Friday 25 October 2019

Bow Thruster (3) - Port Side Cannot Run Full Power


လောလော လတ်လတ် အတွေ့အကြုံလေး မမေ့ခင် ပြန်ရေးလိုက်တာပါ။ Bunker သင်္ဘောတစ်စီးမှာ BT ပြဿနာရှိလို့ သွားစစ်ခဲ့ပါတယ်။ သင်္ဘောပေါ်ရောက်တော့ သူကြီးက ပြဿနာကို ပြောပြပါတယ်။ Port ဘက်ကို Command ပေးရင် power တစ်ဝက်လောက်ပဲ ရတယ်လို့ဆိုပါတယ်။

ပထမ Wheel House Console ပေါ်မှာရှိတဲ့  Operating Panel ကိုပြပါတယ်။ Panel ပေါ်မှာတော့ လေးထောင့် မျက်နှာပြင် အခုံးမှာ Pointer အလျားလိုက် ရွေ့တဲ့ display နှစ်ခုရှိပါတယ်။ တစ်ခုက Rpm ကိုပြပါတယ်။ နောက်တစ်ခုက Ampere ကိုပြပါတယ်။ ဒီ BT အမျိုးအစားက Electric Motor drive ပါ။ သူကြီးက စမ်းပြပါတယ်။ ပထမဆုံး Control Request ဆိုတဲ့ ခလုတ်နှိပ်ပြီး ဒီ panel ရဲ့ control ကိုယူလိုက်ပါတယ်။ ပြီးတာနဲ့ Motor Start ခလုတ်နှိပ်လိုက်ပါတယ်။ အဲဒီအချိန် နဂိုက  0 (Neutral) ပြနေတဲ့ Rpm indicator က Port 400 Rpm လောက် ပြပါတယ်။ Ampere မီတာမှာတော့ 0 ပဲပြပါတယ်။ တစ်ကယ်တော့ Control Handle က Neutral မှာပဲ ရှိနေပါသေးတယ်။ ဒီ BT အမျိုးအစားက Controllable Pitch Propeller (CPP) မဟုတ်ပါဘူး။ Fixed Pitch Propeller (FPP) ဖြစ်ပါတယ်။ Motor ရဲ့ လည်တဲ့ Direction (forward / reverse) နဲ့ Rpm အနည်းအများကို သုံးပြီး Thruster လိုသလို ထိန်းချုပ်မောင်းတာပါ။ အခုပြနေတဲ့ Port 400 Rpm သာ အမှန်ဖြစ်မယ်ဆိုရင် Ampere က 0 မဖြစ်နိုင်ပါဘူး။ နောက်ပြီး သင်္ဘော ဦးပိုင်း မှာ ဘေးကို တွန်းထုတ်တာ မြင်နေရမှာပါ။ အခုတော့ ဘာမှ မရွေ့ပါဘူး။ ဒီတော​့ Rpm indicator ကအမှန်မပြတာ ပြဿနာ တစ်ခု ရှိနေပါပြီ။
နောက် သူကြီးက စမ်းမောင်းပြပါတယ်။ Stbd ဘက်ကို မောင်းတံ ဆွဲလိုက်တော့ Ampere တစ်ဖြည်းဖြည်း တက်လာပါတယ်။ အဆုံးဆွဲလိုက်တဲ့အချိန်မှာ 400 A လောက် ရှိပါတယ်။ အဲဒီအချိန်မှာ Rpm indicator က Stbd 250 လောက်မှာ ပြပါတယ်။ သင်္ဘောဦးကိုလည်း Stbd ဘက်ကို တွန်းထုတ်သွားတာ မြင်နေရပါတယ်။ သူကြီးက သူ့အတွေ့အကြုံအရ ဒါပုံမှန်လို့ ပြောပါတယ်။ Rpm indicator က Full scale (500) မှာ မပြပေမဲ့ အလုပ်လုပ်တာ Full power နဲ့ Stbd ဘက်တွန်းသွားတာ မှန်ပါတယ်တဲ့။ နောက် Neutral ပြန်ထားပြီး Port ဘက်ကိုဆွဲကြည့်ပါတယ်။ Ampere တစ်ဖြည်းဖြည်း ပြန်တက်လာပါတယ်။ အဆုံးထိဆွဲပြီးချိန်မှာ 200 A လောက်ပဲ တက်ပါတယ်။ Rpm indicator မှာတော့ Port 500 အဆုံးထိ ပြနေပါတယ်။ ခဏစောင့်ကြည့်တော့ သင်္ဘောဦးက Port ဘက်ကိုတွန်းတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရမ်းနှေးနေပါတယ်။ သူကြီး အတွေ့အကြုံအရ ပုံမှန်မဟုတ်ပဲ Power တစ်ဝက်လောက် လျော့နေတယ်ဆိုပါတယ်။ ဒါက ဒုတိယ ပြဿနာပေါ့။
ဒါနဲ့ သင်္ဘောဦးပိုင်း BT room ကို သွားကြည့်ပါတယ်။ BT room ထဲက Main deck level မှာ Motor Starter Cabinet တွေ့ပါတယ်။ ဖွင့်ကြည့်တော့ VFD (drive) နဲ့ Control Circuit တွေတွေ့ရပါတယ်။ တံခါးမှာ Ampere meter တစ်ခုလည်းတွေ့ရပါတယ်။ အောက်ဆုံးထပ် ဆင်းကြည့်တော့ အောက်ကို စိုက်ပြီး တပ်ထားတဲ့ မော်တာ ခပ်ကြီးကြီး တစ်လုံး၊ Coupling ခံဆက်ထားတဲ့ ဂီယာအုံတစ်ခုလည်းတွေ့ပါတယ်။ ဒီ ဂီယာက Vertical နဲ့ Horizontal ပြန်ပြောင်းပေးတာ ဖြစ်ပါလိမ့်မယ်။
သူကြီးက Radio တစ်လုံးပေးခဲ့ပြီး Bridge ကနေ စမ်းပြမယ်ဆိုပါတယ်။ ကျွန်တော်က မော်တာနားမှာ စောင့်ကြည့်ပြီး ပါလာတဲ့ အဖေါ်ကို အပေါ်က Cabinet မှာ Ampere စောင့်ကြည့်ခိုင်းပါတယ်။ သူကြီးက Stbd ဘက်ကို အဆုံး ဆွဲလိုက်ချိန်မှာ မော်တာလည်တာ အရမ်းမြန်ပါတယ်။ Cabinet မှာလည်း 400 A လောက်ပြပါတယ်။ နောက် Port ဘက် အဆုံးဆွဲတော့ မော်တာလည်နှုံး တစ်ဝက်လောက်ပဲ လည်ပါတယ်။ Cabinet မှာလည်း 200 A လောက်ပဲ ပြပါတယ်။
ခုချိန်မှာ ကောက်ချက်ချနိုင်တာက WH မှာပြတဲ့ Ampere meter က မှန်တယ်။ Port Side မှာ Power တစ်ဝက်ပဲ ဆွဲတယ်။ ဒါပဲ ရှိပါသေးတယ်။
Drawing ဖတ်ကြည့်တော့ Central Control Unit ဆိုတာ တစ်ခုရှိပါသေးတယ်။ လိုက်ရှာတော့ Bridge Console အောက်မှာ တွေ့ပါတယ်။ PLC ၂ ခုနဲ့ တစ်ခြား Component တွေ တွေ့ပါတယ်။ နောက်တစ်ခု သိချင်လို့ သူကြီးကို Emergency mode နဲ့ မောင်းခိုင်းကြည့်ပါတယ်။ အဲဒီ mode ကတော့ Port Side ခလုတ်နှိပ်ထားလိုက်တာနဲ့  Ampere တစ်ဖြည်းဖြည်း တက်သွားတာ 400 A လောက်မှာ ရပ်သွားပါတယ်။ ဒါက အမြင့်ဆုံး speed ဖြစ်သွားပါပြီ။ နောက် Stbd ဘက်ကိုစမ်းတော့လည်း ရပါတယ်။
စဉ်းစား ကြည့်ရအောင်။ Handle နဲ့ command ပေးတဲ့အခါ Port ဘက်မှာ Power တစ်ဝက်ပဲရတယ်။ Emergency Mode နဲ့ Port Side မှာ full power လည်နိုင်တယ်ဆိုတော့ Motor ရယ်၊ Drive ရယ် ပုံမှန် အလုပ်လုပ်တယ်ပေါ့။ ဒါဆိုရင် Command handle ကြောင့်လား၊ Feedback ကြောင့်လား၊ Control တစ်ခုခု ကြောင့်လား စဉ်းစားရပါပြီ။ Drawing ကို သေချာဖတ်ကြည့်ပြီး Control အလုပ်လုပ်ပုံကို နားလည်အောင် ကြိုးစားကြည့်ပါတယ်။ 
ဒီစနစ်မှာ Operating Panel ၃ ခုတောင် ရှိပါတယ်။ WH console မှာတစ်ခုနဲ့ Wing တစ်ဘက်စီမှာ တစ်ခုစီ ရှိကြပါတယ်။ အဲဒီ တစ်ခုစီက လာတဲ့ Command Potentiometer (resistance) signal ကို လက်ရှိ active control ဖြစ်နေတဲ့ Panel အတွက် relay တစ်ခုစီက ဆွဲပြီး Signal Transmitter တစ်ခု (B1.2) ကို ဝင်ပါတယ်။ အဲဒီကနေ 4-20 mA ထုတ်ပြီး PLC analog input မှာ ပေးပါတယ်။ PLC output ကနေ နောက် Signal Transmitter တစ်ခု (B1.3) ခံပြီး Motor Stater cabinet ကို 4-20 mA နဲ့ ပြန်ပေးပါတယ်။ နောက် Starter Cabinet က ပြန်လာတဲ့ Feedback signal ကိုတော့ တစ်ခြား Signal transmitter တွေဆီကတစ်ဆင့် +/- 10V ပြောင်းပြီး Rpm indicator တွေဆီ ပြန်ပေးထားပါတယ်။ (ပုံကြည့်ပါ။) ဆိုလိုတာက Control PLC မှာ feedback signal ပြန်မဝင်ထားဘူး။ Open loop control ပဲပေါ့။ Emergency mode မှာတော့ push button က လာတဲ့ command ကို PLC ဆီ မဝင်တော့ပဲ Starter cabinet ဆီ တိုက်ရိုက်ပေးထားတာ တွေ့ရပါတယ်။ 

ဒါဆို ဘယ်က စ စမ်းမလဲ။ လွယ်တာက စပြီး စမ်းပါမယ်။ အစဆုံး indicator ပြဿနာကို အရင်စစ်ပါမယ်။ Drawing အရ Starter Cabinet က  ပြန်လာမယ့် signal က Signal Transmitter (B1.4) ကို 4-20 mA ဝင်ပြီး 4-20 mA ၂ စုံ ပြန်ထွက်ထားပါတယ်။ အဲဒီ အထွက် ၂ စုံက 4-20 mA to +/- 10 V transmitter နှစ်လုံးဖြစ်တဲ့ (B1.5) နဲ့ (B1.6) ကို ဝင်ပါတယ်။ အဲဒီ အထွက်မှ Rpm indicator ၃ လုံးကို ဝင်ထားပါတယ်။ 
အခု မော်တာ ရပ်ထားချိန်မှာ 0 V ထွက်ရပါမယ်။ တိုင်းကြည့်တော့ တစ်စုံ(B1.6)မှာ -8V လောက် ထွက်နေပါတယ်။ အဲဒီ signal transmitter အဝင်မှာ mA တိုင်းကြည့်တော့ 12 mA လောက် ထွက်ပါတယ်။ ဒါဆို ဒီ (B1.6) မကောင်းတာပေါ့။ Zero နဲ့ Span ကို ညှိကြည့်ပေမဲ့ ဘာမှ မပြောင်းပါဘူး။ လောလောဆယ် သုံးရအောင် (B1.5) မှာ ပေါင်းထည့်လိုက်ပါတယ်။ Rpm indicator က Zero နားကို ရောက်သွားပါပြီ။ Adjustment နည်းနည်းလုပ်လိုက်တော့ Zero မှာ ပြနေပါပြီ။ Handle ဆွဲပြီး မောင်းကြည့်တော့ Ampere ဆွဲတာနဲ့ အချိုးတူ မှန်မှန်ကန်ကန် ပြပါတယ်။ ဒါဆို ပြဿနာ တစ်ခုတော့ ရှင်းသွားပါပြီ။ Port ဘက်က Power အပြည့် မရတဲ့ ပြဿနာပဲ ကျန်ပါတော့တယ်။

ဒီတစ်ခါ Control ကို Wing (Port) မှာ ပေးပြီး စမ်းမောင်းကြည့်ပါတယ်။ ပြဿနာက အတူတူ ပါပဲ။ Wing(Stbd) က မောင်းတော့လည်း အတူတူပါပဲ။ ဒါဆိုရင် Command handle နဲ့ မဆိုင်တော့ဘူး။ သေချာအောင် relay အဝင် ကြိုး ၃ စကို resistance တိုင်းထားပြီး Handle ကို ကစားကြည့်ပါတယ်။ Neutral မှာ 500 Ohm လောက် ရှိနေပြီး Stbd အဆုံးမှာ 20 Ohm လောက်၊ Port အဆုံးလောက်မှာ 980 Ohm လောက် ရှိပါတယ်။ Handle ဘက်က Potentiometer ကောင်းတာ သေချာပါပြီ။
ဒီတစ်ခါ B1.2 အထွက်မှာ mA တိုင်းထားပြီး Handle ကို ရွှေ့ကြည့်ပါတယ်။ Stbd 100% မှာ 4 mA လောက် ရှိပြီး Neutral မှာ 11 mA လောက် ရှိပါတယ်။ Port 100% မှာ 17 mA လောက် ပဲ ရှိပါတယ်။ ဒါဆို ပြဿနာက ဒါပဲပေါ့။ အမှန်က Port 100% မှာ 20 mA ဝန်းကျင် လောက် ရှိရမှာပါ။ Transmitter ပေါ်က Zero နဲ့ Span ကို လှည့်ကြည့်တော့လည်း ဘာမှ မပြောင်းပါဘူး။ ဒါနဲ့ ဒီပစ္စည်း မှာပြီး လဲဖို့ ရေးပေးခဲ့ပါတယ်။ 

နောက်ရက်မှာတော့ လိုတဲ့ spare က တရုတ်ပြည်က မှာရမှာဖြစ်တဲ့ အတွက်၊ local မှာ ရတာ တစ်ခုခုနဲ့ အစားထိုးဖို့ ဆုံးဖြတ်ကြပါတယ်။ PR universal controller (4116) မှာ 1 k ohm pot input / 4-20 mA output configure လုပ်ပြီး သွားတပ်ပေးလိုက်ပါတယ်။ အားလုံး ပြီးတဲ့အခါ စမ်းကြည့်တော့ အကုန် အဆင်ပြေသွားပါပြီ။

ဝင်းအောင် (ပခုက္ကူ)
၂၆-၁၀-၂၀၁၉

No comments:

Post a Comment