Friday 25 December 2020

Insulation Monitor on Vessel

သင်္ဘောတွေမှာ အပြောများတဲ့ ပြဿနာက Insulation Monitor နဲ့ ပြဿနာတွေပါ။ Low Insulation ဖြစ်နေတာ ဘယ်လို ရှာမလဲ၊ ဘယ်လို ကျော်ရမလဲ၊ စစ်ဆေးရေးကို ဘယ်လို ပြရမလဲ။ အဲဒီမေးခွန်းမျိုး မကြာခဏ တွေ့ရပါတယ်။ 

အဲဒီပြဿနာနဲ့ ပတ်သတ်ပြီး နည်းနည်း ပြောချင်ပါတယ်။ ပထမဆုံး သင်္ဘောပေါ်မှာ ဘာလို့ အဲဒီ Insulation Monitoring System တွေ တပ်ထားတာလဲ ဆိုတဲ့ မေးခွန်းက စပြီး စဉ်းစားရပါမယ်။ အလွယ်ပြောရရင် လိုအပ်လို့ တပ်တာပေါ့။ ဘာလို့ လိုအပ်တာလဲ။ သင်္ဘောပေါ်မှာ သုံးတဲ့ Earthing System တွေက ကုန်းပေါ်မှာ သုံးတဲ့ စနစ်တွေနဲ့ မတူလို့ပါ။ သင်္ဘောတွေရဲ့ စည်းကမ်း၊ ဥပဒေ လိုအပ်ချက်အရ IT earth system ကို သုံးရပါတယ်။ ဒါကို Insulated Neutral (သို့) Floating Neutral (သို့) Unearthed Neutral လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်က Electrical Power source ရဲ့ Star Point ကို Earth မချပဲ သုံးတာပါ။ (IT, TT, TN earth စနစ်တွေ နှိုင်းယှဉ်ထားတဲ့ ဇယားကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဘာလို့ ဒီစနစ်သုံးရတာလဲ။ ကုန်းပေါ်မှာတော့ လူအသက်အန္တရာယ်က ပထမ ဦးစားပေးပါ။ မီးပျက်သွားလို့ Black Out ဖြစ်သွားလို့ သိပ်ပြဿနာ မရှိပါဘူး။ အဲ .. သင်္ဘောပေါ်မှာတော့ Black out မဖြစ်ဖို့၊ လက်ရှိသုံးနေတဲ့ Operation ရပ်မသွားဖို့က ပိုအရေးကြီးပါတယ်။ သင်္ဘော ကမ်းကပ်ခါနီး Trip ဖြစ်သွားလို့ Steering မောင်းမရပဲ မတော်တဆ တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ Earth fault တစ်ခုဖြစ်တာနဲ့ Trip ဖြစ်သွားတဲ့ စနစ် မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ တခြား အချက်တွေ ရှိပေမဲ့ ဒါက အဓိက စဉ်းစားတဲ့ အချက်ပါ။ ဒီတော့ Earth fault တစ်ခု ဖြစ်ပေမဲ့ ချက်ချင်း trip / black out မဖြစ်ဘဲ ဆက်သုံးလို့ရတဲ့ ဒီ IT earth system ကို သုံးရပါတယ်။ 
ဒါပေမဲ့ သူ့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ Insulation Monitoring System နဲ့ တွဲပြီး သုံးရပါမယ်။ 
အဲဒီတော့ Insulation Monitor က အရေးပါလာပါပြီ။ ဘာလို့လဲ။ ဒီစနစ်မှာ Neutral ကို Ground မချထားတဲ့အတွက် Phase တစ်ခု Earth fault (Zero Megaohm) ဖြစ်ရုံနဲ့ Trip မဖြစ်ပေမဲ့၊ ဒုတိယ phase တစ်ခုပါ earth fault ဖြစ်ရင် Trip ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပထမ phase တစ်ခု Earth fault ဖြစ်နေသလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ Phase တစ်ခု earth fault ဖြစ်နေတဲ့ အနေအထားမှာ Earth system က TT/ TN တို့လို အနေအထား ရောက်သွားပါပြီ။ တစ်ချိန်ချိန်မှာ ဒုတိယ phase Earth fault တစ်ခါ ဖြစ်တာနဲ့ Trip / Black out ဖြစ်နိုင်သွားပါပြီ။

ဒါကြောင့် Low Insulation ကို မပေါ့ဆစေလိုပါ။ ကျော်တာ၊ ခွတာ အကြံမပေးလိုပါ။ ဖြစ်နိုင်သမျှ အချိန်ယူပြီး ရှာဖို့၊ ရှင်းဖို့ ကြိုးစားစေချင်ပါတယ်။ အနည်းဆုံး ဘယ် Circuit က earth fault ဖြစ်တာလဲဆိုတာ သိနေရင်၊ Manoeuvring အချိန်လို Critical operation အချိန်မှာ အဲဒီ Circuit တွေကို Off ထားတာမျိုး လုပ်ထားနိုင်ပါတယ်။
အန္တရာယ်ကင်းကြပါစေ။

ဝင်းအောင် (ပခုက္ကူ)
၂၅-၁၂-၂၀၂၀




No comments:

Post a Comment