Friday 25 December 2020

Insulation Monitor on Vessel

သင်္ဘောတွေမှာ အပြောများတဲ့ ပြဿနာက Insulation Monitor နဲ့ ပြဿနာတွေပါ။ Low Insulation ဖြစ်နေတာ ဘယ်လို ရှာမလဲ၊ ဘယ်လို ကျော်ရမလဲ၊ စစ်ဆေးရေးကို ဘယ်လို ပြရမလဲ။ အဲဒီမေးခွန်းမျိုး မကြာခဏ တွေ့ရပါတယ်။ 

အဲဒီပြဿနာနဲ့ ပတ်သတ်ပြီး နည်းနည်း ပြောချင်ပါတယ်။ ပထမဆုံး သင်္ဘောပေါ်မှာ ဘာလို့ အဲဒီ Insulation Monitoring System တွေ တပ်ထားတာလဲ ဆိုတဲ့ မေးခွန်းက စပြီး စဉ်းစားရပါမယ်။ အလွယ်ပြောရရင် လိုအပ်လို့ တပ်တာပေါ့။ ဘာလို့ လိုအပ်တာလဲ။ သင်္ဘောပေါ်မှာ သုံးတဲ့ Earthing System တွေက ကုန်းပေါ်မှာ သုံးတဲ့ စနစ်တွေနဲ့ မတူလို့ပါ။ သင်္ဘောတွေရဲ့ စည်းကမ်း၊ ဥပဒေ လိုအပ်ချက်အရ IT earth system ကို သုံးရပါတယ်။ ဒါကို Insulated Neutral (သို့) Floating Neutral (သို့) Unearthed Neutral လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်က Electrical Power source ရဲ့ Star Point ကို Earth မချပဲ သုံးတာပါ။ (IT, TT, TN earth စနစ်တွေ နှိုင်းယှဉ်ထားတဲ့ ဇယားကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဘာလို့ ဒီစနစ်သုံးရတာလဲ။ ကုန်းပေါ်မှာတော့ လူအသက်အန္တရာယ်က ပထမ ဦးစားပေးပါ။ မီးပျက်သွားလို့ Black Out ဖြစ်သွားလို့ သိပ်ပြဿနာ မရှိပါဘူး။ အဲ .. သင်္ဘောပေါ်မှာတော့ Black out မဖြစ်ဖို့၊ လက်ရှိသုံးနေတဲ့ Operation ရပ်မသွားဖို့က ပိုအရေးကြီးပါတယ်။ သင်္ဘော ကမ်းကပ်ခါနီး Trip ဖြစ်သွားလို့ Steering မောင်းမရပဲ မတော်တဆ တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ Earth fault တစ်ခုဖြစ်တာနဲ့ Trip ဖြစ်သွားတဲ့ စနစ် မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ တခြား အချက်တွေ ရှိပေမဲ့ ဒါက အဓိက စဉ်းစားတဲ့ အချက်ပါ။ ဒီတော့ Earth fault တစ်ခု ဖြစ်ပေမဲ့ ချက်ချင်း trip / black out မဖြစ်ဘဲ ဆက်သုံးလို့ရတဲ့ ဒီ IT earth system ကို သုံးရပါတယ်။ 
ဒါပေမဲ့ သူ့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ Insulation Monitoring System နဲ့ တွဲပြီး သုံးရပါမယ်။ 
အဲဒီတော့ Insulation Monitor က အရေးပါလာပါပြီ။ ဘာလို့လဲ။ ဒီစနစ်မှာ Neutral ကို Ground မချထားတဲ့အတွက် Phase တစ်ခု Earth fault (Zero Megaohm) ဖြစ်ရုံနဲ့ Trip မဖြစ်ပေမဲ့၊ ဒုတိယ phase တစ်ခုပါ earth fault ဖြစ်ရင် Trip ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပထမ phase တစ်ခု Earth fault ဖြစ်နေသလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ Phase တစ်ခု earth fault ဖြစ်နေတဲ့ အနေအထားမှာ Earth system က TT/ TN တို့လို အနေအထား ရောက်သွားပါပြီ။ တစ်ချိန်ချိန်မှာ ဒုတိယ phase Earth fault တစ်ခါ ဖြစ်တာနဲ့ Trip / Black out ဖြစ်နိုင်သွားပါပြီ။

ဒါကြောင့် Low Insulation ကို မပေါ့ဆစေလိုပါ။ ကျော်တာ၊ ခွတာ အကြံမပေးလိုပါ။ ဖြစ်နိုင်သမျှ အချိန်ယူပြီး ရှာဖို့၊ ရှင်းဖို့ ကြိုးစားစေချင်ပါတယ်။ အနည်းဆုံး ဘယ် Circuit က earth fault ဖြစ်တာလဲဆိုတာ သိနေရင်၊ Manoeuvring အချိန်လို Critical operation အချိန်မှာ အဲဒီ Circuit တွေကို Off ထားတာမျိုး လုပ်ထားနိုင်ပါတယ်။
အန္တရာယ်ကင်းကြပါစေ။

ဝင်းအောင် (ပခုက္ကူ)
၂၅-၁၂-၂၀၂၀




Saturday 19 December 2020

Main Engine Control (11) - Rpm Cannot Increase


ဒီဇာတ်လမ်းမှာ ကျွန်တော့် အပိုင်းက သိပ်မပါ ပါဘူး။ ဒါပေမဲ့ ညီအစ်ကိုတွေအတွက် စဉ်းစားစရာ အချက်တစ်ခု ရအောင် ပြောပြချင်ပါတယ်။ ပြီးတော့ Team Work လို့ ခေါ်ရမလား၊ Volley Ball Team လို့ ပြောရမလား ကိုယ့်ကွင်းထဲ ဘောလုံး မကျအောင် ပုတ်ထုတ်ကြတဲ့ ပွဲလေး။ နောက်ဆုံးတော့ အဖြေတစ်ခု ရသွားပါတယ်။ သင်္ဘောပေါ်မှာတော့ ဒီလိုပွဲတွေ ဘယ်ကစားလို့ ရမလဲနော် 😊။
ဇာတ်လမ်းအစက Bunker Barge လေးတစ်စီး သင်္ဘောကျင်းက ထွက်လာပါတယ်။ Main Engine ကိုင်တဲ့ အဖွဲ့ တစ်ဖွဲ့လည်း Sea Trials လိုက်လာကြပါတယ်။ သူတို့ အင်ဂျင် Rpm ကို 450 ထက် တင်မရလို့ ပြဿနာတက်နေကြပါတယ်တဲ့။ အင်ဂျင် နှစ်လုံးစလုံး အတူတူပါတဲ့။ တစ်ကယ် အင်ဂျင် Full speed rpm က 800 ကျော်ထိ မောင်းနိုင်တယ် ပြောပါတယ်။ ဒါပေမဲ့ ပုံမှန် High speed (step 3) မှာတော့ 720 လောက်ပဲ မောင်းပါသတဲ့။ 
အရေးပေါ်ခေါ်လို့ ညနေဘက်ကြီး Anchorage ထွက်လာကြတာပေါ့။ ကျွန်တော်က Electrical အပိုင်း စစ်ပေးရမယ်။ ကျွန်တော်နဲ့အတူ နောက်ထပ် Technician တစ်ယောက်က Pneumatic အပိုင်း စစ်ဖို့ လိုက်လာပါတယ်။ သင်္ဘောပေါ်ရောက်တော့ အင်ဂျင်သမားတွေ လက်မှိုင်ချပြီး ထိုင်နေကြပါတယ်။ စက်ချုပ်က ကျွန်တော်တို့ ကို အကျိုးအကြောင်း ရှင်းပြပါတယ်။ Bridge ကနေ အတင်အချ လုပ်ကြည့်တာ Rpm က မတက်လာဘူး ပြောပါတယ်။ Idle မောင်းထားချိန်မှာ 450 rpm လောက် ရှိတယ်။Speed အဆင့် 1, 2, 3, 4 ပြောင်းကြည့်လည်း မထူးပါဘူးတဲ့။ Ahead / Astern က Gear box နဲ့ ပြောင်းတာဆိုတော့ ဒီပြဿနာနဲ့ မဆိုင်တော့ဘူး။

ဒါနဲ့ ပထမအဆင့် ကျွန်တော်နဲ့ Pneumatic သမား သင်္ဘောမှာ သုံးထားတဲ့ Control စနစ်ကို နားလည်အောင် လိုက်ကြည့်ပါတယ်။ ဒီစနစ်မှာ Bridge က Speed အတင်အချကို electrical signal (4-20) mA နုဲ့ Engine Room ဆီ ပေးပါတယ်။ အောက်က Pneumatic Box ထဲမှာ I/p converter နဲ့ Proportional valve ကို လေဖိအား အနည်းအများ ပြောင်းပြီး ဖွင့်ပေးပါတယ်။ အဲဒီ လေအားနဲ့ Governor ကို တွန်းပြီး speed အတင်အချ လုပ်တာပါ။


ဒီမှာ တစ်ခုကောင်းတာက I/p converter မှာ 7-segment LED display နဲ့ output pressure ပြမေးသလို mechanical pointer နဲ့ pressure gauge လေး တစ်ခုလည်း ရှိပါတယ်။ သူတို့ Operate လုပ်တဲ့အချိန်အဲဒီနေရာက ထိုင်ကြည့်နေရင် ပြီးပြီပေါ့။ လေ pressure အနည်းအများ ထွက်ရင် ကျွန်တော့်အပိုင်းနဲ့ မဆိုင်တော့ဘူး။ လေသမားကို ဆက်ရှာခိုင်းရမယ်။ သူပါလာတော့ ကိုယ့်တာဝန် တစ်ဝက် လျော့သွားတာပေါ့။


ဒါနဲ့ စက်တစ်လုံးကို စ မောင်းခိုင်းလိုက်တယ်။ Bridge က Control လုပ်ပြီး မောင်းတာပေါ့။ Idle run မှာ Rpm 450 လောက် ရှိနေတယ်။ အဲဒီအချိန် ကျွန်တော်က Main Engine နားလေးမှာရှိတဲ့ Pneumatic Box ကို အဖုံးဖွင့်ပြီး စောင့်ကြည့်နေပါတယ်။ Pneumatic သမားက Governor နားမှာ စောင့်ကြည့်နေတယ်။ Idle ဆိုတော့ Speed control မောင်းတံ က Neutral မှာ။ တစ်နည်းအားဖြင့် Speed အဆင့် 0 မှာပေါ့။ ကျွန်တော့်ရှေ့က I/p converter display မှာ လည်း 0.009 MPa ပြနေတယ်။ ဒီတော့ 0.1 bar လောက် ရှိတာပေါ့။


Pressure Gauge ကလည်း 0 ဝန်ကျင် ပြနေတယ်။ Speed 1 တင်လိုက်တော့ 0.032 MPa, Speed 2 မှာ 0.103 MPa, Speed 3 မှာ 0.196 MPa, Speed 4 မှာ 0.272 MPa လောက် ပြပါတယ်။ Pressure gauge ကလည်း အလိုက်သင့် တက်ပါတယ်။ ဒါပေမဲ့ Engine Rpm က မပြောင်းဘူး။ တာဝန်ခွဲဝေမှုအရ Electrical အပိုင်းက ကောင်းတယ်ဆိုတော့ ကျွန်တော်က ပွဲကြည့် ပရိတ်သတ် ဖြစ်သွားပြီပေါ့။ လာထား လေသမားနဲ့ စက်သမား။ ငြင်းကြ ရှင်းကြပေရော့။ 

အဲဒီမှာ စက်အဖွဲ့ ခေါင်းဆောင်က သူ့နောက်ကျောကို ကာဖို့ တစ်ခုပြလာပါတယ်။ Governor နဲ့ ဆက်ထားတဲ့ အနီ​ေရာင် လေအိုးတစ်ခုဆီ ခေါ်သွားပါတယ်။ I/P converter ကထွက်လာတဲ့ လေက ပိုက်တစ်ခုနဲ့ အဲဒီ အိုးမှာ ဆက်ထားပါတယ်။ အဲဒီ လေအိုးကို Pneumatic သမား ခေါ်တာတော့ Booster unit လို့ ခေါ်ပါတယ်။ I/p converter ကထွက်တဲ့ Pressure က (0-3) bar လောက်ဆိုတော့ ဒီယူနစ်က Boost up လုပ်ပြီး ပိုမြင့်တဲ့ တွန်းအားနဲ့ Governor ကို အတင်အချ လုပ်ပေးတယ်လို့ ယူဆပါတယ်။ ( မှားနေရင် စက်ပိုင်းကဆရာတွေ ပြင်ပေးပါ။ ) လေဖိအား အနည်းအများပေါ်မူတည်ပြီး အပေါ်က Plunger rod လေးတစ်ခု အတက်အကျ ရှိပါတယ်။ အဲဒီ plunger နဲ့ Governor arm ကို linkage တစ်ခုနဲ့ ဆက်ထားပါတယ်။ အဲဒီ ယူနစ်ရဲ့ အောက်မှာ လက်နဲ့ လှည့်လို့ရတဲ့ Screw head တစ်ခု ရှိပါတယ်။ စက်က Idle မောင်းထားဆဲပါ။ သူက လက်နဲ့ အဲဒီ screw ကို လှည့်ပြတော့ Rpm က အတက်အကျ ဖြစ်ပါတယ်။ တွေ့လား သူ့စက်ကောင်းတယ်ပေါ့။ Bridge ကမောင်းတော့ ဒီ unit ရဲ့ plunger အတက်အကျ မလုပ်လို့ Rpm မပြောင်းတာပါဆိုပြီး ပုတ်ထုတ်ဖို့ ကြိုးစားပါတယ်။ 
အဲဒီမှာ Pneumatic သမားက အတွေ့အကြုံလည်းရှိ ဆရာလည်းကျတော့ ပြောပါတယ်။ ဒီဟာက Emergency case မှာ လက်နဲ့ အတင်အချလုပ်တဲ့ screw တဲ့။ သာမန် အချိန်မှာ Screw ကို အနိမ့်ဆုံးချထားရမယ်။ Screw အနိမ့်ဆုံး အနေအထားနဲ့ Idle Rpm 450 ရှိရမယ် ပြောပါတယ်။ ပြောပြောဆိုဆို သူက အဲဒီ screw ကို လက်နဲ့ လှည့်ပြီး လျှော့ချလိုက်တော့ Idle speed က 220 လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီတော့မှ သူ့ခွင် ရောက်လာတော့ ဘောလုံးကို အပီအပြင် ရိုက်ချတော့တာပေါ့။ တွေ့တယ်မဟုတ်လား မင်းတို့ စက်ဖက်က Idle speed ကို 450 ရအောင် တင်မထားဘဲ ဒီ screw နဲ့ တွန်းတင်ထားတော့ လေအား မြင့်လာပေမဲ့ booster က plunger ကို နောက်ထပ် ပိုမြင့်အောင် မတင်နိုင်တော့တာ လို့ ပြောပါတယ်။ စက်သမားကို Idle speed 450 ရအောင် တင်ဖို့ ပြောပါတယ်။ စက်အဖွဲ့ ခေါင်းဆောင်လည်း ညစ်သွားပါတယ်။ သူတို့က စက်အပိုင်း overhaul လုပ်ပေမဲ့ Governor ကို မကိုင်ရဲဘူးတဲ့။ Dock ဝင်တော့ Governor သမားက ဖြုတ်ယူသွားပြီး workshop မှာ service လုပ် စမ်းသပ်ပြီး ပြန်ပို့ပေးတာတဲ့။ သူတို့ ပြတဲ့ Linkage အပေါက်မှာ ပြန်တပ်ထားတာလို့ ပြောပါတယ်။ ဒီတော့ Governor ကို ဘယ်သူမှ မကိုင်ရဲဘူး။ တစ်ခုခု မှားရင် တာဝန် မခံနိုင်ကြဘူးလေ။ နောက်နေ့မှ Governor အဖွဲ့ခေါ်ပြီး idle speed ညှိကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့မှာ Governor အဖွဲ့၊ စက်အဖွဲ၊ လေသမားနဲ့ ဓာတ်သမားကျွန်တော်တို့ လေးဖွဲ့ပေါင်း ပြန်တက်ကြပါတယ်။ Governor သမားက အစက လက်မခံပါဘူး။ နောက်တော့ Super ရဲ့တိုက်တွန်းချက်နဲ့ Linkage အလျှော့အတင်းလုပ်ပြီး Idle speed 450 ရအောင် ညှိပေးပါတယ်။
ပြီးတာနဲ့ Bridge control နဲ့ Speed အတင်အချ လုပ်ကြည့်တော့ အဆင်ပြေသွားပါတယ်။ Speed 3 မှာ 720 rpm လောက်ရတော့ စက်ချုပ်နဲ့ သူကြီးလည်း ကျေနပ်သွားပါတယ်။ နောက်အင်ဂျင် တစ်လုံးကိုလည်း အဲဒီနည်းနဲ့ ညှိပြီး ဖြေရှင်းခဲ့ကြပါတယ်။ ဘောလီဘော ကစားပွဲက ဒီတော့မှ ပွဲပြတ်သွားပါတော့တယ်။ 
ဒီလို ဆင်တူတဲ့ စက်တွေနဲ့ ကြုံရင် စဉ်းစားနိုင်အောင် ပြောပြတာပါ။ 

ဝင်းအောင် (ပခုက္ကူ)
၂၀-၁၂-၂၀၂၀


Friday 4 December 2020

Miscellaneous Equipment (8) - Current Relay and Navigation Light

 တစ်ခါတလေ ဒီလို ပေါ့ပေါ့ပါးပါး ပြဿနာလေးတွေလည်း ပြောပြချင်ပါတယ်။ အမြဲတမ်းတော့ ခေါင်းစားရတာချည်း ဘယ်ဟုတ်ပါ့မလဲပေါ့နော်။ 

ဇာတ်လမ်းက ဒီလို။ Bunker barge လေးတစ်စီး dock ဝင်တော့ သူတို့ electrical အပိုင်းက စစ်စရာတွေ စာရင်းနဲ့ပေးလာပါတယ်။ အဲဒီထဲက အချိန်ရသလို လုပ်သွားရပါတယ်။ အဲဒီစာရင်းထဲမှာ ပြဿနာတစ်ခုက Morse light problem လို့ ရေးထားတယ်။ ဒါနဲ့ ကုန်းချုပ်ကို မေးရတာပေါ့။ ဘာဖြစ်တာလဲလို့။ ခုတော့ ဘာမှ မဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ Morse light က မီးလုံး ခဏခဏ ကျွမ်းနေတယ်။ အဲဒါ စစ်ပေးပါတဲ့။ ကျွန်တော်လည်း လက်ရှိအနေအထား ကောင်း၊ မကောင်း စစ်ကြည့်ပါတယ်။ ဖြစ်ချင်တော့ Morse light ဆိုတာ Christmas tree ရွက်တိုင်ထိပ်က အပေါ်ဆုံး မီးလုံး။ Yard ထဲမှာဆိုတော့ ငြမ်းမဆင်ဘဲ အပေါ်တက်ခွင့် မရှိပါဘူး။ ဒီတော့ အောက်ကပဲ ရသလောက် စစ်ကြည့်တာပေါ့။ နောက် drawing ဖတ်ကြည့်ပါတယ်။ Fuse တွေစစ်၊ မီးလုံးရဲ့ resistance တိုင်းကြည့်ပါတယ်။ အဲဒီမှာ သတိထားမိတာက ကျန်တဲ့ Navigation light တွေမှာ 60W x 1 လို့ တွေ့တယ်။ ဒီ Morse light မှာတော့ 25W x 3 ဆိုတာ တွေ့ရပါတယ်။ ဒီတော့ 25W မီးလုံး ၃ လုံး တပ်ထားတာလို့ ယူဆလိုက်ပါတယ်။ Ohm တိုင်းကြည့်တော့ ကျန်တဲ့ မီးလုံးအထွက်တွေက 62 ohm လောက် ရှိပြီး ဒီ မီးလုံးအထွက်က 57 ohm လောက် ရှိပါတယ်။ ဒါ ဖြစ်နိုင်ပါတယ်။ ၃လုံးပေါင်း 75W ဆိုတော့ ဒီလောက်ရှိမှာပေါ့။ Earth leakage လည်း မရှိပါဘူး။ မီးအဖွင့် အပိတ်လုပ်ကြည့်တော့ ကောင်းနေပါတယ်။ Alarm မလာပါဘူး။ ပုံမှန်ပါပဲ။ Voltage လည်း 220V အမှန် ထွက်ပါတယ်။
ဒီတော့ ကျွန်တော်က Recommendation အနေနဲ့ မီးလုံး အထိုင် holder တွေ လဲသင့်တယ်လို့ ပြောခဲ့ပါတယ်။ တစ်ခါတလေ holder တွေရဲ့ bumper function မကောင်းတော့ရင် vibration ကြောင့် မီးလုံး မြန်မြန် ကျွမ်းတတ်လို့ပါ။ တစ်ကယ့် root cause ရယ်လို့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။

တစ်ရက်တော့ ကျွန်တော် တခြား သင်္ဘောတစ်စီးမှာ ရောက်နေတုန်း အဲဒီ case ကို follow up လုပ်တဲ့ အစ်ကိုတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သင်္ဘောက မီးလုံးအထိုင်လဲဖို့ ဆုံးဖြတ်ပြီး ငြမ်းဆင်ပေးတာမို့ မီးလုံး အထိုင်လဲလိုက်တယ်တဲ့။ နောက် မီးလုံးတွေ ပြန်တပ်စမ်းကြည့်တော့ Alarm အမြဲလာနေတယ်တဲ့။ အဲဒါ ဘာဖြစ်နိုင်သလဲ မေးလာပါတယ်။ ဒါနဲ့ မေးရတာပေါ့။ ခင်ဗျား မီးလုံးတွေ အသစ်လဲသလား ဆိုတော့ လဲတယ်တဲ့။ ဒါဆို Watt မှန်ရဲ့လားဆိုတော့ သူက မသေချာတဲ့ လေသံနဲ့ 75W လို့ထင်တာပဲတဲ့။ 75W က သုံးလုံးပေါင်းလား တစ်လုံး 75W လားဆိုတော့ တစ်လုံး 75W ထင်တယ်တဲ့။ 

စိတ်ထဲကတော့ သွားပြီလို့ အောက်မေ့လိုက်ပါတယ်။ သေချာအောင် အပေါ် တက်ကြည့်ပေးဖို့ပြောတော့ ငြမ်းဖျက်လိုက်ပြီမို့ တက်မရတော့ဘူးတဲ့။ သင်္ဘောကလည်း ထွက်ကာနီးပြီ ပြောပါတယ်။ ဒါဆိုရင် ထပ်ပြီး Confirm လုပ်ရအောင် Fuse ပြတ်နေသလား စစ်ခိုင်းပါတယ်။ Fuse အထွက် မီးလုံးဘက် အခြမ်းကို ohm တိုင်းခိုင်းပါတယ်။ Fuse မပြတ်ဘူး။ Resistance က 20 ohm ဝန်းကျင် ရှိပါသတဲ့။ 
နောက်ဆုံး confirmation အနေနဲ့ သူ့ဘေးက Channel မှာရှိတဲ့ မီးလုံးတစ်ခုရဲ့ အထွက် ကြိုး နှစ်စကို လဲတပ်ပြီး ဖွင့်ခိုင်းကြည့်တော့လည်း Alarm က လာနေပါတယ်။ ဒါဆိုရင်တော့ သေချာသွားပါပြီ။ ကျွန်တော် ဖတ်ခဲ့တုန်းက drawing အရ အဲဒီ circuit မှာ မီးလုံး ကောင်းမကောင်း စစ်တာကို Current relay တွေသုံးထားတာပါ။ အဲဒီ Current relay ပျက်သွားလို့ပါ​။ 

သူ့ကို 25W မီးလုံး ၃ လုံး ရယ်၊  Spec တူတဲ့ Current relay တစ်လုံးရယ် ရှာဝယ်ထားဖို့၊ နောက်ရက် သင်္ဘောထွက်မှ Anchorage လိုက်ပြီး လဲပေးဖို့ ပြောလိုက်ရပါတယ်။
နောက်နေ့ သူလဲပေးလိုက်တော့ အားလုံး အဆင်ပြေသွားပါတယ်။  


ဒီနေရာမှာ Current relay က မီးလုံးနဲ့ Series ချိတ်ပြီး သုံးပါတယ်။ မီးလုံးကျွမ်းရင် ဖြစ်စေ၊ open circuit ဖြစ်ရင် ဖြစ်စေ Current မစီးတော့ relay မဆွဲဘဲ Alarm ထွက်အောင် ဒီဇိုင်း လုပ်ထားလေ့ ရှိပါတယ်။ အခု ပြဿနာက မီးလုံး မမှန်တာ တပ်လိုက်တော့ 75W x 3 ဖြစ်သွားပြီး current ၃ ဆ များသွားတဲ့အတွက် Current relay ခံနိုင်ရည် ကျော်ပြီး ကြွသွားတာပါ။

နောက်ပိုင်း Navigation light စနစ်တွေမှာတော့ current relay အစား electronic card တွေနဲ့ current detection လုပ်ကြပါတယ်။
ဒီလိုပြဿနာ လွယ်လွယ်လေးတွေလည်း ကြုံရတတ်ပါတယ်လို့။

ဝင်းအောင် (ပခုက္ကူ)
၄-၁၂-၂၀၂၀