀၂၀




Saturday 19 December 2020

Main Engine Control (11) - Rpm Cannot Increase


ဒီဇာတ်လမ်းမှာ ကျွန်တော့် အပိုင်းက သိပ်မပါ ပါဘူး။ ဒါပေမဲ့ ညီအစ်ကိုတွေအတွက် စဉ်းစားစရာ အချက်တစ်ခု ရအောင် ပြောပြချင်ပါတယ်။ ပြီးတော့ Team Work လို့ ခေါ်ရမလား၊ Volley Ball Team လို့ ပြောရမလား ကိုယ့်ကွင်းထဲ ဘောလုံး မကျအောင် ပုတ်ထုတ်ကြတဲ့ ပွဲလေး။ နောက်ဆုံးတော့ အဖြေတစ်ခု ရသွားပါတယ်။ သင်္ဘောပေါ်မှာတော့ ဒီလိုပွဲတွေ ဘယ်ကစားလို့ ရမလဲနော် 😊။
ဇာတ်လမ်းအစက Bunker Barge လေးတစ်စီး သင်္ဘောကျင်းက ထွက်လာပါတယ်။ Main Engine ကိုင်တဲ့ အဖွဲ့ တစ်ဖွဲ့လည်း Sea Trials လိုက်လာကြပါတယ်။ သူတို့ အင်ဂျင် Rpm ကို 450 ထက် တင်မရလို့ ပြဿနာတက်နေကြပါတယ်တဲ့။ အင်ဂျင် နှစ်လုံးစလုံး အတူတူပါတဲ့။ တစ်ကယ် အင်ဂျင် Full speed rpm က 800 ကျော်ထိ မောင်းနိုင်တယ် ပြောပါတယ်။ ဒါပေမဲ့ ပုံမှန် High speed (step 3) မှာတော့ 720 လောက်ပဲ မောင်းပါသတဲ့။ 
အရေးပေါ်ခေါ်လို့ ညနေဘက်ကြီး Anchorage ထွက်လာကြတာပေါ့။ ကျွန်တော်က Electrical အပိုင်း စစ်ပေးရမယ်။ ကျွန်တော်နဲ့အတူ နောက်ထပ် Technician တစ်ယောက်က Pneumatic အပိုင်း စစ်ဖို့ လိုက်လာပါတယ်။ သင်္ဘောပေါ်ရောက်တော့ အင်ဂျင်သမားတွေ လက်မှိုင်ချပြီး ထိုင်နေကြပါတယ်။ စက်ချုပ်က ကျွန်တော်တို့ ကို အကျိုးအကြောင်း ရှင်းပြပါတယ်။ Bridge ကနေ အတင်အချ လုပ်ကြည့်တာ Rpm က မတက်လာဘူး ပြောပါတယ်။ Idle မောင်းထားချိန်မှာ 450 rpm လောက် ရှိတယ်။Speed အဆင့် 1, 2, 3, 4 ပြောင်းကြည့်လည်း မထူးပါဘူးတဲ့။ Ahead / Astern က Gear box နဲ့ ပြောင်းတာဆိုတော့ ဒီပြဿနာနဲ့ မဆိုင်တော့ဘူး။

ဒါနဲ့ ပထမအဆင့် ကျွန်တော်နဲ့ Pneumatic သမား သင်္ဘောမှာ သုံးထားတဲ့ Control စနစ်ကို နားလည်အောင် လိုက်ကြည့်ပါတယ်။ ဒီစနစ်မှာ Bridge က Speed အတင်အချကို electrical signal (4-20) mA နုဲ့ Engine Room ဆီ ပေးပါတယ်။ အောက်က Pneumatic Box ထဲမှာ I/p converter နဲ့ Proportional valve ကို လေဖိအား အနည်းအများ ပြောင်းပြီး ဖွင့်ပေးပါတယ်။ အဲဒီ လေအားနဲ့ Governor ကို တွန်းပြီး speed အတင်အချ လုပ်တာပါ။


ဒီမှာ တစ်ခုကောင်းတာက I/p converter မှာ 7-segment LED display နဲ့ output pressure ပြမေးသလို mechanical pointer နဲ့ pressure gauge လေး တစ်ခုလည်း ရှိပါတယ်။ သူတို့ Operate လုပ်တဲ့အချိန်အဲဒီနေရာက ထိုင်ကြည့်နေရင် ပြီးပြီပေါ့။ လေ pressure အနည်းအများ ထွက်ရင် ကျွန်တော့်အပိုင်းနဲ့ မဆိုင်တော့ဘူး။ လေသမားကို ဆက်ရှာခိုင်းရမယ်။ သူပါလာတော့ ကိုယ့်တာဝန် တစ်ဝက် လျော့သွားတာပေါ့။


ဒါနဲ့ စက်တစ်လုံးကို စ မောင်းခိုင်းလိုက်တယ်။ Bridge က Control လုပ်ပြီး မောင်းတာပေါ့။ Idle run မှာ Rpm 450 လောက် ရှိနေတယ်။ အဲဒီအချိန် ကျွန်တော်က Main Engine နားလေးမှာရှိတဲ့ Pneumatic Box ကို အဖုံးဖွင့်ပြီး စောင့်ကြည့်နေပါတယ်။ Pneumatic သမားက Governor နားမှာ စောင့်ကြည့်နေတယ်။ Idle ဆိုတော့ Speed control မောင်းတံ က Neutral မှာ။ တစ်နည်းအားဖြင့် Speed အဆင့် 0 မှာပေါ့။ ကျွန်တော့်ရှေ့က I/p converter display မှာ လည်း 0.009 MPa ပြနေတယ်။ ဒီတော့ 0.1 bar လောက် ရှိတာပေါ့။


Pressure Gauge ကလည်း 0 ဝန်ကျင် ပြနေတယ်။ Speed 1 တင်လိုက်တော့ 0.032 MPa, Speed 2 မှာ 0.103 MPa, Speed 3 မှာ 0.196 MPa, Speed 4 မှာ 0.272 MPa လောက် ပြပါတယ်။ Pressure gauge ကလည်း အလိုက်သင့် တက်ပါတယ်။ ဒါပေမဲ့ Engine Rpm က မပြောင်းဘူး။ တာဝန်ခွဲဝေမှုအရ Electrical အပိုင်းက ကောင်းတယ်ဆိုတော့ ကျွန်တော်က ပွဲကြည့် ပရိတ်သတ် ဖြစ်သွားပြီပေါ့။ လာထား လေသမားနဲ့ စက်သမား။ ငြင်းကြ ရှင်းကြပေရော့။ 

အဲဒီမှာ စက်အဖွဲ့ ခေါင်းဆောင်က သူ့နောက်ကျောကို ကာဖို့ တစ်ခုပြလာပါတယ်။ Governor နဲ့ ဆက်ထားတဲ့ အနီ​ေရာင် လေအိုးတစ်ခုဆီ ခေါ်သွားပါတယ်။ I/P converter ကထွက်လာတဲ့ လေက ပိုက်တစ်ခုနဲ့ အဲဒီ အိုးမှာ ဆက်ထားပါတယ်။ အဲဒီ လေအိုးကို Pneumatic သမား ခေါ်တာတော့ Booster unit လို့ ခေါ်ပါတယ်။ I/p converter ကထွက်တဲ့ Pressure က (0-3) bar လောက်ဆိုတော့ ဒီယူနစ်က Boost up လုပ်ပြီး ပိုမြင့်တဲ့ တွန်းအားနဲ့ Governor ကို အတင်အချ လုပ်ပေးတယ်လို့ ယူဆပါတယ်။ ( မှားနေရင် စက်ပိုင်းကဆရာတွေ ပြင်ပေးပါ။ ) လေဖိအား အနည်းအများပေါ်မူတည်ပြီး အပေါ်က Plunger rod လေးတစ်ခု အတက်အကျ ရှိပါတယ်။ အဲဒီ plunger နဲ့ Governor arm ကို linkage တစ်ခုနဲ့ ဆက်ထားပါတယ်။ အဲဒီ ယူနစ်ရဲ့ အောက်မှာ လက်နဲ့ လှည့်လို့ရတဲ့ Screw head တစ်ခု ရှိပါတယ်။ စက်က Idle မောင်းထားဆဲပါ။ သူက လက်နဲ့ အဲဒီ screw ကို လှည့်ပြတော့ Rpm က အတက်အကျ ဖြစ်ပါတယ်။ တွေ့လား သူ့စက်ကောင်းတယ်ပေါ့။ Bridge ကမောင်းတော့ ဒီ unit ရဲ့ plunger အတက်အကျ မလုပ်လို့ Rpm မပြောင်းတာပါဆိုပြီး ပုတ်ထုတ်ဖို့ ကြိုးစားပါတယ်။ 
အဲဒီမှာ Pneumatic သမားက အတွေ့အကြုံလည်းရှိ ဆရာလည်းကျတော့ ပြောပါတယ်။ ဒီဟာက Emergency case မှာ လက်နဲ့ အတင်အချလုပ်တဲ့ screw တဲ့။ သာမန် အချိန်မှာ Screw ကို အနိမ့်ဆုံးချထားရမယ်။ Screw အနိမ့်ဆုံး အနေအထားနဲ့ Idle Rpm 450 ရှိရမယ် ပြောပါတယ်။ ပြောပြောဆိုဆို သူက အဲဒီ screw ကို လက်နဲ့ လှည့်ပြီး လျှော့ချလိုက်တော့ Idle speed က 220 လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီတော့မှ သူ့ခွင် ရောက်လာတော့ ဘောလုံးကို အပီအပြင် ရိုက်ချတော့တာပေါ့။ တွေ့တယ်မဟုတ်လား မင်းတို့ စက်ဖက်က Idle speed ကို 450 ရအောင် တင်မထားဘဲ ဒီ screw နဲ့ တွန်းတင်ထားတော့ လေအား မြင့်လာပေမဲ့ booster က plunger ကို နောက်ထပ် ပိုမြင့်အောင် မတင်နိုင်တော့တာ လို့ ပြောပါတယ်။ စက်သမားကို Idle speed 450 ရအောင် တင်ဖို့ ပြောပါတယ်။ စက်အဖွဲ့ ခေါင်းဆောင်လည်း ညစ်သွားပါတယ်။ သူတို့က စက်အပိုင်း overhaul လုပ်ပေမဲ့ Governor ကို မကိုင်ရဲဘူးတဲ့။ Dock ဝင်တော့ Governor သမားက ဖြုတ်ယူသွားပြီး workshop မှာ service လုပ် စမ်းသပ်ပြီး ပြန်ပို့ပေးတာတဲ့။ သူတို့ ပြတဲ့ Linkage အပေါက်မှာ ပြန်တပ်ထားတာလို့ ပြောပါတယ်။ ဒီတော့ Governor ကို ဘယ်သူမှ မကိုင်ရဲဘူး။ တစ်ခုခု မှားရင် တာဝန် မခံနိုင်ကြဘူးလေ။ နောက်နေ့မှ Governor အဖွဲ့ခေါ်ပြီး idle speed ညှိကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့မှာ Governor အဖွဲ့၊ စက်အဖွဲ၊ လေသမားနဲ့ ဓာတ်သမားကျွန်တော်တို့ လေးဖွဲ့ပေါင်း ပြန်တက်ကြပါတယ်။ Governor သမားက အစက လက်မခံပါဘူး။ နောက်တော့ Super ရဲ့တိုက်တွန်းချက်နဲ့ Linkage အလျှော့အတင်းလုပ်ပြီး Idle speed 450 ရအောင် ညှိပေးပါတယ်။
ပြီးတာနဲ့ Bridge control နဲ့ Speed အတင်အချ လုပ်ကြည့်တော့ အဆင်ပြေသွားပါတယ်။ Speed 3 မှာ 720 rpm လောက်ရတော့ စက်ချုပ်နဲ့ သူကြီးလည်း ကျေနပ်သွားပါတယ်။ နောက်အင်ဂျင် တစ်လုံးကိုလည်း အဲဒီနည်းနဲ့ ညှိပြီး ဖြေရှင်းခဲ့ကြပါတယ်။ ဘောလီဘော ကစားပွဲက ဒီတော့မှ ပွဲပြတ်သွားပါတော့တယ်။ 
ဒီလို ဆင်တူတဲ့ စက်တွေနဲ့ ကြုံရင် စဉ်းစားနိုင်အောင် ပြောပြတာပါ။ 

ဝင်းအောင် (ပခုက္ကူ)
၂၀-၁၂-၂၀၂၀


Friday 4 December 2020

Miscellaneous Equipment (8) - Current Relay and Navigation Light

 တစ်ခါတလေ ဒီလို ပေါ့ပေါ့ပါးပါး ပြဿနာလေးတွေလည်း ပြောပြချင်ပါတယ်။ အမြဲတမ်းတော့ ခေါင်းစားရတာချည်း ဘယ်ဟုတ်ပါ့မလဲပေါ့နော်။ 

ဇာတ်လမ်းက ဒီလို။ Bunker barge လေးတစ်စီး dock ဝင်တော့ သူတို့ electrical အပိုင်းက စစ်စရာတွေ စာရင်းနဲ့ပေးလာပါတယ်။ အဲဒီထဲက အချိန်ရသလို လုပ်သွားရပါတယ်။ အဲဒီစာရင်းထဲမှာ ပြဿနာတစ်ခုက Morse light problem လို့ ရေးထားတယ်။ ဒါနဲ့ ကုန်းချုပ်ကို မေးရတာပေါ့။ ဘာဖြစ်တာလဲလို့။ ခုတော့ ဘာမှ မဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ Morse light က မီးလုံး ခဏခဏ ကျွမ်းနေတယ်။ အဲဒါ စစ်ပေးပါတဲ့။ ကျွန်တော်လည်း လက်ရှိအနေအထား ကောင်း၊ မကောင်း စစ်ကြည့်ပါတယ်။ ဖြစ်ချင်တော့ Morse light ဆိုတာ Christmas tree ရွက်တိုင်ထိပ်က အပေါ်ဆုံး မီးလုံး။ Yard ထဲမှာဆိုတော့ ငြမ်းမဆင်ဘဲ အပေါ်တက်ခွင့် မရှိပါဘူး။ ဒီတော့ အောက်ကပဲ ရသလောက် စစ်ကြည့်တာပေါ့။ နောက် drawing ဖတ်ကြည့်ပါတယ်။ Fuse တွေစစ်၊ မီးလုံးရဲ့ resistance တိုင်းကြည့်ပါတယ်။ အဲဒီမှာ သတိထားမိတာက ကျန်တဲ့ Navigation light တွေမှာ 60W x 1 လို့ တွေ့တယ်။ ဒီ Morse light မှာတော့ 25W x 3 ဆိုတာ တွေ့ရပါတယ်။ ဒီတော့ 25W မီးလုံး ၃ လုံး တပ်ထားတာလို့ ယူဆလိုက်ပါတယ်။ Ohm တိုင်းကြည့်တော့ ကျန်တဲ့ မီးလုံးအထွက်တွေက 62 ohm လောက် ရှိပြီး ဒီ မီးလုံးအထွက်က 57 ohm လောက် ရှိပါတယ်။ ဒါ ဖြစ်နိုင်ပါတယ်။ ၃လုံးပေါင်း 75W ဆိုတော့ ဒီလောက်ရှိမှာပေါ့။ Earth leakage လည်း မရှိပါဘူး။ မီးအဖွင့် အပိတ်လုပ်ကြည့်တော့ ကောင်းနေပါတယ်။ Alarm မလာပါဘူး။ ပုံမှန်ပါပဲ။ Voltage လည်း 220V အမှန် ထွက်ပါတယ်။
ဒီတော့ ကျွန်တော်က Recommendation အနေနဲ့ မီးလုံး အထိုင် holder တွေ လဲသင့်တယ်လို့ ပြောခဲ့ပါတယ်။ တစ်ခါတလေ holder တွေရဲ့ bumper function မကောင်းတော့ရင် vibration ကြောင့် မီးလုံး မြန်မြန် ကျွမ်းတတ်လို့ပါ။ တစ်ကယ့် root cause ရယ်လို့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။

တစ်ရက်တော့ ကျွန်တော် တခြား သင်္ဘောတစ်စီးမှာ ရောက်နေတုန်း အဲဒီ case ကို follow up လုပ်တဲ့ အစ်ကိုတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သင်္ဘောက မီးလုံးအထိုင်လဲဖို့ ဆုံးဖြတ်ပြီး ငြမ်းဆင်ပေးတာမို့ မီးလုံး အထိုင်လဲလိုက်တယ်တဲ့။ နောက် မီးလုံးတွေ ပြန်တပ်စမ်းကြည့်တော့ Alarm အမြဲလာနေတယ်တဲ့။ အဲဒါ ဘာဖြစ်နိုင်သလဲ မေးလာပါတယ်။ ဒါနဲ့ မေးရတာပေါ့။ ခင်ဗျား မီးလုံးတွေ အသစ်လဲသလား ဆိုတော့ လဲတယ်တဲ့။ ဒါဆို Watt မှန်ရဲ့လားဆိုတော့ သူက မသေချာတဲ့ လေသံနဲ့ 75W လို့ထင်တာပဲတဲ့။ 75W က သုံးလုံးပေါင်းလား တစ်လုံး 75W လားဆိုတော့ တစ်လုံး 75W ထင်တယ်တဲ့။ 

စိတ်ထဲကတော့ သွားပြီလို့ အောက်မေ့လိုက်ပါတယ်။ သေချာအောင် အပေါ် တက်ကြည့်ပေးဖို့ပြောတော့ ငြမ်းဖျက်လိုက်ပြီမို့ တက်မရတော့ဘူးတဲ့။ သင်္ဘောကလည်း ထွက်ကာနီးပြီ ပြောပါတယ်။ ဒါဆိုရင် ထပ်ပြီး Confirm လုပ်ရအောင် Fuse ပြတ်နေသလား စစ်ခိုင်းပါတယ်။ Fuse အထွက် မီးလုံးဘက် အခြမ်းကို ohm တိုင်းခိုင်းပါတယ်။ Fuse မပြတ်ဘူး။ Resistance က 20 ohm ဝန်းကျင် ရှိပါသတဲ့။ 
နောက်ဆုံး confirmation အနေနဲ့ သူ့ဘေးက Channel မှာရှိတဲ့ မီးလုံးတစ်ခုရဲ့ အထွက် ကြိုး နှစ်စကို လဲတပ်ပြီး ဖွင့်ခိုင်းကြည့်တော့လည်း Alarm က လာနေပါတယ်။ ဒါဆိုရင်တော့ သေချာသွားပါပြီ။ ကျွန်တော် ဖတ်ခဲ့တုန်းက drawing အရ အဲဒီ circuit မှာ မီးလုံး ကောင်းမကောင်း စစ်တာကို Current relay တွေသုံးထားတာပါ။ အဲဒီ Current relay ပျက်သွားလို့ပါ​။ 

သူ့ကို 25W မီးလုံး ၃ လုံး ရယ်၊  Spec တူတဲ့ Current relay တစ်လုံးရယ် ရှာဝယ်ထားဖို့၊ နောက်ရက် သင်္ဘောထွက်မှ Anchorage လိုက်ပြီး လဲပေးဖို့ ပြောလိုက်ရပါတယ်။
နောက်နေ့ သူလဲပေးလိုက်တော့ အားလုံး အဆင်ပြေသွားပါတယ်။  


ဒီနေရာမှာ Current relay က မီးလုံးနဲ့ Series ချိတ်ပြီး သုံးပါတယ်။ မီးလုံးကျွမ်းရင် ဖြစ်စေ၊ open circuit ဖြစ်ရင် ဖြစ်စေ Current မစီးတော့ relay မဆွဲဘဲ Alarm ထွက်အောင် ဒီဇိုင်း လုပ်ထားလေ့ ရှိပါတယ်။ အခု ပြဿနာက မီးလုံး မမှန်တာ တပ်လိုက်တော့ 75W x 3 ဖြစ်သွားပြီး current ၃ ဆ များသွားတဲ့အတွက် Current relay ခံနိုင်ရည် ကျော်ပြီး ကြွသွားတာပါ။

နောက်ပိုင်း Navigation light စနစ်တွေမှာတော့ current relay အစား electronic card တွေနဲ့ current detection လုပ်ကြပါတယ်။
ဒီလိုပြဿနာ လွယ်လွယ်လေးတွေလည်း ကြုံရတတ်ပါတယ်လို့။

ဝင်းအောင် (ပခုက္ကူ)
၄-၁၂-၂၀၂၀

Tuesday 24 November 2020

Generator (28) - Hyundai Genset Mystery 2

ဒီတစ်စီးကလည်း တော်တော်လေး ဒုက္ခပေး ခဲ့တဲ့ အတွေ့အကြုံလေးပါ။ အခြေအနေက ပြီးခဲ့တဲ့ တစ်ခုနဲ့ နည်းနည်း ဆင်ပါတယ်။ တစ်ကယ်တော့ တခြား ပြဿနာတွေတစ်ပုံတစ်ခေါင်းနဲ့ တစ်စစီ ရှင်းထုတ်ခဲ့ရပါတယ်။ အခေါက်ခေါက်အခါခါ သွားတက် ရှင်းပေးခဲ့ရပါတယ်။ PMS Control (Synpo-D) ကြွသွားတယ်၊ Supply transformer လောင်တယ်၊ Relay card (CMA-135) လောင်တယ်။ အဲဒီ ပြဿနာတွေ ရှင်းအပြီး DG3 ကို စမ်းမောင်းကြည့်ပါတယ်။

Volt က 570V နီးပါး ဖြစ်နေပြီး ညှိလို့ မရတော့ပါဘူး။ AVR နဲ့လည်း ညှိမရ၊ trimmer နဲ့လည်း ညှိမရ ဖြစ်နေပါတယ်။ Static Excitation ရဲ့ ဘယ်အပိုင်းက တင်ပေးနေတယ် မသိပါဘူး။ အမှန်ကတော့ ဒီလို Operating Voltage 450V လောက် ရှိတဲ့ Genset တွေမှာ AVR မပါဘဲ 470 - 520 V လောက် အတွင်း ရှိသင့်ပါတယ်။ ဒါမှ AVR က ထိန်းညှိနိုင်ပါတယ်။ ဒီ Range ကျော်သွားရင် AVR က မညှိနိုင်တာမျိုး ဖြစ်ပါတယ်။ အခု 570 V လောက် ဆိုတော့ အရမ်းမြင့်နေပါတယ်။ AVR spare ရှိတာနဲ့ လဲစမ်းကြည့်တော့လည်း မထူးပါဘူး။

သေချာအောင် တိုင်းစရာရှိတဲ့ component တွေ လိုက်တိုင်းပါတယ်။ SCR, static diode bridge, Resistor (R48) နဲ့ Capacitor တွေပါ။ အဲဒီမှာ SCR က open ဖြစ်နေတာ တွေ့ရပါတယ်။

ရုံးကို အကြောင်းကြားပြီးမှာလိုက်တော့ သူ့ original part မဟုတ်ဘဲ EMRI ကထုတ်တဲ့ AVR ရယ်၊ SCR ရယ် Diode Bridge နဲ့ (R48) resistor ရယ် တစ်တွဲထဲ ပါတဲ့ တစ်စုံလာပို့ပေးပါတယ်။ အဲဒါနဲ့ တစ်စုံလ​ုံး ဖြုတ်လဲ လိုက်ပါတယ်။ 

ပြန်စမ်းကြည့်တော့ Voltage လုံးဝ မထွက်တော့ပါဘူး။ တစ်ခုခုတော့ လွဲနေပြီ။ အဲဒါနဲ့ မသေချာလို့ SCR တစ်ခုထဲ ဖြုတ်​လဲပြီး တစ်စုံလုံး အဟောင်း ပြန်တပ်လိုက်ပါတယ်။ (နောက်မှသိရတာက EMRI ရဲ့ connector socket pin နေရာတွေက original socket နဲ့ မတူလို့ adaptor cable socket လေးနဲ့ ကြားခံ ဆက်ရတယ် ပြောပါတယ်) အခု မစမ်းခင် Voltage အရမ်းများနေလို့ AVR မထိအောင် AVR ကို ကြိုးဖြုတ်ထားပြီး ပြန်စမ်းပါတယ်။ AVR မပါဘဲ 590Vလောက် ထွက်နေပါတယ်။ ချက်ချင်းပြန်ရပ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ စစ်ကြည့်ပါတယ်။ 


ဒီတစ်ခါ ပြဿနာက Voltage နည်းတာမဟုတ်ဘဲ များနေတာဆိုတော့ Exciter နဲ့ generator ဘက်ကို သံသယ မဖြစ်မိပါဘူး။ ဒီ static excitation circuit ထဲကပဲ ဖြစ်မယ်လို့ ယူဆလိုက်ပါတယ်။ 

အခု Reactor (L1) ရယ်၊ Rectifier transformer (T6) ရယ်ကို တိုင်းကြည့်ပြီး တခြား DG တွေနဲ့ ယှဉ်ကြည့်ပါတယ်။ Tapping တွေစစ်ကြည့်ပါတယ်။ သိပ်မကွာပါဘူး။ ဘာလို့ Voltage များနေတာလဲ။ တိုတိုပြောရရင် ရှာလို့ဖွေလို့ မရတော့ Reactor (L1) ရဲ့ air gap လျှော့ပြီး Voltage 480V လောက် ချလိုက်ပါတယ်။ ပြီးမှ AVR တပ်ကြည့်တော့ 470V လောက် ရောက်လာပါတယ်။ ဒါပေမဲ့ Voltage က AVR မှာရော trimmer မှာပါ ညှိလို့ မရသေးပါဘူး။ Voltage ကို 450 လောက်ထိ ချပြီး စမ်းတော့လည်း AVR ကနေ အတင်အချ ညှိလို့ မရသေးပါဘူး။
ခေါင်းလည်း နည်းနည်း ပူသွားပြီ။ ကုန်းပတ်ပေါ်တက်။ လေအေးအေးလေး ရှူပြီး စိတ်အေးအေးနဲ့ ပြန်စဉ်းစားတယ်။ ဘာကျန်သွားလဲလို့။ အဲဒီတော့မှ ပြန်ပေါ်လာတယ်။ SCR မကောင်းလို့ လဲတပ်ပြီးတဲ့နောက် ကျန်တဲ့ Original parts တွေ ပြန်တပ်လိုက်တာဆိုတော့ AVR ကလည်း အဟောင်းပြန်တပ်ထားတာပဲ။ SCR တင် ပျက်တာ မဟုတ်ဘဲ၊ AVR လည်းထိသွားနိုင်တာပေါ့။ ဒါနဲ့ AVR အသစ် ပြန်လဲပြီး စမ်းကြည့်တော့မှ Voltage ညှိလို့ ရသွားပါတော့တယ်။ AVR မတပ်ခင် 480V လောက် ရအောင် ညှိထားပြီး AVR နဲ့ 450V ပြန်ညှိလိုက်ပါတယ်။ Trimmer နဲ့လည်း အတင်အချ ရသွားပြီဆိုတော့ ကြိုက်သလို စမ်းလို့ ရပြီပေါ့။

ဒါပေမဲ့ ဇာတ်လမ်းက ထင်သလောက် မရိုးစင်းလှဘူး။ Parallel ချိတ်ပြီး စမ်းမယ်။ ပြီးရင် Load ကို တစ်လုံးထဲ မောင်းစမ်းမယ်။ ဒါတွေက plan တွေ။ စတာနဲ့ ပြဿနာက ပေါ်လာပြီ။ လက်ရှိ DG1 မောင်းထားတယ်။ DG3 ကို No load voltage 455V ရအောင် trimmer နဲ့ ညှိလိုက်ပါတယ်။ synchro လုပ်ပြီး Parallel ချိတ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာ DG3 က ampere တွေ ထိုးတက်သွားတယ်။
DG1 တစ်လုံးထဲ မောင်းတုန်းက 360A လောက်ပဲ ရှိတယ်။ Parallel ချိတ်ပြီး ခဏအတွင်း DG3 က 500A ကျော်သွားတယ်။ အဓိပ္ပာယ်က Circulating Current လို့ ခေါ်တဲ့ DG1 ဆီကို ပြန်ပတ်စီးပြီး Reverse Power ဝင်သွားတဲ့ သဘောပါ။ အဲဒီအချိန်မှာ KW အများစုက DG1 မှာပဲ ရှိပါသေးတယ်။ ဒါနဲ့ DG3 ရဲ့ ACB ကို အမြန် Open လုပ်ချလိုက်ရပါတယ်။ Synpo-D Display မှာ တွေ့လိုက်မိတာက DG3 ရဲ့ Power factor (p.f) က အနှုတ်ပြနေပြီး DG1 ရဲ့ p.f က 0.9 ကျော်ပါတယ်။
ဒါဟာ DG3 ရဲ့ Voltage က DG1 နဲ့ ယှဉ်ရင် များနေတဲ့သဘော။ ဒီတော့ DG3 No load voltage ကို 450V လောက် ထားလိုက်တယ်။ လက်ရှိ DG1 ရဲ့ 160 KW လောက် Load နဲ့ Voltage က 450V လောက် ရှိတာ။ Load ဆွဲလိုက်ရင် DG3 Voltage ကျသွားဦးမှာ ပါ။ ဒီတစ်ခါ ပြန်စမ်းကြည့်တော့လည်း သိပ်မထူးပါဘူး။ DG3 မှာ Current အများကြီးတက်လာပြီး ACB ပြန် ဖြုတ်ချ လိုက်ရပါတယ်။
ဘာဖြစ်တာလဲ။ Load တက်လာတော့ Voltage မြင့်လာတာလား။ Load ပေါ်မှီတည်နေတာက Droop CT နဲ့ Droop compensation အပိုင်း။ Droop CT (T4) ရဲ့ terminal polarity ပြောင်းပြန် ဖြစ်နေလို့လား။ အဲလိုဆိုရင်လည်း ဖြစ်တတ်ပါတယ်။ Load တက်လာတာကို ပြောင်းပြန် feedback ပေးသလို ဖြစ်ပြီး AVR က Voltage set point တင်ပေးတာပါ။ ဒါနဲ့ T4 ကို အဝင်ကြိုး နှစ်စ ပြောင်းပြန် ပြောင်းထည့်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့လည်း မထူးပါဘူး။
နောက်တစ်ခါ DG3 No load voltage ကို Bus Voltage ထက် နိမ့်အောင် 445 လောက် ထားလိုက်ပါတယ်။ ဒီတစ်ခါတော့ parallel ချိတ်မိပြီး Load (KW) စယူတဲ့အထိ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ 50KW လောက် ယူပြီးတာနဲ့ Current ထိုးတက်သွားတာမို့ ဖြတ်ချလိုက်ရပြန်ပါတယ်။
ဘာဖြစ်တာလဲ။ Droop CT (T4) မကောင်းတာလား၊ Reactor (L1) ကြောင့်လား။ ဘယ်ကောင်က Excitation ကို တင်ပေးနေတာလဲ။
နောက်တစ်ခါ သိချင်တာနဲ့ No load running အခြေအနေမှာ Field output F1 နဲ့ F2 ကို Voltage တိုင်းကြည့်ပါတယ်။ Clamp meter နဲ့ current တိုင်းကြည့်ပါတယ်။ ကောင်းနေတဲ့ DG နှစ်ခုနဲ့ ယှဉ်ကြည့်ပါတယ်။ ကောင်းနေတဲ့ DG နှစ်ခုမှာ No load အနေအထားနဲ့ Field excitation output 14 V, Current 1.2A လောက် ထွက်ပါတယ်။ DG 3 မှာတော့ 8.7 V နဲ့ 0.8A လောက်ပဲ ရှိပါတယ်။
ကွာတော့ ကွာနေတယ်။ drawing ကို ကြည့်ပြီး စဉ်းစားပါတယ်။ ဘာကြောင့် Excitation နည်းနည်းလေး ပေးရုံနဲ့ Voltage ပိုထွက်နေရတာလဲ။ ဘာမှားနေလဲ။ 
ဒီတစ်ခါ static excitation circuit ထဲ အာရုံ စိုက်နေရာကနေ Generator ဘက်ကို သံသယ ဖြစ်လာပါတယ်။ Milli-ohm meter မပါလာလို့ Winding resistance ကိုတော့ မစစ်နိုင်ဘူး။ Rotating Diode တွေကိုတော့ စစ်ကြည့်ချင်ပါတယ်။ AC current leak ဖြစ်ပြီး Output voltage ပိုထွက်နေတာလား။ ဒါနဲ့ Rotating diode တွေ ဖြုတ်တိုင်းကြည့်ပါတယ်။ Diode တွေက ကောင်းနေပါတယ်။ ဒါပေမဲ့ နှစ်လုံးက ကြိုးဆက်တဲ့ Bracket လည်ပင်း ကျိုးနေတယ်။ ဖြစ်ချင်တော့ diode တွေအားလုံးကို copper ring နှစ်ခုနဲ့ တွဲဆက်ထားတာဆိုတော့ ကျိုးနေတာကို မမြင်သာပါဘူး။ diode ဖြုတ်ဖို့ Screw လျှော့လိုက်မှ Bracket အကျိုးလေးတွေ ထွက်ကျလာတယ်။ တစ်ခုမှာ arcing အရာ ခပ်မဲမဲ ဖြစ်နေတာ တွေ့ရပါတယ်။

သိထားတဲ့ theory နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ diode အားလုံး ၃ ခု ရှိတယ်။ နှစ်ခုက Bracket တစ်စစီ ကျိုးနေတော့ output excitation သုံးပုံ တစ်ပုံလောက် လျော့သွားရမှာ။ အခု ဘာလို့ များနေရတာလဲ။  ဘာပဲဖြစ်ဖြစ် Diode spare လည်းရှိတာမို့ အသစ် လဲကြည့်ပါတယ်။ performance ညီသွားအောင် ၃ ခုစလုံး လဲလိုက်ပါတယ်။

ပြီးတော့ ပြန်စမ်းကြည့်တဲ့အခါ Output Voltage 300V အောက် ကျသွားပါတယ်။ ဒါသဘာဝ ကျပါတယ်။ စောစောက ကျွန်တော်တို့ Reactor gap ချပြီး လျှော့ထားခဲ့တာကိုး။
အချိန်မရှိတော့လို့ အဲဒီနေရာမှာ ရပ်ခဲ့ရပါတယ်။ Super က ဘာ spare တွေ လိုသလဲ မေးတော့၊ လိုလိုမယ်မယ် Reactor (L1) ၊ Rectifier Transformer (T6) ၊ Droop CT (T4) သုံးမျိုး ရှာထားပေးဖို့ ပြောခဲ့ပါတယ်။ 
နောက်တစ်ခေါက် လာတဲ့ အခါ၊ ကျွန်တော်တို့ တက်စရာ မလိုတော့ပါဘူး။ သင်္ဘောပေါ်က ဓာတ်ကြိုးက အဲဒီ ပစ္စည်းတွေ လဲပြီး စမ်းကြည့်တာ အဆင်ပြေသွားတယ် ပြောပါတယ်။

ကောက်ချက် ချရရင်၊ ကျိုးနေတဲ့ Diode နှစ်ခုက လုံးဝ လွတ်နေတာ မဟုတ်ဘဲ arcing လို ဖြစ်ပြီး Voltage ပိုထွက်နေတာလို့ ယူဆရပါတယ်။ Diode အသစ်လဲပြီးလို့ Voltage ကျနေရာက Reactor (L1) အသစ်လဲလိုက်တော့ original gap အနေအထားနဲ့ အဆင်ပြေသွားတာလို့ ထင်ပါတယ်။ တစ်ခါတလေ theory တွေ၊ hypothesis တွေနဲ့ စဉ်းစားလို့ မပေါ်နိုင်တဲ့ Scenario တွေလည်း ရှိတတ်တယ်ဆိုတာ ပြောပြတာပါ။ 

ဝင်းအောင် (ပခုက္ကူ)
၂၅-၁၁-၂၀၂၀

Friday 20 November 2020

Generator (27-B) - Hyundai Genset Mystery 1

နောက်နေ့ သင်္ဘောပေါ်ရောက်တာနဲ့ မနေ့က ပြဿနာဖြစ်တဲ့ DG4 ကို မောင်းခိုင်းလိုက်ပါတယ်။ Voltage နဲ့ Frequency က ငြိမ်ပါတယ်။ ဒါကြောင့် လက်ရှိမောင်းနေတဲ့ DG1 နဲ့ parallel တွဲလိုက်ပါတယ်။ ဖြစ်ချင်တော့ DG လေးလုံးမှာ Capacity မတူကြပါဘူး။ DG1 နဲ့ DG2 က 3700 KVA လောက် ရှိပြီး DG3 နဲ့ DG4 က 2900 KVA လောက် ရှိပါတယ်။ အခု Capacity မတူတဲ့ DG နှစ်လုံးကို တွဲရမှာ ဖြစ်ပါတယ်။ အများစုသော PMS တွေမှာတော့ Capacity တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ Auto Load sharing မှာ KW တူအောင် ညှိလေ့ရှိပါတယ်။ ဒီ PMS ကတော့ load % တူအောင် ညှိတာ တွေ့ရပါတယ်။ ပိုပြီး သဘာဝကျပါတယ်။

အခုစက်နှစ်လုံးကို တွဲလိုက်တော့ Load 30% ဝန်းကျင်စီမှာ မောင်းနေကြပါတယ်။ p.f က မညီပါဘူး။ မနေ့ကလို trimmer လေးသုံးပြီး ညှိတော့လည်း တော်တော်များများ ညှိရပါတယ်။ ကြည့်ရတာ AVR ရဲ့respond နှေးနေတဲ့ သဘော ရှိပါတယ်။ p.f မတက်လာလို့ တော်တော်များများ လှည့်ပြီးတော့မှ တဖြည်းဖြည်း တက်လာတယ်။ ပြီးတော့ လွန်သွားပြန်ရော။ ညှိဖို့ မလွယ်လှပါဘူး။ စဉ်းစားကြည့်တော့ Respond နှေးတာရယ်၊ Long Oscillation လို့ ပြောနိုင်တဲ့ ဖြည်းဖြည်းချင်း ပြောင်းသွားတဲ့ အနေအထားတွေအရ PID control မှာဆိုရင် Gain(P) နဲ့ reset time (I) ကိုနည်းနည်း ညှိပေးရပါမယ်။ ဒီ AVR မှာ P ကို ကိုယ်စားပြုတဲ့ (K) ရယ်၊ I ကို ကိုယ်စားပြုတဲ့ (T) ရယ် preset နှစ်ခုကို နည်းနည်း ညှိပြီး ပြန်စမ်းတဲ့အခါ respond ပိုကောင်းလာပါတယ်။ ဒါပေမဲ့ load နည်းနည်း ပြောင်းတာနဲ့ p.f က တစ်ဘက် ဆွဲသွားတာမို့ trimmer နဲ့ လိုက်ညှိပေးရပါတယ်။ Capacity မတူတာရဲ့ effect ကြောင့်လား။ သေချာအောင် Capacity တူတဲ့ DG3 နဲ့ parallel မောင်းပြီး စမ်းတော့လည်း သိပ်မထူးပါဘူး။ 

ဒါကြောင့် Droop ကို သံသယ ဖြစ်ပါတယ်။ AVR ပေါ်က Droop setting ကတော့ 3% မှာ အတူတူ ထားပါတယ်။ 
ပထမ ဘာမှ မညှိခင် No Load voltage ကို အရင် ညှိပါမယ်။ DG3 နဲ့ DG1 ရဲ့ No Load voltage တွေ ကြည့်တော့ 6720V လောက် ရှိပါတယ်။ Load ဆွဲလိုက်မှ 6640V လောက် ကျသွားတာပါ။ ဒါနဲ့ DG4 ကို No Load voltage  6720V မှာ ထားလိုက် ပါတယ်။ DG3 နဲ့ parallel တွဲမောင်းလိုက်တော့ KW တူတဲ့အချိန် DG4 ရဲ့ p.f က အရမ်းကျနေတယ်။ DG3 ရဲ့ p.f က 1 အထိရောက်သွားတယ်။ ဒီတစ်ခါတော့ Trimmer ကနေ ပြန်ညှိဖို့ မလုပ်တော့ပါဘူး။ ညှိလိုက်ရင် No load voltage က မတူနိုင်တော့လို့ပါ။ 

အခု အဓိပ္ပာယ်က DG4 ရဲ့ Voltage က မြင့်နေတယ်ဆိုတဲ့ သဘောပါ။ No load voltage အတူတူ။ Active Load (KW) ဆွဲတာချင်း အတူတူမှာ DG4 က Voltage drop သိပ်မဖြစ်တာမို့ ယှဉ်လိုက်ရင် Voltage များနေပြီး သူ့ power factor (p.f) နိမ့်သွားရပါတယ်။ သူက Reactive load (KVAR) အများစုကို ယူလိုက်တဲ့ သဘောပါ။ ဒီတော့ KVAR နည်းသွားတဲ့ DG3 က p.f တက်သွားရတာပါ။ ကြာလာရင် reverse power ဖြစ်နိုင်တာမို့ DG4 ကို load လျှော့ပြီး ပြန်ရပ်လိုက်ရပါတယ်။ 
ဒီတစ်ခါ DG4 ရဲ့ Droop ကို 4% ထိ တင်လိုက်ပါတယ်။ ဆိုလိုတာက Voltage drop ပိုများစေချင်လို့ပါ။ ပြန်စမ်းတော့လည်း အခြေအနေ သိပ်မထူးပါဘူး။ Droop % ပြောင်းလိုက်တာ မသက်ရောက်သလို ဖြစ်နေပါတယ်။ ထပ်စဉ်းစားရပါပြီ။ သိချင်တာနဲ့  DG4 ရဲ့ No load voltage ကို 6660V လောက်အထိ လျှော့ချပြီး ပြန်စမ်းပါတယ်။ p.f က နည်းနည်းတော့ ပိုကောင်းလာပါတယ်။ ဒါပေမဲ့ သူ့ Current က များနေတယ်။ DG3 က 70A လောက် ဆိုရင် သူက 110A လောက် ဖြစ်နေတယ်။ (6.6KV ဆိုတော့  current က တော်တော်ဘနည်းတယ်နော်) ဒါတောင် သူ့ရဲ့ No load voltage ကို အများကြီး ချထားတာ။ သူ့ဘက်က Voltage drop မရှိသလောက် ဖြစ်နေတယ်။

Droop CT (T4) မကောင်းလို့လား။ ဘေးနားက DG5 မှာ Spare က အသင့်ရှိနေလို့ (T4) လဲကြည့်လိုက်ပါတယ်။ ပြန်စမ်းကြည့်တယ်။ အတူတူပဲ။ 
ဘာကျန်သေးလဲ။ AVR ရဲ့ Droop compensation အပိုင်း အလုပ်မလုပ်တာလား။ AVR အသစ်ရှိတာမို့ လဲကြည့်တယ်။ မ​ထူးခြားဘူး။
ပြဿနာက ရှင်းရှင်းလေးနဲ့ စားနေပြီ။ ထပ်စဉ်းစားကြည့်တော့ Compound CT transformer (T1, T2,T3) ကို တွေးမိတယ်။ သူက Load အနည်းအများပေါ်မူတည်ပြီး Ampere ကို boost လုပ်ပေးတာဆိုတော့ သူထုတ်ပေးတဲ့ Current များနေလို့ Voltage drop မဖြစ်တာလားပေါ့။ ဒါပေမဲ့ သိပ်တော့ မဖြစ်နိုင်ဘူး။ သူက load အပြောင်းမှာ voltage ဆက်ထိန်းပေးတာပဲ ရှိတယ်။ Final set voltage အနည်းအများက AVR ပေါ်က droop အပိုင်းက အဓိက ကျတယ်။ ဘာလို့ AVR က load sensing မရတာလဲ။  voltage မချပေးတာလဲ။ စဉ်းစားမရတော့ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို အဲဒီ (T1,T2,T3) ရဲ့ tapping တွေ ပြောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (T1,T2,T3) က တစ်ကယ်တော့ ၃ခု ပေါင်းထားတဲ့ Transformer ကြီး တစ်လုံးပါ။ T1 က U-phase ၊ T2 က V-phase ၊ T3 က W-phase ပေါ့။ အဲဒီ phase တစ်ခုစီရဲ့ secondary (output) မှာ Tapping လေးတွေ ရှိပါတယ်။ Phase တစ်ခုရဲ့ tapping ကို လျှော့ကြည့်ပါတယ်။ သိပ်မထူးပါဘူး။ ဒါနဲ့ စိတ်ပျက်ပြီး သူ့နေရာသူ ပြန်ထားလိုက်ပါတယ်။ 

ဘာလုပ်ရမလဲ တွေးနေတုန်းမှာ အတူပါတဲ့ ညီလေးတစ်ယောက်က လာပြောပါတယ်။ အစ်ကို U-phase အတွက် output တစ်စက V-phase ထဲက tapping တစ်ခုမှာ ဆက်ထားတာတွေ့တယ်တဲ့။ ဒါနဲ့ သွားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ဒါဆိုရင် U-phase output က close loop မဟုတ်တဲ့အတွက် Current မထွက်နိုင်တော့ပါဘူး။ ဖြစ်ချင်တော့ AVR ကို load sensing ပြန်ပေးတဲ့ Droop CT (T4) က အဲဒီ phase ရဲ့ ကြိုးကို သုံးထားပါတယ်။

ဒါဟာ အဖြေပဲပေါ့။ သူက Current မစီးရင် Droop CT က feedback zero ပြန်ပေးနေတော့ AVR က load ရှိမှန်းမသိလို့ Voltage ဘယ်ချပေးတော့မလဲ။ ဒီတော့ .. အဲဒီကြိုးကို မှန်အောင် ပြန်ဆက်ပေးလိုက်ပါတယ်။ AVR ပေါ်က droop ကို မူလအတိုင်း 3% ပြန်ထားလိုက်ပါတယ်။ DG4 ရဲ့ No load voltage ကို တခြားစက်တွေမှာလို 6720V ထားလိုက်ပြီး၊ ပြန်စမ်းကြည့်တော့ အဆင်ပြေသွားပါပြီ။ Genset နှစ်လုံးစလုံး Load အတူမှာ Current တူ p.f အတူတူနဲ့ တည်တည်ငြိမ်ငြိမ် run နေပါပြီ။ 
စိတ်ထဲမှာ ကျွန်တော်တို့ တင်ထားတဲ့ reactor gap ပြန်ချရမယ်ထင်တာ.. Voltage များမနေဘဲ ပုံမှန်မို့ ဒီတိုင်းပဲ ထားခဲ့ရပါတယ်။ 
အဝေးက ညွှန်ကြားသမျှ လိုက်စစ် ဖြုတ်တပ်လုပ်ရင်း ဓာတ်ကြိုးလေး ကြိုးမှားပြီး ပြန်တပ်ထားတာလို့ ထင်ပါတယ်။ ကိုယ်တွေတော့ တော်တော် လည်ထွက်သွားခဲ့ရပါတယ်။ Observance ဖြစ်တဲ့ ညီလေးကျေးဇူးကြောင့် အဖြေထွက်ခဲ့ရတာပါ။ ကျေးဇူးတင်ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၂၀-၁၁-၂၀၂၀