Saturday 4 January 2020

Steering Gear (3) - Cannot Operate in normal mode with pump 1

အခုရက်ပိုင်း ကံမကောင်းပါ။ Drawing မပြည့်စုံတဲ့ သင်္ဘောတွေနဲ့ ကြုံနေရပါတယ်။ ဒီသင်္ဘောက bunker barge သေးသေးလေး။ Crew တွေက အကုန်လုံး 'အ' တွေပါ။ Steering Gear ပြဿနာဆိုလို့ သွားစစ်ခဲ့ပါတယ်။ ပထမ တစ်ဖွဲ့ တက်စစ်ထားတယ်ဆိုပါတယ်။ အစတုန်းက ဘယ်အခြေအနေရယ်တော့ မသိပါဘူး။ ကျွန်တော်ရောက်တော့ ကျန်တဲ့ ပြဿနာက Bridge control ရဲ့ Normal mode မှာ pump 1 နဲ့ မောင်းလို့ မရဘူး။ Pump 2 နဲ့ပဲ မောင်းလို့ ရတယ်ဆိုပါတယ်။ Emergency mode မှာတော့ pump နှစ်ခုလုံးနဲ့ မောင်းလို့ ရတယ်ဆိုပါတယ်။ စမ်းပြပါတယ်။
အစဆုံး အကြမ်းဖျင်း စဉ်းစားကြည့်ပါတယ်။ emergency mode မှာ pump နှစ်ခုလုံး သုံးလို့ရတယ် ဆိုတော့ pump starter တွေ ကောင်းတယ်။ Cylinder နဲ့ hydraulic အပိုင်း ကောင်းတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆို emergency mode နဲ့ normal mode ဘာကွာလဲ။ သုံးတဲ့ solenoid တွေ တစ်လိုင်းစီလား။ Control က ဘာကွာလဲ။ အဲဒါတွေ စစ်ကြည့်ရပါမယ်။ Drawing တောင်းကြည့်တော့ မရှိပါဘူး။ Super ပို့ပေးထားတဲ့ one line drawing လေး တစ်ခုပဲ ရှိပါတယ်။ 
One line drawing ဆိုတော့ ဘယ် box ကနေ ဘယ် box ကို ကြိုး ဘယ်နှစ်ချောင်း ပြေးထားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အထဲက component တွေနဲ့ ကြိုးနံပါတ်တွေ မပါဘူး။ တစ်ဖြည်းဖြည်း အဖြေရှာရတော့ပါမယ်။ 
ပထမ System နဲ့ ကြိုးတွေ ပြေးထားပုံ လေ့လာရပါတယ်။ Bridge panel မှာ Pump start /stop switch တွေရယ် alarm indicator lamp တွေရယ် တွေ့ပါတယ်။ နောက် Normal / Emergency mode ရွေးတဲ့ selector switch ရယ်၊ Emergency Mode မှာ PS / Stbd မောင်းတဲ့ Lever လေးရယ်၊ Steering Handle ရယ် ရှိပါတယ်။ Steering Handle ကလည်း PS / Stbd ဆွဲတာပါပဲ။ တွေ့နေကျ Rudder Angle scale တွေနဲ့ Follow up mode မောင်းတာမျိုး မဟုတ်ပါဘူး။ ဒီတော့ ပိုရှင်းတာပေါ့။
နောက် SG room ထဲ ဆင်းသွားကြည့်ပါတယ်။ Pump နှစ်လုံး၊ Starter panel နှစ်လုံး၊ SG alarm box တစ်ခု Local Control box တစ်ခု ရှိပါတယ်။ Local ပြောင်းပြီး မောင်းကြည့်တော့ Pump နှစ်ခုလုံးနဲ့ မောင်းလို့ ရပါတယ်။ Hydraulic line တွေ လိုက်ကြည့်တော့ Pump 1 အခြေမှာ Solenoid တစ်စုံ (P & S) Pump 2 အခြေမှာ solenoid တစ်စုံ (P & S) ဒါပဲရှိပါတယ်။ Emergency mode အတွက် သီးခြား လိုင်း မရှိပါဘူး။ ဒါဆိုရင် ဒီ Solenoid နှစ်စုံလုံးကောင်းနေတယ်လို​့ ကောက်ချက်ချနိုင်ပါပြီ။

ပြဿနာက Emergency mode နဲ့ Normal mode ဘာကွာလဲ။ စဉ်းစားကြည့်တော့ power source မတူတာပဲ ဖြစ်နိုင်ပါတယ်။ ကြိုးတွေကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်၊ တိုင်းကြည့်ပါတယ်။ Power source တွေကြည့်တော့ Pump Starter box 1 နဲ့ 2 မှာ AC ကို step down လုပ်ပြီး rectifier နဲ့ 24VDC ထုတ်ပေးထားတာတစ်စုံစီရယ်၊ Local control box မှာ main DC24V အဝင် တစ်စုံရယ် တွေ့ပါတယ်။ Fuse တွေ အကုန်ကောင်းပါတယ်။ ကြိုးတွေလိုက်ပြီး Rudder End Limit switch တွေ စမ်းကြည့်တော့လည်း ကောင်းပါတယ်။
ဒါပေမဲ့ Drawing မရှိတော့ ဘယ်ကြိုးတွေ ဘယ်အတွက် ဘယ်လို သွားထားတာ အတိအကျ မသိပဲ စမ်းတဝါးဝါးမို့ အချိန်တော်တော်ကုန်သွားပါတယ်။ သတိထားမိတာက Bridge control panel ရဲ့normal mode မှာ pump 1 အတွက် power source ရယ် emergency mode အတွက် power source ရယ်မှာ Hull နဲ့ leakage ရှိနေတာ သတိထားမိပါတယ်။ ဒီ leakage ကြောင့်တော့ မဟုတ်နိုင်ဘူး။ emergency mode မှာ မောင်းရနေတာပဲ။ ဒီလိုနဲ့ မိုးချုပ်သွားလို့ ပြန်ဆင်းခဲ့ပါတယ်။ နောက်ရက်မှ ပြန်တက်မယ်ပေါ့။ System ကို ခပ်ရေးရေးတော့ သိနေပါပြီ။ ကြိုးတွေ အသေးစိတ်ပြန်လိုက်ရင် ရနိုင်ပါပြီ။
နောက်ရက် ပြန်တက်တော့ စာရွက်အလွတ်မှာ Drawing ဆွဲပါတယ်။ Selector switch တွေ အလုပ်လုပ်သလား စမ်းရင်း ကြိုးနံပါတ်တွေနဲ့ ပုံကြမ်း ဆွဲပါတယ်။ နောက် Local control box နဲ့ starter အဝင်အထွက်ကိုလည်း ဆွဲပါတယ်။ Alarm box ကိုတော့ မကြည့်တော့ပါဘူး။ 
နှစ်နာရီလောက် အချိန်ပေးပြီး ဆွဲလိုက်တော့ ပုံပေါ်သွားပါပြီ။ အဲဒီပေါ်  အခြေခံပြီး လိုက်ပါတယ်။ Pump 1 ရယ်၊ Pump 2 ရယ် က လာတဲ့ 24V power source တွေကို Normal mode မှာ သုံးထားပြီး၊ local control box က main 24V DC source ကိုတော့ Emergency mode မှာ သုံးထားတာ တွေ့ရပါတယ်။ Pump 1 ကလာတဲ့ 24V DC ကို Trace လိုက် တိုင်းကြည့်တော့ Bridge panel အထိ တက်သွားတာတွေ့ပါတယ်။ 
Bridge မှာ လိုက်ကြည့်မှ Normal / Emergency Selector switch မှာ ကြိုးမှားပြီး ဆက်ထားတာတွေ့ရပါတယ်။ Normal mode Pump 1 အတွက်  (+) အဝင်ကြိုးကို Emergency mode အတွက် source နဲ့ အတူ ပေးထားတာ တွေ့ရပါတယ်။ ဒီတော့ pump 1 normal mode အတွက် 24V ( + ) နဲ့ 0V ( - ) ဟာ မတူတဲ့ source နှစ်ခုက ဝင်ထားတာမို့ အလုပ်မလုပ်တာပါ။ ကြိုး အမှန် ပြန်ပြောင်း ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ DC 24V source သုံးခုနဲ့ ရွာလည်သွားတဲ့ အဖြစ်လေးပါ။ အရင် ဘယ်သူ့လက်ချက်နဲ့ ကြိုးမှားထည့်ထားတယ်တော့ မပြောတတ်ပါဘူး။

နောက် emergency mode အတွက်သုံးတဲ့ battery bank ကလာတဲ့ DC 24V source မှာ Hull နဲ့ leakage ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီ ပြဿနာတော့ job scope အပြင်ဘက်ကဆိုတော့ ထားခဲ့ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၅-၁-၂၀၂၀

No comments:

Post a Comment