Monday, 20 January 2020

Miscellaneous Equipment (5) - Main Sheet Cylinder Problem

အမှန်တော့ ဒီပြဿနာမျိုးက သာမန် သင်္ဘောတွေမှာ ရှိမှာ မဟုတ်ပါဘူး။ ဇိမ်ခံ ရွက်သင်္ဘော သေးသေးလေးပေါ်က ပြဿနာပါ။ ဒါပေမဲ့ Trouble-shooting နဲ့ fault finding အတွေ့အကြုံကို လေ့လာနိုင်အောင် ရေးလိုက်ပါတယ်။

ဒီရွက်သင်္ဘောက စင်္ကာပူမှာ ကျွန်တော် ခဏခဏ တက်ခဲ့ရဖူးပါတယ်။ အခု Langkawi ရောက်နေတုန်း ပြဿနာပေါ်လို့ လှမ်းခေါ်တဲ့အတွက် သွားခဲ့ပါတယ်။ သူကြီးက စိတ်မချလို့ hydraulic သမားတစ်ယောက်ပါ ခေါ်ထားပါတယ်။ ပြဿနာ မကြည့်ရခင် လန်ကာဝီရဲ့ ရှုခင်းလေးနဲ့ ကမ်းစပ် မြင်ရတာ ကြည်နူးစရာပါ။ 

သင်္ဘောပေါ် ရောက်တော့ သူကြီးက ပြောပြပါတယ်။ Boom လို့ ခေါ်တဲ့ ပင်မရွက်ကြီး (Main Sail) လိပ်ထည့်ထားတဲ့ တန်းကြီးကို ထိန်းထားတဲ့ ကြိုးအတင်းအလျော့ လုပ်ပေးတဲ့ Cylinder က အလုပ်မလုပ်ဘူး ပြောပါတယ်။ 
အဲဒီ Cylinder ကို command ပေးတဲ့ ခလုတ် နှစ်ခုရှိပါတယ်။ In နဲ့ Out လို့ ရေးထားပါတယ်။ In ကို နှိပ်ရင် အလုပ်လုပ်တယ်။ ကြိုးကို ဆွဲတင်းသွားတယ်။ Out ကို နှိပ်ရင် အလုပ်မလုပ်ဘူး။ Cylinder မရွေ့တော့ ကြိုးက လျော့မသွားဘူး။ အဲလို ခလုတ်တွေက နှစ်စုံ ရှိပါတယ်။ စမ်းကြည့်တော့ အတူတူပဲ။ နှစ်နေရာလုံးက Out မရဘူး။  In ပဲ ရတယ်တဲ့။ ခလုတ်မကောင်းတာတော့ မဟုတ်ဖို့ များသွားပြီပေါ့။ Hydraulic ဘက်က ဖြစ်တာလား၊ electrical ဘက်ကလား မသိသေးဘူး။ သင်္ဘောက Dock က ဆင်းလာတာ မကြာသေးပါဘူး။ Dock ထဲမှာ Hydraulic ပိုက်တွေဖြုတ်ပြီး Boom ကို ဆေးသုတ်သေးတယ်ဆိုတော့ ပိုက်လိုင်းထဲ အဝတ်စလိုမျိုး တစ်ခုခုဝင်ပြီး ဆို့နေမှာ စိုးတယ် တဲ့။

ကျွန်တော်လည်း electrical drawing ဖတ်၊ Hydraulic သမားကလည်း သူ့ diagram တွေကြည့်ပေါ့။ ဒီသင်္ဘောလေးက သေးတော့ တစ်စီးလုံးက Hydraulic power pack ကို တစ်နေရာထဲမှာ ထားပါတယ်။ နောက်ပြီး pump တွေကို မောင်းထားပြီးမှ control တွေ စ သုံးတာမျိုး မဟုတ်ပါဘူး။ Hydraulic စံနစ် တစ်ခုခု သုံးတဲ့ အချိန်မှ လိုအပ်သလို pump တွေကို Auto မောင်းပါတယ်။
ပထမ Drawing ဖတ်ရင်း သူ့နေရာအလိုက် သူ့အသုံးအနှုံးတွေ မေးမြန်း လေ့လာရပါတယ်။ ရွက်အမျိုးမျိုး နဲ့ ပစ္စည်းတွေရဲ့ အခေါ်အဝေါ်တွေက စိမ်းနေပါတယ်။ Main sail, Back Stay, Spreader, Boom vang ... စတဲ့ အသုံးအနှုံးတွေ သိအောင် လုပ်ရပါတယ်။ ပြီးတော့မှ သူနဲ​့ဆိုင်တဲ့ Drawing လိုက်ကြည့်တော့ Junction box တစ်ခုထဲမှာ relay တွေ Timer တွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီ Junction box ကိုခက်ခက်ခဲခဲ ရှာဖွေဖွင့်ပြီး စစ်ကြည့်ပါတယ်။ Drawing နဲ့ အပြင် ကွာနေတာလည်း တွေ့ရပါတယ်။ ရှေ့ကလူတွေ modify လုပ်ပြီး ပုံမှာ ဖြည့်မဆွဲသွားတာတွေပေါ့။ Hydraulic နဲ့ တိုက်ကြည့်ပြီး နားလည်အောင်ကြိုးစားရပါတယ်။ ဒီ Cylinder ကို မောင်းတဲ့ စနစ်က သိပ်တော့ မရိုးစင်းလှဘူး။ ပထမ In နဲ့ Out ကို ထိန်းချုပ်ပေးတဲ့ Hydraulic solenoid နှစ်လုံးက ကြမ်းအောက် တစ်နေရာမှာရှိတဲ့ Manifold block တစ်ခုမှာ ရှိပါတယ်။ အဲဒီအထွက် ပိုက်နှစ်ချောင်းက ရွက်တိုင်အခြေမှာ လေးထောင့် တုံးတစ်ခုထဲဝင်ပြီး ပိုက်နှစ်ချောင်းနဲ့ထွက်။ Cylinder တစ်ဘက်ထိပ်စီမှာ ဆက်ထားပါတယ်။ ဒီလေးထောင့်တုံးမှာ Solenoid ငါးခု ဘေးက တပ်ထားပါတယ်။ 
In အချိန်မှာ ဘယ် Solenoid တွေပွင့်ပြီး Out အခြေအနေမှာ ဘယ် solenoid တွေ ပွင့်ရမယ်လို့ Hydraulic diagram မှာ ရေးပြထားပါတယ်။ 
အကြမ်းဖျင်း သိရပြီဆိုတော့ စမ်းကြပါတယ်။ သူကြီးက In/Out ခလုပ်နှိပ်ပေးတဲ့အချိန် J/B terminal မှာ ကျွန်တော်က Voltage တိုင်းကြည့်ပါတယ်။ Voltage တွေက terminal အထိတော့ ရောက်နေပါတယ်။ အဲဒီအချိန်မှာ Hydraulic သမားက စောစောက လေးထောင့်တုံးရဲ​့ Test port တစ်ခုမှာ Gauge တစ်ခုဆက်ပြီး Pressure ကြည့်ပါတယ်။ သူပြောတာက pressure မရဘူးတဲ့။ Zero bar ပြနေပါတယ်။ တစ်ခု သတိထားမိတာက In ခလုတ်နှိပ်တဲ့အချိန် Hydraulic pump တွေ လည်တဲ့ အသံကြားရပါတယ်။ Out နှိပ်တော့ Pump မလည်ဘူး။ ဒါဆိုရင် pump လည်ဖို့ Signal မရောက်တာလားမသိဘူးတဲ့။ Hydraulic ဆရာ ပုတ်ထုတ်လိုက်တဲ့ ဘောက ကျွန်တော့်ဆီ ရောက်လာပါတယ်။ 
ကျွန်တော် drawing ကြည့်၊ ကြိုးတွေလိုက်ကြည့်၊ ဘာတွေ ပြောင်းထားလဲ စဉ်းစား တော်တော်လေး စစ်ရပါတယ်။ Hydraulic pump မောင်းဖို့ control က တစ်ခြားနေရာက box တစ်ခုထဲမှာ ဆိုတော့ လိုက်ကြည့်ပေါ့။ ဒီလိုနဲ့ စစ်ကြည့်လိုက်ပြီး သေချာတော့ ပြောရတယ်။ ဒီစနစ်မှာ In အတွက် pump လည်ဖို့ လုပ်ထားတယ်။ Out မှာ pump လည်ဖို့ Signal မပေးထားဘူးလို့။ ဒီတော့မှ Hydraulic သမားက ဒါလည်း ဖြစ်နိုင်ပါတယ်တဲ့။ In မှာ ကြိုးကိုဆွဲဖို့ pressure လိုပေမဲ့ ပြန်လျှော့ ပေးတော့ အထွက်လိုင်းတွေ ဖွင့်ပေးလိုက်ရုံနဲ့ ရနိုင်တဲ့ ဒီဇိုင်း ဖြစ်မယ်ထင်တယ်တဲ့။
စောစောက သူပြောလို့ ရေလိုက်လွဲပြီး တစ်ခြားဟာတွေ ရှာနေရတာကြာသွားတယ်။ တစ်ကယ်ဆို ကျွန်တော် လုပ်နေကျအတိုင်း အလွယ်ဆုံးကို အရင်ရှာမလို့။ ဘာပဲဖြစ်ဖြစ် ပိုသိသွားတာပေါ့။ သူနဲ့ သဘောတူညီချက် ရပြီဆိုမှ စောစောက Solenoid ၅ လုံးကို မှန်မှန် အလုပ် လုပ်ရဲ့လား။ တပ်ထားတဲ့ Connector တွေ သူ့ဟာနဲ့သူ မှန်ရဲ့လား စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်နေရာထဲမှာ Solenoid ၅ လုံးရှိနေတော့ connector တွေ ဖြုတ်ကြည့်ပြီး ရောသွားနိုင်တဲ့ ပြဿနာလည်း ဖြစ်နိုင်ချေတွေထဲက တစ်ခုပါ။ နောက်ပြဿနာ တစ်ခု သတိထားမိတာက Electrical drawing မှာ ရေးထားတာက In နဲ့ Out ။ Hydraulic diagram မှာ ရေးထားတာက Trim နဲ့ Ease တဲ့။ အသုံးအနှုံးတွေကလည်းမတူပြန်ဘူး။ Out ခလုတ်နှိပ်ရင် ကြိုးလျှော့ပေးမှာဆိုတော့ Ease ဖြစ်မယ်။ In ဆိုတာ Trim ဖြစ်မယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ Electrical အရ In မှာ Energize ဖြစ်ရမယ့် solenoid က ၂ ခု Out မှာ Energize ဖြစ်ရမှာ ၄ ခု။ Hydraulic ပုံထဲက ဇယားနဲ့ လွဲ နေပါတယ်။ သူ့ကိုပြန်ပြောရတယ်။ ဒီအတိုင်းဆို Ease လို့ ရေးထားတာ In ဖြစ်ရမယ်လို့။ Trim က out ဖြစ်ရမယ်လို့။ 
နောက်ဆုံး လေးထောင့်တုံးမှာ Engrave လုပ်ထားတဲ့ နံပါတ်တွေအရ ဘယ် Solenoid တွေ အလုပ်လုပ်တယ် မလုပ်ဘူး စစ်ကြည့်ဖို့ ပြင်ပါတယ်။ သူက Connector တွေဖြုတ်ပြီး Volt တိုင်းထားမလားတဲ့။ သူ operate လုပ်ပေးမယ်ပေါ့။ ကျွန်တော့်မှာ ဒါထက် ပိုကောင်းတဲ့ အကြံရှိတယ်လို့။ 
ဒီနေရာမှာ ဒီနည်းလေးကို ပြန်မျှဝေချင်ပါတယ်။ တစ်ခါက ပြောဖူးပါတယ်။ အခု လက်တွေ့ အသုံးတည့်လာလို့ပါ။ Danfoss က ထုတ်တဲ့ Magnetic Tool ဆိုတဲ့ mobile apps လေးပါ။ (ပုံ ကြည့်ပါ။) သူက Magnetic Flux ကို တိုင်းကြည့်ပြီး solenoid Energize ဖြစ်မဖြစ် ပြပေးပါတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့ Test Pen လို သံထည် ပစ္စည်းတစ်ခုခုနဲ့ solenoid နား ကပ်ကြည့်ပြီး စမ်းခဲ့ကြတာပေါ့။ အခုဒီ apps လေးက ပိုတိကျပါတယ်။
ပထမ စမ်းမယ့် solenoid က DC 24V သုံးတာဆိုတော့ Apps မှာ DC ကို ရွေးလိုက်ပါတယ်။ လက်ရှိ ပတ်ဝန်းကျင်က Magnetic field ကို သူ sense လုပ်လို့ရတာ 30 uT လောက်ရှိပါတယ်။ ခလုတ်နှိပ်ခိုင်းပြီး Solenoid တစ်ခုကို ကပ်ကြည့်တော့ 400 uT လောက် ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် apps ရဲ့ sensitivity ကို ခန့်မှန်းချေ 250 uT လောက် set လုပ်လိုက်ပါတယ်။ 
ပြီးတာနဲ့  Solenoid ၅ ခုကို တစ်ခုစီ hand phone လေးနဲ့ လိုက်ကပ်ကြည့်တဲ့ အခါ Energize ဖြစ်နေတဲ့ အလုံးမှာ Apps က အနီရောင် စက်ဝိုင်းနဲ့ Active ဆိုပြီးပြပါတယ်။ ဒီနည်းနဲ့ စမ်းလိုက်တော့ In မှာ K3 နဲ့ K4 active ဖြစ်ပါတယ်။ Out မှာ K2, K4, K5 ပဲ Active ဖြစ်ပ်တယ်။ သူ့ ဇယားအရ Out မှာ Active ဖြစ်ရမယ့် solenoid တွေထဲက K1 တစ်ခု လျော့နေပါတယ်။ K1 solenoid ရဲ့ connector လေးဖြုတ်မယ်လုပ်တော့ သူ့ screw က နဂိုထဲက မရှိပါဘူး။ ဆွဲလိုက်တာနဲ့ အလွယ်တကူ ပြုတ်လာပါတယ်။ ကြုံတုန်း Solenoid coil တိုင်းကြည့်တော့ Resistance တစ်ခု (60 ohm လောက်) ပြပါတယ်။ ဒါဆို ကောင်းတယ်ပေါ့။ Loose connection ကြောင့် ဖြစ်ဖို့ များနေပါပြီ။ သေချာအောင် K2 solenoid က screw ကိုယူပြီး K1 မှာ ကြပ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ K1 Active ဖြစ်သွားပါပြီ။ ဒါနဲ့ လောလောဆယ် Screw မရှိတဲ့ connector ကို Cable Tie လေးနဲ့ ချည်လိုက်ပါတယ်။ 
ပြန်စမ်းကြည့်ကြတော့ In နဲ့ Out Cylinder က ပုံမှန် အလုပ် လုပ်သွားပါပြီ။ သူကြီးလည်း ကျေနပ်သွားပါတယ်။ ကျန်တာတော့ နောက်ပိုင်း လုပ်ရတာ လွယ်အောင် Marking တွေပေး၊ Drawing ကို mark-up လုပ်ပေးခဲ့ပါတယ်။

​ဒီနေရာမှာ ပြောချင်တာက ထုံးစံအတိုင်း စမ်းစရာတွေ အများကြီးရှိရင် လွယ်တာက စ စမ်းပါ။ နောက်ပြီး ဒီ Magnetic Tool ဆိုတဲ့ Apps လေးသုံးပြီး Solenoid Active ဖြစ်၊ မဖြစ် အလွယ် စမ်းနိုင်ပါတယ်ဆိုတာပါ။

ဝင်းအောင် (ပခုက္ကူ)
၂၀-၁-၂၀၂၀

Saturday, 4 January 2020

Steering Gear (3) - Cannot Operate in normal mode with pump 1

အခုရက်ပိုင်း ကံမကောင်းပါ။ Drawing မပြည့်စုံတဲ့ သင်္ဘောတွေနဲ့ ကြုံနေရပါတယ်။ ဒီသင်္ဘောက bunker barge သေးသေးလေး။ Crew တွေက အကုန်လုံး 'အ' တွေပါ။ Steering Gear ပြဿနာဆိုလို့ သွားစစ်ခဲ့ပါတယ်။ ပထမ တစ်ဖွဲ့ တက်စစ်ထားတယ်ဆိုပါတယ်။ အစတုန်းက ဘယ်အခြေအနေရယ်တော့ မသိပါဘူး။ ကျွန်တော်ရောက်တော့ ကျန်တဲ့ ပြဿနာက Bridge control ရဲ့ Normal mode မှာ pump 1 နဲ့ မောင်းလို့ မရဘူး။ Pump 2 နဲ့ပဲ မောင်းလို့ ရတယ်ဆိုပါတယ်။ Emergency mode မှာတော့ pump နှစ်ခုလုံးနဲ့ မောင်းလို့ ရတယ်ဆိုပါတယ်။ စမ်းပြပါတယ်။
အစဆုံး အကြမ်းဖျင်း စဉ်းစားကြည့်ပါတယ်။ emergency mode မှာ pump နှစ်ခုလုံး သုံးလို့ရတယ် ဆိုတော့ pump starter တွေ ကောင်းတယ်။ Cylinder နဲ့ hydraulic အပိုင်း ကောင်းတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆို emergency mode နဲ့ normal mode ဘာကွာလဲ။ သုံးတဲ့ solenoid တွေ တစ်လိုင်းစီလား။ Control က ဘာကွာလဲ။ အဲဒါတွေ စစ်ကြည့်ရပါမယ်။ Drawing တောင်းကြည့်တော့ မရှိပါဘူး။ Super ပို့ပေးထားတဲ့ one line drawing လေး တစ်ခုပဲ ရှိပါတယ်။ 
One line drawing ဆိုတော့ ဘယ် box ကနေ ဘယ် box ကို ကြိုး ဘယ်နှစ်ချောင်း ပြေးထားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အထဲက component တွေနဲ့ ကြိုးနံပါတ်တွေ မပါဘူး။ တစ်ဖြည်းဖြည်း အဖြေရှာရတော့ပါမယ်။ 
ပထမ System နဲ့ ကြိုးတွေ ပြေးထားပုံ လေ့လာရပါတယ်။ Bridge panel မှာ Pump start /stop switch တွေရယ် alarm indicator lamp တွေရယ် တွေ့ပါတယ်။ နောက် Normal / Emergency mode ရွေးတဲ့ selector switch ရယ်၊ Emergency Mode မှာ PS / Stbd မောင်းတဲ့ Lever လေးရယ်၊ Steering Handle ရယ် ရှိပါတယ်။ Steering Handle ကလည်း PS / Stbd ဆွဲတာပါပဲ။ တွေ့နေကျ Rudder Angle scale တွေနဲ့ Follow up mode မောင်းတာမျိုး မဟုတ်ပါဘူး။ ဒီတော့ ပိုရှင်းတာပေါ့။
နောက် SG room ထဲ ဆင်းသွားကြည့်ပါတယ်။ Pump နှစ်လုံး၊ Starter panel နှစ်လုံး၊ SG alarm box တစ်ခု Local Control box တစ်ခု ရှိပါတယ်။ Local ပြောင်းပြီး မောင်းကြည့်တော့ Pump နှစ်ခုလုံးနဲ့ မောင်းလို့ ရပါတယ်။ Hydraulic line တွေ လိုက်ကြည့်တော့ Pump 1 အခြေမှာ Solenoid တစ်စုံ (P & S) Pump 2 အခြေမှာ solenoid တစ်စုံ (P & S) ဒါပဲရှိပါတယ်။ Emergency mode အတွက် သီးခြား လိုင်း မရှိပါဘူး။ ဒါဆိုရင် ဒီ Solenoid နှစ်စုံလုံးကောင်းနေတယ်လို​့ ကောက်ချက်ချနိုင်ပါပြီ။

ပြဿနာက Emergency mode နဲ့ Normal mode ဘာကွာလဲ။ စဉ်းစားကြည့်တော့ power source မတူတာပဲ ဖြစ်နိုင်ပါတယ်။ ကြိုးတွေကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်၊ တိုင်းကြည့်ပါတယ်။ Power source တွေကြည့်တော့ Pump Starter box 1 နဲ့ 2 မှာ AC ကို step down လုပ်ပြီး rectifier နဲ့ 24VDC ထုတ်ပေးထားတာတစ်စုံစီရယ်၊ Local control box မှာ main DC24V အဝင် တစ်စုံရယ် တွေ့ပါတယ်။ Fuse တွေ အကုန်ကောင်းပါတယ်။ ကြိုးတွေလိုက်ပြီး Rudder End Limit switch တွေ စမ်းကြည့်တော့လည်း ကောင်းပါတယ်။
ဒါပေမဲ့ Drawing မရှိတော့ ဘယ်ကြိုးတွေ ဘယ်အတွက် ဘယ်လို သွားထားတာ အတိအကျ မသိပဲ စမ်းတဝါးဝါးမို့ အချိန်တော်တော်ကုန်သွားပါတယ်။ သတိထားမိတာက Bridge control panel ရဲ့normal mode မှာ pump 1 အတွက် power source ရယ် emergency mode အတွက် power source ရယ်မှာ Hull နဲ့ leakage ရှိနေတာ သတိထားမိပါတယ်။ ဒီ leakage ကြောင့်တော့ မဟုတ်နိုင်ဘူး။ emergency mode မှာ မောင်းရနေတာပဲ။ ဒီလိုနဲ့ မိုးချုပ်သွားလို့ ပြန်ဆင်းခဲ့ပါတယ်။ နောက်ရက်မှ ပြန်တက်မယ်ပေါ့။ System ကို ခပ်ရေးရေးတော့ သိနေပါပြီ။ ကြိုးတွေ အသေးစိတ်ပြန်လိုက်ရင် ရနိုင်ပါပြီ။
နောက်ရက် ပြန်တက်တော့ စာရွက်အလွတ်မှာ Drawing ဆွဲပါတယ်။ Selector switch တွေ အလုပ်လုပ်သလား စမ်းရင်း ကြိုးနံပါတ်တွေနဲ့ ပုံကြမ်း ဆွဲပါတယ်။ နောက် Local control box နဲ့ starter အဝင်အထွက်ကိုလည်း ဆွဲပါတယ်။ Alarm box ကိုတော့ မကြည့်တော့ပါဘူး။ 
နှစ်နာရီလောက် အချိန်ပေးပြီး ဆွဲလိုက်တော့ ပုံပေါ်သွားပါပြီ။ အဲဒီပေါ်  အခြေခံပြီး လိုက်ပါတယ်။ Pump 1 ရယ်၊ Pump 2 ရယ် က လာတဲ့ 24V power source တွေကို Normal mode မှာ သုံးထားပြီး၊ local control box က main 24V DC source ကိုတော့ Emergency mode မှာ သုံးထားတာ တွေ့ရပါတယ်။ Pump 1 ကလာတဲ့ 24V DC ကို Trace လိုက် တိုင်းကြည့်တော့ Bridge panel အထိ တက်သွားတာတွေ့ပါတယ်။ 
Bridge မှာ လိုက်ကြည့်မှ Normal / Emergency Selector switch မှာ ကြိုးမှားပြီး ဆက်ထားတာတွေ့ရပါတယ်။ Normal mode Pump 1 အတွက်  (+) အဝင်ကြိုးကို Emergency mode အတွက် source နဲ့ အတူ ပေးထားတာ တွေ့ရပါတယ်။ ဒီတော့ pump 1 normal mode အတွက် 24V ( + ) နဲ့ 0V ( - ) ဟာ မတူတဲ့ source နှစ်ခုက ဝင်ထားတာမို့ အလုပ်မလုပ်တာပါ။ ကြိုး အမှန် ပြန်ပြောင်း ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ DC 24V source သုံးခုနဲ့ ရွာလည်သွားတဲ့ အဖြစ်လေးပါ။ အရင် ဘယ်သူ့လက်ချက်နဲ့ ကြိုးမှားထည့်ထားတယ်တော့ မပြောတတ်ပါဘူး။

နောက် emergency mode အတွက်သုံးတဲ့ battery bank ကလာတဲ့ DC 24V source မှာ Hull နဲ့ leakage ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီ ပြဿနာတော့ job scope အပြင်ဘက်ကဆိုတော့ ထားခဲ့ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၅-၁-၂၀၂၀

Friday, 3 January 2020

Brake Chopper and Brake Resistor

တချို့ AC induction motor တွေမှာ လိုအပ်တဲ့အချိန် ရပ်တန့်ဖို့ brake တွေပါလေ့ ရှိပါတယ်။ အဲဒီ brake တွေကတော့ စပရင် (spring) နဲ့ ကလပ် (clutch) အပြားကို တွန်းပြီး ပွတ်တိုက်အား (friction) နဲ့ မော်တာကို ရပ်စေပါတယ်။ အဲဒီ အမျိုးအစားကို mechanical brake လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် စပရင်တွန်းအားကြောင့် ဘရိတ်မိနေပြီး မော်တာ မလည်အောင် ထိန်းထားပေးပါတယ်။ မော်တာ မောင်းတော့မှ brake coil ကို power ပေးပြီး ဘရိတ်လွတ်အောင် လုပ်ရပါတယ်။ အဲဒါကိုတော့ fail safe အန္တရာယ်ကင်း စနစ်အရ လုပ်ထားပေးတာပါ။ ဒီနေရာမှာ brake coil နဲ့ electrical power ကို သ​ုံးပြီး အဖွင့်အပိတ်လုပ်ပေးရပေမဲ့ တစ်ကယ့် ဘရိတ်ဖမ်းတဲ့ ဆောင်ရွက်ချက်က Friction force ကိုသုံးထားတာမို့ mechanical brake လို့ ခေါ်တာပါ။
Electrical နည်းနဲ့ ဘရိတ်ဖမ်းတဲ့ နည်းတွေ ရှိပါတယ်။ အဲဒီထဲက တစ်ခုဖြစ်တဲ့ Brake Chopper နဲ့ Brake Resistor အကြောင်း အကျဉ်းချုံး ပြောပြချင်ပါတယ်။ ဒီစနစ်ကို Variable Frequency Drive (VFD) တွေမှာ သုံးပါတယ်။ အထူးသဖြင့် ပါဝါကြီး၊ load များတဲ့ မော်တာကြီးတွေမှာ သုံးပါတယ်။ မော်တာကြီးတွေ အရမ်းကြီးပြီး သူ့ရဲ့ဝန် (load) များတဲ့အခါ လည်ပြီးရင် အရှိန်တစ်ခုရှိပါတယ်။ VFD ကနေ speed ကို လျှော့ချပြီး ရပ်ဖို့လုပ်ပေမဲ့ ဝန်ရဲ့အရှိန်နဲ့လည်နေတဲ့ မော်တာရဲ့ rotor ကြောင့် မော်တာကနေ generator သဘောမျိုး ဖြစ်သွားပြီး လျှပ်စစ် ပြန်ထွက်လာပါတယ်။ ထွက်လာတဲ့ လျှပ်စစ်ကို ပြန်သုံးပြီး brake ဖမ်းတာပါ။ 
ကြားဖြတ်ပြီး VFD ထဲက တည်ဆောက်ပုံလေး အကြမ်းဖျင်း ပြောချင်ပါတယ်။ VFD မှာ အဝင် AC power ကို ပထမ Diode တွေ သုံးပြီး DC အဖြစ် ပြောင်းပေးပါတယ်။ အဲဒီ DC ရှိတဲ့ bar တွေကို DC bus လို့ ခေါ်ပါတယ်။ DC ကိုမှ လိုအပ်သလို IGBT transistor တွေသုံးပြီး AC အဖြစ် ပြန် ပြောင်းပေးပါတယ်။ အဲဒီ AC ရဲ့ frequency ပေါ် မူတည်ပြီး မော်တာရဲ့ speed ကို ထိန်းချုပ်တာပါ။ frequency နဲ့ speed ကတိုက်ရိုက် အချိုးကျတယ် မဟုတ်လား။ နောက်ပြီး V/f အချိုး ညီနေအောင် လိုအပ်သလို Output Voltage ကိုပါ ပြောင်းပေးပါတယ်။

စောစောက ပြောတဲ့ မော်တာရဲ့ အရှိန်ကြောင့် ပြန်ထွက်လာတဲ့ voltage (back emf) က VFD ရဲ့ DC bus voltage ကို လိုအပ်တာထက် ပိုမြင့်တက်လာစေတဲ့အခါ brake chopper circuit ကနေ switch လုပ်ပြီး DC bus ကို ပြင်ပ Resistor တွေနဲ့ ဆက်ပေးပါတယ်။ ဒီတော့ generator သဘောမျိုး ဖြစ်နေတဲ့ မော်တာမှာ အဲဒီ resistor တွေက electrical load ဖြစ်သွားပြီး မော်တာရဲ့ အရှိန်ကို လျော့ကျသွားစေပါတယ်။ ဒါကြောင့်မို့ Brake resistor လို့ ခေါ်ပါတယ်။ အဲဒီ resistor ဟာ ထွက်လာတဲ့ လျှပ်စစ်ပါဝါတွေကို စုပ်ယူပြီး အပူအဖြစ် ပြောင်းလဲပစ်တာမို့ အရမ်းပူပါတယ်။ ဒီတော့ ပန်ကာလို အအေးခံစနစ်တွေ တပ်ဆင်ထားရပါတယ်။

Brake resistor အပြင် တစ်ခြား electrical brake နည်းစနစ်တွေကတော့ Flux braking ၊ DC injection braking စတာတွေ ရှိပါသေးတယ်။ အသေးစိတ် မပြောတော့ပါဘူး။

ဝင်းအောင် (ပခုက္ကူ)
၃-၁-၂၀၂၀






Saturday, 30 November 2019

Generator (24) - Auto Synchronisation Problem


ဒီတစ်ခါတော့ တော်တော်လေး ခေါင်းစားခဲ့ရပါတယ်။ မသိကိန်းတွေများတဲ့ ညီမျှခြင်း ရှင်းရသလို ဖြစ်သွားလို့ပါ။ Supply boat တစ်စီးမှာ Generator Auto Synchronisation ပြဿနာကို စစ်ပေးခဲ့ရပါတယ်။ သင်္ဘောသားတွေနဲ့ Super တို့ အပြန်အလှန် ရေးကြ၊ မေးကြတဲ့ စာတွေ ဖတ်ကြည့်ရတာတော့ Auto mode မှာ တစ်ခါတလေ Synchronise ရတယ်။ တစ်ခါတလေ မရဘူး ဆိုပါတယ်။ သူတို့တွေ No load voltage ကိုလည်း ညှိထားပြီးပြီတဲ့။ ပြဿနာက ရှိနေတုန်းမို့ သွားစစ်ပေးရတာပါ။
သင်္ဘောပေါ်ရောက်တော့ စက် ၂ ရဲ့ အကူအညီနဲ့ စမ်းကြတာပေါ့။ ဒီသင်္ဘောမှာ Main Generator ၂ လုံး နဲ့ Emergency Generator တစ်လုံး ရှိပါတယ်။ Genset တွေက Caterpillar တွေဖြစ်ပြီး Control က Taiyo ကပါ။ လက်ရှိ AE 1 run နေပါတယ်။ မစခင် panel တွေ ဖွင့်ထားပြီး ဘာတွေရှိလဲ အကြမ်းဖျင်း ကြည့်ထားလိုက်ပါတယ်။ 
Synchro panel ထဲမှာ PLC ၃ ခုတွေ့ပါတယ်။ နောက် Auto Synchronizer (ASD) တစ်ခု တွေ့ပါတယ်။ ကျန်တာ Relay, Timer, transformer စတဲ့ တွေ့နေကျ ပစ္စည်းတွေပါ။ AE1 နဲ့ AE2 panel တွေထဲမှာတော့ Woodward ရဲ့ Load sensor ဆိုတာ တွေ့ပါတယ်။ နောက် Woodward ရဲ့ Governor control box တစ်ခုစီ အပြင် ICU-GP လို့ စာတမ်းတပ်ထားတဲ့ PCB relay board လေး တစ်ခုစီ တွေ့ပါတယ်။ ဒါက ဘာအတွက်ရယ် မသိပါဘူး။ relay board ရဲ့ သဘာဝ output ampere များများရအောင် တစ်ဆင့်ခံပေးတဲ့ board လို့ ယူဆပါတယ်။

စမ်းမယ်ဆိုတော့ AE2 ကို နှိုးလိုက်ပါတယ်။ ထုံးစံအတိုင်း No load voltage တိုင်းပြီး မှတ်ထားပါတယ်။  Auto Sync မတွဲခင် စက် ၂ကြီး က Frequency ကို စက် နှစ်ခုလုံး အနီးစပ်ဆုံး ရောက်အောင် ထားလိုက်ပါတယ်။ ပြီးမှ Auto ပြောင်းလိုက်တော့ ခဏအတွင်း ACB close ဖြစ်သွားပြီး parallel ဖြစ်သွားပါတယ်။ အခုတော့ အဆင်ပြေသားပဲ။ ကျွန်တော် အစိုးရိမ်ဆုံး Fault finding က တော့ intermittent လို့ ခေါ်တဲ့ တစ်ခါတလေမှ ပြဿနာ ပေးတာမျိုးပါ။
ဒါကြောင့် Generator တစ်လုံးကို ပြန်ဖြုတ်ချ ပြီး ထပ်စမ်းပါတယ်။ ဒီတစ်ခါ မရတော့ပါဘူး။ Parallel ချိတ်မသွားပဲ Panel မှာရှိတဲ့ Abnormal Reset ဆိုတဲ့ push button မှာ မီးလင်းလာပါတယ်။ ဒီတစ်ခါ reset လုပ်ပြီး ပြန်ကြိုးစားတော့လည်း မရပါဘူး။

အဲဒီအချိန် အသေးစိတ်ကြည့်ပြီး သတိထားမိတာက ASD controller မှာ စောစောက ကောင်းတဲ့ တစ်ခါတုန်းက Run ဆိုတဲ့ LED လင်းပါတယ်။ နောက် ခဏနေတာ့ V.ADJ နဲ့  V.DEF LED နှစ်လုံးထပ်လင်းလာပြီး ACB close ဖြစ်သွားတာပါ။ နောက် မကောင်းတဲ့ အခါမှာ အဲဒီ မီးလုံးတွေ လင်းတာ မတွေ့ရဘူး။
ဒါနဲ့ လက်ရှိအချိန်မှာ မကောင်းဘူးဆိုတော့ အဲဒီ ASD controller ရဲ့ အဝင် power ရောက်လား။ သူ့ setting တွေက ဘာတွေလဲ သိဖို့ လိုပါပြီ။ စက်ချုပ်ဆီက MSB Drawing တောင်းပြီး ဖတ်ကြည့်ပါတယ်။
ASD ကို ဝင်မယ့် Power က Bus bar က တစ်စုံ၊ Active generator တွေက တစ်စုံစီ ဝင်ပါတယ်။ တိုင်းကြည့်တော့ Bus, AE1 နဲ့ AE2 အတွက် ကြိုးတစ်စုံစီမှာ 110 V AC ရှိနေပါတယ်။ Synchro Selector switch ကို လှည့်ကြည့်ပေမဲ့ ASD ပေါ်က ဘာမီးမှ လင်းမလာပါဘူး။ နောက်ပြီး ASD အထွက် Abnormal နဲ့ Breaker no close ဆိုတဲ့ output တွေက PLC input မှာ ဝင်ထားပါတယ်။ အဲဒီအချိန်မှာ သတိထားမိတာက PLC မှာ ERROR LED အနီလေး မှိတ်တုတ်မှိတ်တုတ် လင်းနေပါတယ်။ အဲဒီ ERROR ကြောင့် မရတာလား။ သေချာမသိတော့ PLC ကို reset လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ PLC ကိုဝင်တဲ့ power line ကိုကြည့်ပြီး သူနဲ့ ဆိုင်တဲ့ Fuse ဖြုတ်လိုက်ပါတယ်။ ခဏစောင့်ပြီး ပြန်တပ်လိုက်တော့ PLC initialize ပြီး ERROR မရှိတော့ပါဘူး။ 
Synchro ပြန်စမ်းကြည့်တော့ မကောင်းသေးပါဘူး။ ဒါဆို PLC error ကြောင့် မဟုတ်သေးဘူး။ ASD ကို ပိုအာရုံစိုက်ရပါတော့မယ်။ ASD ရဲ့ dip switch နဲ့ jumper setting တွေ စစ်ကြည့်ပါတယ်။ ဒါတွေလည်း ထူးထူးခြားခြား မှားနေတာ မတွေ့ပါဘူး။ ကျန်တာက input signal ၃ ခုပဲ ရှိတော့တယ်။ Synchro လုပ်ရင် အသစ်ချိတ်လာမယ့် AE ကို ရွေးပေးတဲ့ signal ပါ။ ၃ ခုထဲက တစ်ခုပဲ active ဖြစ်ရမယ်။ အဲဒီအတွက် Controller မှာ Ic, I1, I2, I3 ဆိုတဲ့ terminal ၄ ခု ရှိတယ်။ Ic က Common terminal သူ့ဆီက လာတဲ့ 110V signal ကို I1, I2,I3 တစ်ခုခုထဲ ပြန်ထည့်ပေးမှ ဘယ် Generator ကလာပြီး ချိတ်မယ်ဆိုတာ ဆုံးဖြတ်မှာပါ။
Circuit အရ  ကြားထဲမှာ Relay contact နှစ်ခု ရှိတယ်။ 86X ဆိုတာက NC, 243SY ဆိုတာက NO contact တွေ သုံးထားတယ်။ ဆိုလိုတာက 86X က energize မဖြစ်ရဘူး။ 243SY က energize ဖြစ်ရမယ်ပေါ့။ နောက် အဲဒီလိုင်းနဲ့ အပြိုင် ICU-GP2 ဆိုတဲ့ relay board နဲ့လည်း ဆက်ထားသေးတယ်။ ဒီ relay နှစ်ခုသူ့ sequence အတိုင်း အလုပ်လုပ်ရင် (ဒါမှမဟုတ်) ICU GP2 board က ဆက်ပေးလိုက်ရင် I2 မှာ signal ရောက်ရမှာပေါ့။ အဲဒီ ICU GP2 board အလုပ်လုပ်ပုံလည်း မသိ။ 
နေဦး အဲဒီ အသေးစိတ် မစစ်ခင် ဒီ ပြဿနာဟာ ဒီ signal ပြန်မဝင်တာကြောင့်ဟုတ်၊ မဟုတ် သေချာအောင် Ic နဲ့  I2 ကြားကို jumper ပေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  (AE2 ကို လာချိတ်မှာဆိုတော့ I2 ကို ပေး ကြည့်ပါမယ်။) လက်ရှိ Ic နဲ့ I2 ကို Volt တိုင်းကြည့်တော့ 110V AC ရှိပါတယ်။ ဒါဆို ကြားထဲမှာ Open ဖြစ်နေတာပေါ့။ ကြိုးတစ်ခုနဲ့ Ic - I2 ထောက်ပေးလိုက်တော့ ASD ပေါ်က Run LED လေး လင်းလာပါတယ်။ ခဏစောင့်ကြည့်တော့ နောက်V.ADJ နဲ့ V.DIF LED နှစ်လုံး လင်းလာပြီး Generator နှစ်လုံး Parallel ချိတ်မိသွားပါတယ်။ ဒါဆို ဒီ Signal ကြောင့်ဆိုတာ သေချာသွားပြီပေါ့။ နောက်ပြီး ASD controller ကောင်းတယ်လို့ ယူဆနိုင်ပါပြီ။ 

ဒါနဲ့ စောစောက relay နှစ်လုံးကို ရှာကြည့်လိုက်တော့ မှန်တယ်။ 86X က energize မဖြစ်ဘူး။ 243SY က energize ဖြစ်နေတယ်။ ဒါပေမဲ့ သတိထားမိတာက ကြိုးနံပါတ်တွေက Drawing အတိုင်း မဟုတ်ပဲ Modified လုပ်ထားတာတေ​ွေ့
ပါတယ်။ အဲဒီ နားမှာ Timer နဲ့ Relay တွေ ၆ ခုလောက် ထပ်ထည့်ထားပါတယ်။ ကြိုးတွေလိုက်ကြည့်တော့လည်း တော်တော်လေး ရှုပ်အောင် လှည့်ပတ်ပြေးထားပါတယ်။ ဒုက္ခတော့ တွေ့ပြီပေါ့။ ရှေ့က ပြင်ထားတဲ​့ ဆရာသမားတွေက drawing မှာ mark-up / update လေး လုပ်မထားခဲ့ဘူး။ ဒါဆို Ic နဲ့ I2 ကြားမှာ စောစော relay contact ၂ ခု မကတော့ဘူး။ တော်တော်များများကို ဖြတ်သွားတာဖြစ်တဲ့အတွက် ပြတ်စရာ လမ်းတွေ အကုန်လိုက်ကြည့်ရပါတော့မယ်။ Drawing အမှန်မရနိုင်တော့ ကြိုးတွေ လိုက်ဆွဲကြည့်ရတော့မှာပါ။ 
မတတ်နိုင်ဘူးလေ။  ရွေးစရာမှ မရှိတာ။ ရှိသမျှ cable tie တွေ အကုန်ဖြတ်၊ Flexible wrap တွေ ခွာထုတ်၊ Trunking တွေခွာပြီး ကြိုးတွေကို trace လိုက်ပါတယ်။ ရသလောက် circuit ပုံကြမ်းလေး ဆွဲပြီး တော်တော်လေး မွှေလိုက်တော့ ရုပ်လုံး ပေါ်လာပါတယ်။ အမှန်တော့ Synchro switch က signal ပေးလိုက်ရင် ချက်ချင်း ASD ကို activate မလုပ်စေပဲ delay လုပ်ချင်တာရယ်၊ I1, I2, I3 signal တစ်ချိန်မှာ တစ်ခုထက် ပိုမဝင်စေချင်လို​့ တစ်ခုရဲ့ NO output signal မတိုင်ခင် ကျန်တဲ့ နှစ်ခုရဲ့ NC contact တွေ series ချိတ်ပြီး Interlock လုပ်ထားတာပါ။ နောက် Ic က လာတဲ့ common ကြိုးကိုလည်း Auto/ Manual mode selector တွေနဲ့ ဖြတ် ဆွဲထားပါတယ်။ 
Circuit ပုံကြမ်းလေး ရသွားပြီဆိုတော့ လွယ်သွားပြီပေါ့။ စိတ်လည်း ပေါ့ပါးသွားတယ်။ Ic နဲ့ I2 ကြားကိုတိုင်းတော့ 110V ။ Ic ကို ထောက်ထားပြီး တစ်ဖြည်းဖြည်းချင်း ရွှေ့တိုင်းလာလိုက်တာ relay တစ်ခု အဝင်မှာ 110V အထွက်မှာ 0V ဖြစ်သွားတယ်။ တစ်ကယ်ဆို အဲဒီ contact က NC ။ Relay ကလည်း energize ဖြစ်မနေဘူး။ တွေ့ပြီပေါ့။ အဲဒီ relay ကို jumper နဲ့ ကျော်လိုက်ပြီး စမ်းကြည့်တော့ အဆင်ပြေသွားပါပြီ။ ၃-၄ ခါ စမ်းကြည့်ပြီး သေချာတော့ Relay လဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ 
Spare မရှိလို့ နောက်နေ့မှ ပို့ပေးလိုက်မယ့်အကြောင်း မှာထားခဲ့ ပါတယ်။
ပြန်ချုပ်ရရင် modify လုပ်တဲ့ design မှာ သေချာအောင် NC contact တွေ တန်းစီ ထည့်ထားတာ တွေရပါတယ်။ Input signal တစ်ခုစီမှာ တစ်ခြား Relay တွေရဲ့ NC contact တွေ ၅ ခုလောက် ဖြတ်ပြီး ဆက်ထားပါတယ်။ အဲဒီ interlock တွေက ဒုက္ခပြန်ပေးတာပါ။ NC contact က တစ်ခါတလေ ထိပြီး တစ်ခါတလေ မထိတော့ ပြဿနာတက် ရတာပါ။

ဝင်းအောင် (ပခုက္ကူ)
၃၀-၁၁-၂၀၁၉

Friday, 25 October 2019

Bow Thruster (3) - Port Side Cannot Run Full Power


လောလော လတ်လတ် အတွေ့အကြုံလေး မမေ့ခင် ပြန်ရေးလိုက်တာပါ။ Bunker သင်္ဘောတစ်စီးမှာ BT ပြဿနာရှိလို့ သွားစစ်ခဲ့ပါတယ်။ သင်္ဘောပေါ်ရောက်တော့ သူကြီးက ပြဿနာကို ပြောပြပါတယ်။ Port ဘက်ကို Command ပေးရင် power တစ်ဝက်လောက်ပဲ ရတယ်လို့ဆိုပါတယ်။

ပထမ Wheel House Console ပေါ်မှာရှိတဲ့  Operating Panel ကိုပြပါတယ်။ Panel ပေါ်မှာတော့ လေးထောင့် မျက်နှာပြင် အခုံးမှာ Pointer အလျားလိုက် ရွေ့တဲ့ display နှစ်ခုရှိပါတယ်။ တစ်ခုက Rpm ကိုပြပါတယ်။ နောက်တစ်ခုက Ampere ကိုပြပါတယ်။ ဒီ BT အမျိုးအစားက Electric Motor drive ပါ။ သူကြီးက စမ်းပြပါတယ်။ ပထမဆုံး Control Request ဆိုတဲ့ ခလုတ်နှိပ်ပြီး ဒီ panel ရဲ့ control ကိုယူလိုက်ပါတယ်။ ပြီးတာနဲ့ Motor Start ခလုတ်နှိပ်လိုက်ပါတယ်။ အဲဒီအချိန် နဂိုက  0 (Neutral) ပြနေတဲ့ Rpm indicator က Port 400 Rpm လောက် ပြပါတယ်။ Ampere မီတာမှာတော့ 0 ပဲပြပါတယ်။ တစ်ကယ်တော့ Control Handle က Neutral မှာပဲ ရှိနေပါသေးတယ်။ ဒီ BT အမျိုးအစားက Controllable Pitch Propeller (CPP) မဟုတ်ပါဘူး။ Fixed Pitch Propeller (FPP) ဖြစ်ပါတယ်။ Motor ရဲ့ လည်တဲ့ Direction (forward / reverse) နဲ့ Rpm အနည်းအများကို သုံးပြီး Thruster လိုသလို ထိန်းချုပ်မောင်းတာပါ။ အခုပြနေတဲ့ Port 400 Rpm သာ အမှန်ဖြစ်မယ်ဆိုရင် Ampere က 0 မဖြစ်နိုင်ပါဘူး။ နောက်ပြီး သင်္ဘော ဦးပိုင်း မှာ ဘေးကို တွန်းထုတ်တာ မြင်နေရမှာပါ။ အခုတော့ ဘာမှ မရွေ့ပါဘူး။ ဒီတော​့ Rpm indicator ကအမှန်မပြတာ ပြဿနာ တစ်ခု ရှိနေပါပြီ။
နောက် သူကြီးက စမ်းမောင်းပြပါတယ်။ Stbd ဘက်ကို မောင်းတံ ဆွဲလိုက်တော့ Ampere တစ်ဖြည်းဖြည်း တက်လာပါတယ်။ အဆုံးဆွဲလိုက်တဲ့အချိန်မှာ 400 A လောက် ရှိပါတယ်။ အဲဒီအချိန်မှာ Rpm indicator က Stbd 250 လောက်မှာ ပြပါတယ်။ သင်္ဘောဦးကိုလည်း Stbd ဘက်ကို တွန်းထုတ်သွားတာ မြင်နေရပါတယ်။ သူကြီးက သူ့အတွေ့အကြုံအရ ဒါပုံမှန်လို့ ပြောပါတယ်။ Rpm indicator က Full scale (500) မှာ မပြပေမဲ့ အလုပ်လုပ်တာ Full power နဲ့ Stbd ဘက်တွန်းသွားတာ မှန်ပါတယ်တဲ့။ နောက် Neutral ပြန်ထားပြီး Port ဘက်ကိုဆွဲကြည့်ပါတယ်။ Ampere တစ်ဖြည်းဖြည်း ပြန်တက်လာပါတယ်။ အဆုံးထိဆွဲပြီးချိန်မှာ 200 A လောက်ပဲ တက်ပါတယ်။ Rpm indicator မှာတော့ Port 500 အဆုံးထိ ပြနေပါတယ်။ ခဏစောင့်ကြည့်တော့ သင်္ဘောဦးက Port ဘက်ကိုတွန်းတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရမ်းနှေးနေပါတယ်။ သူကြီး အတွေ့အကြုံအရ ပုံမှန်မဟုတ်ပဲ Power တစ်ဝက်လောက် လျော့နေတယ်ဆိုပါတယ်။ ဒါက ဒုတိယ ပြဿနာပေါ့။
ဒါနဲ့ သင်္ဘောဦးပိုင်း BT room ကို သွားကြည့်ပါတယ်။ BT room ထဲက Main deck level မှာ Motor Starter Cabinet တွေ့ပါတယ်။ ဖွင့်ကြည့်တော့ VFD (drive) နဲ့ Control Circuit တွေတွေ့ရပါတယ်။ တံခါးမှာ Ampere meter တစ်ခုလည်းတွေ့ရပါတယ်။ အောက်ဆုံးထပ် ဆင်းကြည့်တော့ အောက်ကို စိုက်ပြီး တပ်ထားတဲ့ မော်တာ ခပ်ကြီးကြီး တစ်လုံး၊ Coupling ခံဆက်ထားတဲ့ ဂီယာအုံတစ်ခုလည်းတွေ့ပါတယ်။ ဒီ ဂီယာက Vertical နဲ့ Horizontal ပြန်ပြောင်းပေးတာ ဖြစ်ပါလိမ့်မယ်။
သူကြီးက Radio တစ်လုံးပေးခဲ့ပြီး Bridge ကနေ စမ်းပြမယ်ဆိုပါတယ်။ ကျွန်တော်က မော်တာနားမှာ စောင့်ကြည့်ပြီး ပါလာတဲ့ အဖေါ်ကို အပေါ်က Cabinet မှာ Ampere စောင့်ကြည့်ခိုင်းပါတယ်။ သူကြီးက Stbd ဘက်ကို အဆုံး ဆွဲလိုက်ချိန်မှာ မော်တာလည်တာ အရမ်းမြန်ပါတယ်။ Cabinet မှာလည်း 400 A လောက်ပြပါတယ်။ နောက် Port ဘက် အဆုံးဆွဲတော့ မော်တာလည်နှုံး တစ်ဝက်လောက်ပဲ လည်ပါတယ်။ Cabinet မှာလည်း 200 A လောက်ပဲ ပြပါတယ်။
ခုချိန်မှာ ကောက်ချက်ချနိုင်တာက WH မှာပြတဲ့ Ampere meter က မှန်တယ်။ Port Side မှာ Power တစ်ဝက်ပဲ ဆွဲတယ်။ ဒါပဲ ရှိပါသေးတယ်။
Drawing ဖတ်ကြည့်တော့ Central Control Unit ဆိုတာ တစ်ခုရှိပါသေးတယ်။ လိုက်ရှာတော့ Bridge Console အောက်မှာ တွေ့ပါတယ်။ PLC ၂ ခုနဲ့ တစ်ခြား Component တွေ တွေ့ပါတယ်။ နောက်တစ်ခု သိချင်လို့ သူကြီးကို Emergency mode နဲ့ မောင်းခိုင်းကြည့်ပါတယ်။ အဲဒီ mode ကတော့ Port Side ခလုတ်နှိပ်ထားလိုက်တာနဲ့  Ampere တစ်ဖြည်းဖြည်း တက်သွားတာ 400 A လောက်မှာ ရပ်သွားပါတယ်။ ဒါက အမြင့်ဆုံး speed ဖြစ်သွားပါပြီ။ နောက် Stbd ဘက်ကိုစမ်းတော့လည်း ရပါတယ်။
စဉ်းစား ကြည့်ရအောင်။ Handle နဲ့ command ပေးတဲ့အခါ Port ဘက်မှာ Power တစ်ဝက်ပဲရတယ်။ Emergency Mode နဲ့ Port Side မှာ full power လည်နိုင်တယ်ဆိုတော့ Motor ရယ်၊ Drive ရယ် ပုံမှန် အလုပ်လုပ်တယ်ပေါ့။ ဒါဆိုရင် Command handle ကြောင့်လား၊ Feedback ကြောင့်လား၊ Control တစ်ခုခု ကြောင့်လား စဉ်းစားရပါပြီ။ Drawing ကို သေချာဖတ်ကြည့်ပြီး Control အလုပ်လုပ်ပုံကို နားလည်အောင် ကြိုးစားကြည့်ပါတယ်။ 
ဒီစနစ်မှာ Operating Panel ၃ ခုတောင် ရှိပါတယ်။ WH console မှာတစ်ခုနဲ့ Wing တစ်ဘက်စီမှာ တစ်ခုစီ ရှိကြပါတယ်။ အဲဒီ တစ်ခုစီက လာတဲ့ Command Potentiometer (resistance) signal ကို လက်ရှိ active control ဖြစ်နေတဲ့ Panel အတွက် relay တစ်ခုစီက ဆွဲပြီး Signal Transmitter တစ်ခု (B1.2) ကို ဝင်ပါတယ်။ အဲဒီကနေ 4-20 mA ထုတ်ပြီး PLC analog input မှာ ပေးပါတယ်။ PLC output ကနေ နောက် Signal Transmitter တစ်ခု (B1.3) ခံပြီး Motor Stater cabinet ကို 4-20 mA နဲ့ ပြန်ပေးပါတယ်။ နောက် Starter Cabinet က ပြန်လာတဲ့ Feedback signal ကိုတော့ တစ်ခြား Signal transmitter တွေဆီကတစ်ဆင့် +/- 10V ပြောင်းပြီး Rpm indicator တွေဆီ ပြန်ပေးထားပါတယ်။ (ပုံကြည့်ပါ။) ဆိုလိုတာက Control PLC မှာ feedback signal ပြန်မဝင်ထားဘူး။ Open loop control ပဲပေါ့။ Emergency mode မှာတော့ push button က လာတဲ့ command ကို PLC ဆီ မဝင်တော့ပဲ Starter cabinet ဆီ တိုက်ရိုက်ပေးထားတာ တွေ့ရပါတယ်။ 

ဒါဆို ဘယ်က စ စမ်းမလဲ။ လွယ်တာက စပြီး စမ်းပါမယ်။ အစဆုံး indicator ပြဿနာကို အရင်စစ်ပါမယ်။ Drawing အရ Starter Cabinet က  ပြန်လာမယ့် signal က Signal Transmitter (B1.4) ကို 4-20 mA ဝင်ပြီး 4-20 mA ၂ စုံ ပြန်ထွက်ထားပါတယ်။ အဲဒီ အထွက် ၂ စုံက 4-20 mA to +/- 10 V transmitter နှစ်လုံးဖြစ်တဲ့ (B1.5) နဲ့ (B1.6) ကို ဝင်ပါတယ်။ အဲဒီ အထွက်မှ Rpm indicator ၃ လုံးကို ဝင်ထားပါတယ်။ 
အခု မော်တာ ရပ်ထားချိန်မှာ 0 V ထွက်ရပါမယ်။ တိုင်းကြည့်တော့ တစ်စုံ(B1.6)မှာ -8V လောက် ထွက်နေပါတယ်။ အဲဒီ signal transmitter အဝင်မှာ mA တိုင်းကြည့်တော့ 12 mA လောက် ထွက်ပါတယ်။ ဒါဆို ဒီ (B1.6) မကောင်းတာပေါ့။ Zero နဲ့ Span ကို ညှိကြည့်ပေမဲ့ ဘာမှ မပြောင်းပါဘူး။ လောလောဆယ် သုံးရအောင် (B1.5) မှာ ပေါင်းထည့်လိုက်ပါတယ်။ Rpm indicator က Zero နားကို ရောက်သွားပါပြီ။ Adjustment နည်းနည်းလုပ်လိုက်တော့ Zero မှာ ပြနေပါပြီ။ Handle ဆွဲပြီး မောင်းကြည့်တော့ Ampere ဆွဲတာနဲ့ အချိုးတူ မှန်မှန်ကန်ကန် ပြပါတယ်။ ဒါဆို ပြဿနာ တစ်ခုတော့ ရှင်းသွားပါပြီ။ Port ဘက်က Power အပြည့် မရတဲ့ ပြဿနာပဲ ကျန်ပါတော့တယ်။

ဒီတစ်ခါ Control ကို Wing (Port) မှာ ပေးပြီး စမ်းမောင်းကြည့်ပါတယ်။ ပြဿနာက အတူတူ ပါပဲ။ Wing(Stbd) က မောင်းတော့လည်း အတူတူပါပဲ။ ဒါဆိုရင် Command handle နဲ့ မဆိုင်တော့ဘူး။ သေချာအောင် relay အဝင် ကြိုး ၃ စကို resistance တိုင်းထားပြီး Handle ကို ကစားကြည့်ပါတယ်။ Neutral မှာ 500 Ohm လောက် ရှိနေပြီး Stbd အဆုံးမှာ 20 Ohm လောက်၊ Port အဆုံးလောက်မှာ 980 Ohm လောက် ရှိပါတယ်။ Handle ဘက်က Potentiometer ကောင်းတာ သေချာပါပြီ။
ဒီတစ်ခါ B1.2 အထွက်မှာ mA တိုင်းထားပြီး Handle ကို ရွှေ့ကြည့်ပါတယ်။ Stbd 100% မှာ 4 mA လောက် ရှိပြီး Neutral မှာ 11 mA လောက် ရှိပါတယ်။ Port 100% မှာ 17 mA လောက် ပဲ ရှိပါတယ်။ ဒါဆို ပြဿနာက ဒါပဲပေါ့။ အမှန်က Port 100% မှာ 20 mA ဝန်းကျင် လောက် ရှိရမှာပါ။ Transmitter ပေါ်က Zero နဲ့ Span ကို လှည့်ကြည့်တော့လည်း ဘာမှ မပြောင်းပါဘူး။ ဒါနဲ့ ဒီပစ္စည်း မှာပြီး လဲဖို့ ရေးပေးခဲ့ပါတယ်။ 

နောက်ရက်မှာတော့ လိုတဲ့ spare က တရုတ်ပြည်က မှာရမှာဖြစ်တဲ့ အတွက်၊ local မှာ ရတာ တစ်ခုခုနဲ့ အစားထိုးဖို့ ဆုံးဖြတ်ကြပါတယ်။ PR universal controller (4116) မှာ 1 k ohm pot input / 4-20 mA output configure လုပ်ပြီး သွားတပ်ပေးလိုက်ပါတယ်။ အားလုံး ပြီးတဲ့အခါ စမ်းကြည့်တော့ အကုန် အဆင်ပြေသွားပါပြီ။

ဝင်းအောင် (ပခုက္ကူ)
၂၆-၁၀-၂၀၁၉

Tuesday, 15 October 2019

Sensors and Transducers (5) - Flow meter


ဒီတစ်ခါ flow meter တွေအကြောင်း ပြောပြချင်ပါတယ်။ 
(a) Flow meter က အရည် (သို့) အငွေ့ တွေ flow rate ဘယ်လောက် နဲ့ စီးတယ်ဆိုတာ ပြပေးပါတယ်။ 
(b) Flow rate ပြရုံတင်မဟုတ်ပဲ analog တန်ဖိုး တစ်ခု output ထုတ်ပေးရင်တော့ Flow rate transmitter လို့ ပြောနိုင်ပါတယ်။ ဥပမာ (4-20) mA ထုတ်ပေးတာမျိုး။
(c) နောက် Flow rate တစ်ခုရောက်ရင် On/Off ပြောင်းပေးတဲ့ (Digital output) signal ထုတ်ပေးရင်တော့ Flow switch ပေါ့။

Flow rate တိုင်းတဲ့ နည်းပေါ်မူတည်ပြီး flow meter အမျိုးမျိုး ခွဲထားပါတယ်။ အသုံးများတဲ့ နည်းတွေကတော့”

1) Area Displacement (သို့) Positive Displacement Flow meter
2) Inferential Flow meter
3) Variable Area Flow meter (Rotameter)
4) Differential Pressure Flow meter
5) Mass Flow meter (သို့) Inertial Flow meter
6) Area Velocity Flow meter 
7) Vortex Flow meter
စတာတွေ ဖြစ်ပါတယ်။

1) Area Displacement (သို့) Positive Displacement Flow meter 
ဒီအမျိုးအစားမှာ အရည် ပမာဏ တစ်ခု ဖြတ်စီးတဲ့အခါ လည်သွား၊ ရွေ့သွားတဲ့ Mechanical part တစ်ခုခု ပါလေ့ရှိပါတယ်။ အဲဒီ အစိတ်အပိုင်းရဲ့ လည်ပတ်နှုံး /ရွေ့ရှားမှု  အကြိမ်အရေအတွက်ကို တိုင်းတာပြီး အရည်ရဲ့ Flow rate ကို တွက်ချက် ဖေါ်ပြပေးပါတယ်။
ဒီအုပ်စုထဲမှာမှ တည်ဆောက်ပုံပေါ် မူတည်ပြီး ထပ်ခွဲနိုင်ပါသေးတယ်။

a) Rotary Piston Type
   အရည် စီးဝင်တဲ့ လမ်းကြောင်းမှာ ခွက်တစ်ခု ခံထားပြီး အရည်တိုးဝင်လာတာနဲ့ အစိတ် အပိုင်း တစ်ခုက လည်ပြီး အထက်၊ အောက် ရွေ့လျားမှုကို ဖြစ်စေပါတယ်။ တစ်ကြိမ် အတက်အကျ ဖြစ်တိုင်း ခွက်ရဲ့ ပမာဏ အရည်ထုထည် ရွေ့လျားဖြတ်စီးတယ်လို့ သိနိုင်ပါတယ်။ ပိုက်ရဲ့ အပြင်ဘက်မှာ Magnetic Sensor တစ်ခုနဲ့ ခွက်ရွေ့လျားတဲ့ အကြိမ်ရေကို တွက်ပြီး Flow rate ကို သိနိုင်ပါတယ်။ (ပုံကြည့်ပါ)

b) Vane Type
  အညီအမျှပိုင်းထားတဲ့ အကန့်လေးတွေ ပါပြီး အရည်တိုးဝင်လို့ လည်သွားတဲ့ အပေါ်မှာ ထုထည်ကို တွက်ယူပါတယ်။ အပတ်အရေအတွက် တိုင်းတဲ့ Sensor Output ကို မူတည်ပြီး ဖြတ်စီးတဲ့ အရည်ထုထည်ပေါ်ကနေ Flow rate ကို တွက်ထုတ်ပါတယ်။

c) Meshing Rotor (သို့) Lobe Type
   အင်္ဂလိပ် ဂဏန်း 8 ပုံ လည်နိုင်တဲ့ lobe နှစ်ခုပါဝင်ပါတယ်။ အရည် ထုထည်ကို lobe အပတ်ရေကနေ တွက်ထုတ်ပြီး တစ်ဆင့် Flow rate ကို ရစေပါတယ်။


d) Reciprocating Piston Type
   အရည်ရဲ့ တွန်းအားကြောင့် piston တစ်ဘက်ကို ရွေ့သွားစေပါတယ်။ အဲဒီအခါ slide valve နေရာ ရွေ့သွားတဲ့အတွက် အရည် inlet port ဘက်ပြောင်းသွားလို့ piston ပြောင်းပြန် ပြန်ရွေ့စေပါတယ်။ ဒီနည်းနဲ့ piston ရွေ့တဲ့ အရေအတွက်ကို Sensor နဲ့ ဖမ်းပြီး တွက်ထုတ်တဲ့ နည်းပါ။
e) Fluted Spiral Gear Type
    ဒီမီတာမှာ ကြောင်လိမ်ပုံ rotor နှစ်ခုက အချင်းချင်း gear လို ချိတ်ထားပြီး အရည်တွန်းအားနဲ့ လည်စေပါတယ်။ အဲဒီကတစ်ဆင့် counter ကို လည်စေပြီး အရည်ရဲ့ Flow rate ကို တွက်ထုတ်ပေးပါတယ်။ တိကျပြီး ဓာတ်ဆီဆိုင်တွေမှာ သုံးလေ့ ရှိတယ်ဆိုပါတယ်။

f) Nutating Disc Type
   ဒီအမျိုးအစားက Rotary Piston နဲ့ အလုပ် လုပ်ပုံ ဆင်ပါတယ်။ ဒါပေမဲ့ ဒီမှာ ပါဝင်တာက အပြားတစ်ခုက အရည်ရဲ့ စီးအားကြောင့် လှိုင်းပုံ ရွေ့ပြီး လည်သွားအောင် လုပ်ထားပါတယ်။ (ပုံ ကြည့်ပါ) အဲဒီ လည်တဲ့ အပတ်ရေကတစ်ဆင့် Flow rate ကို တွက်ထုတ်ပေးပါတယ်။ 

2) Inferential Flow meter
ဒီအမျိုးအစားမှာ Flow ကို တိုက်ရိုက် မတိုင်းပဲ တစ်ခြား ဂုဏ်သတ္တိတစ်ခုက တစ်ဆင့် ဆက်သွယ်တွက်ချက်ပြီး တိုင်းတာတဲ့ နည်းဖြစ်ပါတယ်။ များသောအားဖြင့် Flow ကြောင့် ဖြစ်လာတဲ့ rotation speed တိုင်းတဲ့နည်း၊ Main Flow Line ကနေ ခွဲထုတ်တဲ့ Shunt Line ကို တိုင်းတဲ့ နည်း စတဲ့ တစ်ဆင့်ခံ တိုင်းတာနည်းတွေသုံးတဲ့ အမျိုးအစားတွေပါ။ ။ ဒီအုပ်စုမှာလည်း တည်ဆောက်ပုံအရ ထပ်ခွဲနိုင်ပါသေးတယ်။

a) Turbine Rotor Type
b) Rotary Vane Type
c) Helical Turbine Type
d) Rotary Shunt Type

အသေးစိတ် မပြောပြတော့ပါဘူး။ ပုံလေးတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်။

3) Variable Area Flow meter (Rotameter)
ဒီအမျိုးအစားမှာ Float type နဲ့ Spring ပါတဲ့ Tapered Plug type ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အများစုကတော့ Float type တွေ ဖြစ်ပါတယ်။

Float Type မှာ တစ်ဘက်ရှူးတဲ့ ပြွန်ကို ထောင်ထားပြီး အထဲမှာ plug ထည့်ထားပါတယ်။ အရည် မစီးတဲ့အချိန် plug က gravity နဲ့ အောက်မှာ ကျနေပါမယ်။ အောက်ကနေ စီးဝင်လာတဲ့ အရည်ရဲ့ တွန်းတင်တဲ့ ပမာဏ အပေါ် မူတည်ပြီး Flow rate ကို သိနိုင်ပါတယ်။ Vertical Scale တွေကို ဖတ်ပြီး Flow rate သိနိုင်သလို Plug position ကို sense လုပ်တဲ့ Electronic ပစ္စည်းတွေ တပ်ထားပြီး output ထုတ်ယူနိုင်ပါတယ်။ Float type ဆိုတဲ့အတွက် ထောင်ရက်ပဲ တပ်လို့ ရတယ်ဆိုတဲ့ ကန့်သတ်ချက် ရှိပါတယ်။
Spring နဲ့ တွန်းထားတဲ့ Tapered Plug type မှာတော့ ထောင်ရက်တင်မဟုတ်ပဲ အဆင်ပြေတဲ့ orientation နဲ့ သုံးနိုင်ပါတယ်။ သုံးတဲ့ အရည် အမျိုးအစားပေါ်မူတည်ပြီး Plug design တွေ ကွာခြားမှုရှိပါတယ်။
4) Differential Pressure Flow meter
ဒီအမျိုးအစား Flow meter တွေမှာ Bernoulli’s Equation ကို အခြေခံထားပါတယ်။ တည်ဆောက်ပုံက ပိုက်တစ်နေရာမှာ အတားအဆီး တစ်ခုထားပြီး အဲဒီ ရှေ့နဲ့ နောက်မှာ Pressure တိုင်းပြီး Differential Pressure ကို ရှာပါတယ်။ Bernoulli’s Equation မှာ ပြောထားတာက Flow တစ်ခုမှာ အတားအဆီး ကြောင့် Pressure ကျသွားခဲ့ရင် အဲဒီ Differential Pressure ဟာ  Flow rate နှစ်ထပ်ကိန်း နဲ့ အချိုးညီတယ်လို့ ဆိုပါတယ်။ 
ဒီ Flow meter အုပ်စုမှာလည်း တည်ဆောက်ပုံအရ အမျိုးအစား ထပ်ခွဲနိုင်ပါသေးတယ်။
a) Orifice Plate Type 
   အပေါက်ပါတဲ့ Plate တစ်ခုကို အရည်စီးဆင်းတာကို ခုခံတဲ့ အနေနဲ့ သုံးထားပါတယ်။ Plate ရဲ့ ရှေ့နဲ့ နောက်ဘက်မှာရှိတဲ့ Pressure ခြားနားချက်ပေါ်မူတည်ပြီး တွက်ထုတ်ပါတယ်။

b) Venturi Tube Type
    အရည်စီးဆင်းတဲ့ ပိုက်တစ်နေရာမှာ ကျဉ်းသွားတဲ့ လည်ပင်းနေရာတစ်ခု ထည့်ထားပါတယ်။ အဲဒီ လည်ပင်းနေရာက Pressure နဲ့ အဝင် Pressure ကို နှိုင်းယှဉ်ထားပါတယ်။
c) Flow Nozzle Type
   အတားအဆီး နေရာမှာ နောက်ဘက်ကို လှည့်ထားတဲ့ Nozzle လေး ထည့်ထားပါတယ်။ Pressure အနိမ့်ဆုံးနေရာဖြစ်တဲ့ Nozzle အထွက်နေရာနဲ့ အဝင် Pressure ကို နှိုင်းယှဉ်ထားပါတယ်။ 

d) Pilot Tube Type
    Flow လာတဲ့ဘက်ကို မျက်နှာမူထားတဲ့ Tube ထဲက တက်လာတဲ့ Pressure နဲ့ Main Pipe ရဲ့ Static Pressure ခြားနားချက်ကို မူတည်ပြီး Flow rate တွက်ထုတ်ထားပါတယ်။

5) Mass Flow meter (သို့) Inertial Flow meter
ဒီအမျိုးအစားမှာတော့ ဖြတ်စီးသွားတဲ့ အရည်ရဲ့ ထုထည် (volume) တိုင်းမယ့်အစား အလေးချိန် (mass) ကို တိုင်းပြီး ထုထည်ကို ပြန်တွက်ယူထားကါတယ်။ Density တူတဲ့ အရည်တွေမှာ mass နဲ့ volume က အချိုးတူတာမို့ပါ။ ဒါပေမဲ့ အပူချိန်နဲ့ ဖိအား ပြောင်းလဲရင် အဲဒီ အချိုးက ပြောင်းတတ်တဲ့ အားနည်းချက်တော့ ရှိပါတယ်။ ဒီအုပ်စုမှာ ပါတဲ့ အမျိုးအစာဒတွေကတော့ - 

a) Coriolis Flow meter
    အရည်တစ်ခု ပိုက်ထဲကို ဖြတ်စီးနေတုန်းမှာ rotational force တစ်ခုကို အပြင်ကနေ ထည့်ပေးလိုက်ရင် centrifugal acceleration ကြောင့် အရည်ရဲ့ mass အနည်းအများအလိုက် ထွက်လာတဲ့ vibration ကွာခြားတာကို အခြေခံထားပါတယ်။ Coriolis flow meter မှာတောင် Curved tube နဲ့ Straight Tube ဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။

b) Thermal Dispersion Flow meter
    ဒီအမျိုးအစားမှာတော့ အပြင်ကနေ heat source တစ်ခု ထည့်ပေးလိုက်ပြီး စီးဆင်းမှုကြောင့်လျော့သွားမယ့် Differential Temperature ကို တိုင်းထားပါတယ်။ စီးဆင်းမှုများရင် heat loss များမှာ ဖြစ်ပါတယ်။ များသောအားဖြင့် gas flow rate တိုင်းရာမှာ သုံးကြပါတယ်။ ဒီ အမျိုးအစားမှာလည်း immersible type နဲ့ capillary tube type ဆိုပြီး ရှိပါသေးတယ်။ 
စက်ရုံတွေမှာ သုံးတဲ့ Mass Flow Controller (MFC) ဆိုတာ ဒီအမျိုးအစား flow rate တိုင်းတဲ့ စနစ်နဲ့ Electronic control valve ပေါင်းထားတာပါ။

6) Area Velocity Flow meter
ဒီအမျိုးအစား flow meter တွေမှာ အရည်ရဲ့ ရွေ့ရှားမှုကို တိုင်းတာပြီး ပိုက်ရဲ့ အဝဧရိယာနဲ့ ထုထည် တွက်ထုတ်နိုင်ပါတယ်။ အရည်ထဲမှာပါတဲ့ အမှုန်တွေ ပူပေါင်းလေးတွေရဲ့ ရွေ့လျားမှုကို sense လုပ်ဖို့ သုံးတဲ့ နည်းပညာအရ Ultrasonic wave ၊ Optical ၊ Electromagnetic  စတဲ့ နည်းတွေနဲ့ တိုင်းတာပါတယ်။


နောက်တစ်ခု Open Channel လို့ ခေါ်တဲ့ ပိုက်အပြည့် စီးတာမဟုတ်ပဲ ပိုက် တစ်ဝက်တစ်ပြက် (သို့) မြောင်း တစ်ခုမှာ စီးတဲ​့ flow rate တိုင်းတဲ့ စနစ်တွေမှာ အရည်ရဲ့ Velocity အပြင် အရည်ရဲ့ အနက် (depth) ကိုပါ တိုင်းပြီး တွက်ထုတ်ပါတယ်။

7) Vortex Flow meter
အရည်စီးတဲ့ လမ်းကြောင်းမှာ bluff လို့ခေါ်တဲ့ ခုခံမှု ပစ္စည်းတစ်ခုထားလိုက်ရင် ဖြတ်စီးသွားတဲ့ ကြား channel တစ်လျောက်မှာ Vortex လို့ခေါ်တဲ့ ဝဲကတော့ လေးတွေ ဖြစ်သွားပါတယ်။ Vortex အရေအတွက်ဟာ Flow rate နဲ့ အချိုးတူပါတယ်။ ဒါကြောင်​့ Vortex အရေအတွက်ကို တိုင်းပြီး flow rate ကို တွက်ယူပါတယ်။ Vortex တစ်ခု ဖြစ်တိုင်း အရည်ပေါ်က Pressure ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒီတော့ pressure sensor နဲ့ pressure အနည်းအများ ပြောင်းလဲတဲ့ အကြိမ်ရေ တစ်နည်းအားဖြင့် vortex frequency တိုင်းတာပါတယ်။

တခြား အမျိုးအစားတွေလည်း ရှိပါသေးတယ်။အရမ်းများသွားတာမို့ ဒီလောက်ပဲ ပြောပြလိုက်ပါတယ်။ 

Calibration 
Flow meter ကို calibrate လုပ်ချင်ရင် တိကျတဲ့ Standard Flow meter တစ်လုံးနဲ့ ပိုက်တစ်ဆက်ထဲ Series ချိတ် တိုင်းရပါတယ်။  
များသောအားဖြင့် Workshop မှာ ယူပြီး calibrate လုပ်ပါတယ်။ 
အရည်မှာ သုံးတဲ့ flow meter ကို on site မှာပဲ အလွယ် calibrate လုပ်ချင်ရင်တော့ အရည်ကို ဖြတ်စီးစေပြီး container အလွတ်တစ်ခုနဲ့ ခံထားပါ။ အချိန်တစ်ခုမှာ ရတဲ့ထုထည်အပေါ်ကနေ တွက်ထုတ်ပြီး ပြန်တိုက်ကြည့်နိုင်ပါတယ်။ Real time adjustment လုပ်ရတာမဟုတ်တော့ ပိုခက်ခဲပြီး တိကျမှု နည်းပါတယ်။
Adjustment တွေကတော့ များသောအားဖြင့် Zero နဲ့ Span ကို ညှိပေးရတာပါပဲ။ ထုတ်ပေးမယ့် output အမျိုးအစားအလိုက် (ဥပမာ 4-20 mA) တိုင်းထားပြီး အနိမ့်ဆုံးနဲ့  အမြင့်ဆုံး အတွက် တိုင်းတာ calibrate လုပ်ရပါတယ်။

Flow Switch တွေမှာတော့ Set point မှာ trigger output ထွက်မထွက် စစ်ပြီး လိုအပ်သလို ညှိပေးရပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၁၅-၁၀-၂၀၁၉



Friday, 4 October 2019

Fire Alarm (8) - DC Bus Error



သိပ်တော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ပြောလိုက်ရင် ဒါလေးများဆိုပြီး ဖြစ်သွားမယ့် ပြဿနာလေးပါ။ မတွေ့ဖူးသေးတဲ့ သူတွေအတွက် စဉ်းစားရလွယ်အောင် ပြောပြပါမယ်။
Bunker barge တစ်စီးပေါ်မှာ fire alarm system ပြဿနာ ရှိလို့ သွားကြည့်ရပါတယ်။ အမှန်တော့ ကျွန်တော်က follow up လုပ်ပေးရတာပါ။ ရှေ့တစ်ဖွဲ့ တက်စစ်ထားပြီး Smoke detector တစ်ခု မကောင်းလို့ အသစ်လဲဖို့ recommand လုပ်ခဲ့တယ် ပြောပါတယ်။ System က Addressable Type ဖြစ်ပြီး သင်္ဘောပေါ်မှာ address ထည့်ဖို့ programming device မရှိလို့ Detector အသစ်မှာ address ထည့်ခိုင်းထားပြီး သွားတပ်ပေးရတာပါ။ အလုပ်က အရမ်းရိုးရှင်းလို့ စိတ်တောင် မဝင်စားပါဘူး။
ဒါနဲ့ Address ထည့်ပြီးသား Detector အသစ်ကို သင်္ဘောပေါ် ယူသွားပါတယ်။ သင်္ဘောပေါ် ရောက်တာနဲ့ မကောင်းတဲ့ detector နံပါတ် 16 ကို လဲလိုက်ပါတယ်။ ပြီးတာနဲ့ Bridge မှာရှိတဲ့ Fire Alarm Panel ကို Reset လုပ်လိုက်ပါတယ်။ System က တရုတ် လုပ်တဲ့ Addressable Type ဖြစ်ပြီး Bridge Console မှာ Mount လုပ်ထားပါတယ်။ ပြန်စပြီး စောင့်ကြည့်တဲ့အခါ Alarm တစ်ခုပဲ ရှိပါတယ်။ DC Bus error တဲ့။

Panel အောက်ကို ဖွင့်ကြည့်လိုက်တော့ Sensor input loop နှစ်ခု ရှိပါတယ်။ Loop တစ်ခုမှာ အထွက်ကြိုး နှစ်ချောင်း၊ ပြန်ဝင်တဲ့ ကြိုး နှစ်ချောင်း စုစုပေါင်း Loop တစ်ခုမှာ ကြိုး ၄ ချောင်း ရှိပါတယ်။ နောက်တစ်ခု သတိထားမိတာက ဒီစနစ်ရဲ့ ဒီဇိုင်း။ Panel အထွက်မှာ isolator unit တွေ တန်းစီ ရှိနေပါတယ်။ Loop တစ်ခုစီရဲ့ အဝင်ရော အထွက်မှာ isolator တစ်ခုစီ ထည့်ထားပါတယ်။ တိုင်းကြည့်တော့ Sensor လဲလိုက်တဲ့ Loop မှာ အဝင်ရော အထွက်ပါ Voltage မရှိပါဘူး။ တစ်ခြား loop မှာတော့ အဝင်ရော အထွက်ပါ 24V DC ရှိပါတယ်။
System ဘက်က ဖြစ်တာလား Loop ထဲက ဖြစ်တာလား သိရအောင် အဲဒီ loop ရဲ့ အဝင်၊ အထွက် ကြိုး ၄ ချောင်းလုံး ဖြုတ်လိုက်ပြီး reset လုပ်လိုက်ပါတယ်။ နောက်ပြီး ပြန်တိုင်းကြည့်တော့ Panel ဘက်က အဝင်အထွက် terminal နှစ်စုံလုံးမှာ 24V ထွက်နေပါတယ်။ ဒါဆိုရင် Loop ထဲမှာ Short ရှိနေတဲ့ သဘောပေါ့။ တစ်ခါ ထပ်ပြီး partitioning လုပ်ချင်လို့ သူ့ isolator နှစ်ခု
ရဲ့ အထွက်ကြိုးတွေ မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Panel နဲ့ isolator တွေ ကြားက ကြိုးတွေကို ပြန်ဆက်လိုက်ပါတယ်။ Isolator နှစ်ခုရဲ့ အထွက်မှာ Voltage တိုင်းကြည့်တော့ 24V ရှိနေပါသေးတယ်။ ဒါဆို isolator တွေကြောင့်လည်း မဟုတ်တာ သေချာ သွားပါပြီ။
တစ်ခါ အခုဖြုတ်ထားတဲ့ Loop ဘက်က ကြိုးနှစ်ချောင်းကို တိုင်းကြည့်တော့ short မရှိပါဘူး။ ကြိုးတစ်စစီနဲ့ ground နဲ့ တိုင်းကြည့်တော့လည်း earth leakage မရှိပါဘူး။ ဒါဆို ပြဿနာ ဘယ်က လာတာလဲ။ မသိဘူး။ လိုက်ရှာကြည့်ရမှာပဲ။ Power မရှိပဲ တိုင်းကြည့်လို့ မရဘူးဆိုတော့ loop ထဲက Safety barrier တစ်ခုခု အပြင်ဘက်က ဖြစ်နေတာလား။ စဉ်းစားစရာပါ။ Loop က ဘယ်နေရာတွေ ပါလဲဆိုတော့ accommodation နဲ့ fore castle နေရာက point တွေပါ ပါတယ်။ အဲဒီထဲမှာ Bosun store နဲ့ paint store လည်း ပါတယ်။ များသောအားဖြင့် paint store အဝင်မှာ safety barrier ရှိတတ်တယ်။ တစ်ပိုင်းစီ ဖြတ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီတော့ ပြန်အဝင် ကြိုး နှစ်စကို ဖြုတ်ထားပြီး mess room အဝင်က Sensor တစ်ပွိုင့်ကိုလည်း ဖြုတ်လိုက်ပါတယ်။ ကျန်တဲ့ကြိုးတွေ အရင်အတိူင်း ပြန်တပ်ကြည့်ပြီး Panel မှာ reset လုပ်ကြည့်တော့ DC bus error တော့ မရှိတော့ဘူး။ Sensor point ၁၂ ခုမှာ No response ဆိုတဲ့ fault တွေ ပေါ်နေပါတယ်။ Loop fault လည်း​ပြ နေပါတယ်။ နောက်တစ်ဆင့် Bosun store အဝင်ဝက Sensor ကိုဖြုတ်။ စောစောက Mess room အဝက Sensor ​ပြန်တပ်ကြည့်တော့ DC Bus error မတက်ပဲ၊ no response fault ၅ ပွိုင့်လောက် နဲ့ loop fault ကျန်သေးတယ်။ 
အဲလိုနဲ့ တစ်ဖြည်းဖြည်း ရှာလိုက်တာ Sensor တွေ ကုန်သွားတယ်။ Fault ဘယ်နေရာက ဆိုတာ ရှာမတွေ့ဘူး။ Paint store အဝင် barrier ကလည်း မဟုတ်ဘူး။ Sensor အကုန်ပြန်တပ်ပြီးတဲ့ အချိန်မှာ Loop fault ပဲကျန်တော့တယ်။ နောက်ဆုံး ပြန်ဝင်တဲ့ ကြိုး ၂ ချောင်း ပြန်တပ်လိုက်တော့ DC Bus error ပြန်ပေါ်လာပါတယ်။ 
အဲဒါနဲ့ ကြိုးပြန်ဖြုတ် သေချာ Voltage တွေ ထပ်တိုင်းကြည့်တော့ ပြန်ဝင်တဲ့ ကြိုး နှစ်စက polarity ပြောင်းပြန် ဖြစ်နေတာ သတိထားမိပါတယ်။ အဲဒီတော့မှ သက်ပြင်းချပြီး ကြိုးနှစ်စကို ပြောင်းပြန် ထည့်လိုက်တော့ ဘာ error မှ မရှိတော့ပါဘူး။ 
ဖြစ်နိုင်တာကတော့ ပထမ စစ်တဲ့ အဖွဲ့ ကြိုးတွေ ဖြုတ်ကြည့်ပြီး ပြန်အတပ်မှာ ပြောင်းပြန် ဖြစ်သွားတာလို့ ထင်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ loop ထဲက ပွိုင့်တွေ ဖြုတ်၊ တပ် လုပ်ပြီး တော်တော် ရှာလိုက်ရတယ်။

ဝင်းအောင် (ပခုက္ကူ)
၄-၁၀-၂၀၁၉