Friday, 4 October 2019
Fire Alarm (8) - DC Bus Error
သိပ်တော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ပြောလိုက်ရင် ဒါလေးများဆိုပြီး ဖြစ်သွားမယ့် ပြဿနာလေးပါ။ မတွေ့ဖူးသေးတဲ့ သူတွေအတွက် စဉ်းစားရလွယ်အောင် ပြောပြပါမယ်။
Bunker barge တစ်စီးပေါ်မှာ fire alarm system ပြဿနာ ရှိလို့ သွားကြည့်ရပါတယ်။ အမှန်တော့ ကျွန်တော်က follow up လုပ်ပေးရတာပါ။ ရှေ့တစ်ဖွဲ့ တက်စစ်ထားပြီး Smoke detector တစ်ခု မကောင်းလို့ အသစ်လဲဖို့ recommand လုပ်ခဲ့တယ် ပြောပါတယ်။ System က Addressable Type ဖြစ်ပြီး သင်္ဘောပေါ်မှာ address ထည့်ဖို့ programming device မရှိလို့ Detector အသစ်မှာ address ထည့်ခိုင်းထားပြီး သွားတပ်ပေးရတာပါ။ အလုပ်က အရမ်းရိုးရှင်းလို့ စိတ်တောင် မဝင်စားပါဘူး။
ဒါနဲ့ Address ထည့်ပြီးသား Detector အသစ်ကို သင်္ဘောပေါ် ယူသွားပါတယ်။ သင်္ဘောပေါ် ရောက်တာနဲ့ မကောင်းတဲ့ detector နံပါတ် 16 ကို လဲလိုက်ပါတယ်။ ပြီးတာနဲ့ Bridge မှာရှိတဲ့ Fire Alarm Panel ကို Reset လုပ်လိုက်ပါတယ်။ System က တရုတ် လုပ်တဲ့ Addressable Type ဖြစ်ပြီး Bridge Console မှာ Mount လုပ်ထားပါတယ်။ ပြန်စပြီး စောင့်ကြည့်တဲ့အခါ Alarm တစ်ခုပဲ ရှိပါတယ်။ DC Bus error တဲ့။
Panel အောက်ကို ဖွင့်ကြည့်လိုက်တော့ Sensor input loop နှစ်ခု ရှိပါတယ်။ Loop တစ်ခုမှာ အထွက်ကြိုး နှစ်ချောင်း၊ ပြန်ဝင်တဲ့ ကြိုး နှစ်ချောင်း စုစုပေါင်း Loop တစ်ခုမှာ ကြိုး ၄ ချောင်း ရှိပါတယ်။ နောက်တစ်ခု သတိထားမိတာက ဒီစနစ်ရဲ့ ဒီဇိုင်း။ Panel အထွက်မှာ isolator unit တွေ တန်းစီ ရှိနေပါတယ်။ Loop တစ်ခုစီရဲ့ အဝင်ရော အထွက်မှာ isolator တစ်ခုစီ ထည့်ထားပါတယ်။ တိုင်းကြည့်တော့ Sensor လဲလိုက်တဲ့ Loop မှာ အဝင်ရော အထွက်ပါ Voltage မရှိပါဘူး။ တစ်ခြား loop မှာတော့ အဝင်ရော အထွက်ပါ 24V DC ရှိပါတယ်။
System ဘက်က ဖြစ်တာလား Loop ထဲက ဖြစ်တာလား သိရအောင် အဲဒီ loop ရဲ့ အဝင်၊ အထွက် ကြိုး ၄ ချောင်းလုံး ဖြုတ်လိုက်ပြီး reset လုပ်လိုက်ပါတယ်။ နောက်ပြီး ပြန်တိုင်းကြည့်တော့ Panel ဘက်က အဝင်အထွက် terminal နှစ်စုံလုံးမှာ 24V ထွက်နေပါတယ်။ ဒါဆိုရင် Loop ထဲမှာ Short ရှိနေတဲ့ သဘောပေါ့။ တစ်ခါ ထပ်ပြီး partitioning လုပ်ချင်လို့ သူ့ isolator နှစ်ခု
ရဲ့ အထွက်ကြိုးတွေ မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Panel နဲ့ isolator တွေ ကြားက ကြိုးတွေကို ပြန်ဆက်လိုက်ပါတယ်။ Isolator နှစ်ခုရဲ့ အထွက်မှာ Voltage တိုင်းကြည့်တော့ 24V ရှိနေပါသေးတယ်။ ဒါဆို isolator တွေကြောင့်လည်း မဟုတ်တာ သေချာ သွားပါပြီ။
တစ်ခါ အခုဖြုတ်ထားတဲ့ Loop ဘက်က ကြိုးနှစ်ချောင်းကို တိုင်းကြည့်တော့ short မရှိပါဘူး။ ကြိုးတစ်စစီနဲ့ ground နဲ့ တိုင်းကြည့်တော့လည်း earth leakage မရှိပါဘူး။ ဒါဆို ပြဿနာ ဘယ်က လာတာလဲ။ မသိဘူး။ လိုက်ရှာကြည့်ရမှာပဲ။ Power မရှိပဲ တိုင်းကြည့်လို့ မရဘူးဆိုတော့ loop ထဲက Safety barrier တစ်ခုခု အပြင်ဘက်က ဖြစ်နေတာလား။ စဉ်းစားစရာပါ။ Loop က ဘယ်နေရာတွေ ပါလဲဆိုတော့ accommodation နဲ့ fore castle နေရာက point တွေပါ ပါတယ်။ အဲဒီထဲမှာ Bosun store နဲ့ paint store လည်း ပါတယ်။ များသောအားဖြင့် paint store အဝင်မှာ safety barrier ရှိတတ်တယ်။ တစ်ပိုင်းစီ ဖြတ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီတော့ ပြန်အဝင် ကြိုး နှစ်စကို ဖြုတ်ထားပြီး mess room အဝင်က Sensor တစ်ပွိုင့်ကိုလည်း ဖြုတ်လိုက်ပါတယ်။ ကျန်တဲ့ကြိုးတွေ အရင်အတိူင်း ပြန်တပ်ကြည့်ပြီး Panel မှာ reset လုပ်ကြည့်တော့ DC bus error တော့ မရှိတော့ဘူး။ Sensor point ၁၂ ခုမှာ No response ဆိုတဲ့ fault တွေ ပေါ်နေပါတယ်။ Loop fault လည်း​ပြ နေပါတယ်။ နောက်တစ်ဆင့် Bosun store အဝင်ဝက Sensor ကိုဖြုတ်။ စောစောက Mess room အဝက Sensor ​ပြန်တပ်ကြည့်တော့ DC Bus error မတက်ပဲ၊ no response fault ၅ ပွိုင့်လောက် နဲ့ loop fault ကျန်သေးတယ်။ 
အဲလိုနဲ့ တစ်ဖြည်းဖြည်း ရှာလိုက်တာ Sensor တွေ ကုန်သွားတယ်။ Fault ဘယ်နေရာက ဆိုတာ ရှာမတွေ့ဘူး။ Paint store အဝင် barrier ကလည်း မဟုတ်ဘူး။ Sensor အကုန်ပြန်တပ်ပြီးတဲ့ အချိန်မှာ Loop fault ပဲကျန်တော့တယ်။ နောက်ဆုံး ပြန်ဝင်တဲ့ ကြိုး ၂ ချောင်း ပြန်တပ်လိုက်တော့ DC Bus error ပြန်ပေါ်လာပါတယ်။ 
အဲဒါနဲ့ ကြိုးပြန်ဖြုတ် သေချာ Voltage တွေ ထပ်တိုင်းကြည့်တော့ ပြန်ဝင်တဲ့ ကြိုး နှစ်စက polarity ပြောင်းပြန် ဖြစ်နေတာ သတိထားမိပါတယ်။ အဲဒီတော့မှ သက်ပြင်းချပြီး ကြိုးနှစ်စကို ပြောင်းပြန် ထည့်လိုက်တော့ ဘာ error မှ မရှိတော့ပါဘူး။ 
ဖြစ်နိုင်တာကတော့ ပထမ စစ်တဲ့ အဖွဲ့ ကြိုးတွေ ဖြုတ်ကြည့်ပြီး ပြန်အတပ်မှာ ပြောင်းပြန် ဖြစ်သွားတာလို့ ထင်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ loop ထဲက ပွိုင့်တွေ ဖြုတ်၊ တပ် လုပ်ပြီး တော်တော် ရှာလိုက်ရတယ်။
ဝင်းအောင် (ပခုက္ကူ)
၄-၁၀-၂၀၁၉
Saturday, 31 August 2019
Generator (23) - 6.6 kV Genset voltage cannot be adjusted
တစ်ခါတလေ ပြဿနာက မမျှော်လင့်တဲ့ ရှုထောင့်က လာတတ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုပြီး ဖယ်ထားတဲ့ အရာက တစ်ကယ့်ပြဿနာ သွားဖြစ်နေတာမျိုးလည်း ကြုံရတတ်ပါတယ်။ သင်္ဘောကျင်း တစ်ခုမှာ လွန်းတင်ထားတဲ့ သင်္ဘောတစ်စီးက Generator တစ်လုံး voltage ညှိမရဘူးဆိုပြီး လှမ်းခေါ်လို့ သွားခဲ့ရပါတယ်။ 
LNG သင်္ဘောပါ။ Steam Turbine Generator (TG #1) ရဲ့ voltage က ညှိမရဘူး ပြောပါတယ်။ စမ်းမောင်းကြည့်တော့ 7500 V လောက် ပြပါတယ်။ MSB ပေါ်က Trimmer ကို လှည့်ကြည့်တော့ ဘာမှ မထူးပါဘူး။ AVR က Siemens 6GA2490 အမျိုးအစားပါ။ Hyundai Genset တွေမှာ တွေ့ရလေ့ရှိပါတယ်။ အဲဒီပေါ်က Voltage အတွက် preset ကို လှည့်ကြည့်တော့လည်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ဒါနဲ့ စက်ပြန်ရပ်ပြီး စက်ချုပ်နဲ့ စကားပြောကြည့်ပါတယ်။ သူတို့ ပြောတာကတော့ AVR က အသစ်ထည့်ထားတာလို့ ပြောပါတယ်။ 
Genset က Static Excitation Circuit ပါတဲ့ Hyundai အမျိုးအစားပါ။ Operating voltage 6600V မှာ အခု 7500V ဖြစ်နေတယ် ညှိလို့ မရဘူးဆိုတော့ AVR ကြောင့် ဖြစ်ဖို့ ရာနှုံးများပါတယ်။ ဒါပေမဲ့ AVR အသစ်ထည့်ထားတာဆိုတော့ ဓာတ်ကြိုးနဲ့ Super က တစ်ခြားတစ်ခုခု လို့ ထင်နေပါတယ်။ 
ဒါကြောင့် Circuit ကိုပြန်ဖတ် ဖြစ်နိုင်စရာတွေ စဉ်းစားကြည့်ပါတယ်။ MSB ပေါ်က Trimmer မကောင်းလို့လား။ AVR နဲ့ Manual Voltage Regulator (MVR) ပြောင်းတဲ့ circuit ကြောင့်လား။ AVR ဆီ power supply မရောက်လို့လား။ နောက်တစ်ခုက drawing အရ Trimmer နှစ်ခု ရှိပါတယ်။ Swbd #1 (သို့) Swbd #2 ကနေ control လုပ်လို့ ရအောင်ထားပေးတာပါ။ အဲဒီ contactor မကောင်းလို့လား။ ဒီ ၃ မျိုးပဲ စစ်ဖို့ ရှိပါတယ်။ 7500V ထွက်နေတယ်ဆိုတော့ Excitation circuit နဲ့ Generator အပိုင်းကို ကြည့်စရာ မလိုတော့ပါဘူး။ 
ပထမ MSB trimmer မှာ ohm တိုင်းထားပြီး လှည့်ကြည့်တော့ 0-1.5 k ohm မှာ အပြတ်အတောက်မရှိ ကောင်းပါတယ်။ ဒါဆို potentiometer ကြောင့် မဟုတ်တော့ဘူး။ ဒီ pot က resistance ကို AVR ဆီ ဝင်ရမှာ ဖြစ်တဲ့အတွက် လမ်းမှာ open ဖြစ်နေလား စစ်ရပါမယ်။ ဒါနဲ့ AVR panel ဆီ သွားပါတယ်။ AVR အဝင်ကနေ ထောက် တိုင်းထားပြီး Trimmer pot ကို လှည့်ကြည့်တော့ ကောင်းပါတယ်။ ဒါဆို Trimmer နှစ်ခု ပြောင်းပေးတဲ့ Contactor ကြောင့်လည်း မဟုတ်တော့ပါဘူး။ AVR အဝင် power ရောက်၊ မရောက် စစ်ဖို့ပဲ ရှိပါတယ်။ ဒါနဲ့ လောလောဆယ် မောင်းနေတဲ့ TG# 2 ရဲ့ AVR အဝင်ကို တိုင်းကြည့်ပါတယ်။ 6.6kv ဆိုပေမဲ့ AVR ဆီကို step down transformer နဲ့ ချထားပြီးတာမို့ Low Voltage ပဲ ရှိမှာပါ။ တိုင်းကြည့်တော့ 27 V AC လောက်ပဲ ရှိပါတယ်။ နောက်တစ်ခါ စက်ပြန်မောင်းခိုင်းပြီး AVR အဝင်တိုင်းကြည့်ပါတယ်။ TG #1 မှာလည်း 27V လောက် ရှိပါတယ်။ ဒါနဲ့ Super ကို confidence ရှိရှိနဲ့ ပြောလိုက်တယ်။ AVR က ဖြစ်နေတာလို့။ နောက် အသစ်ရှိရင် လဲကြည့်ရအောင်လို့ ပြောပါတယ်။ သူတို့ store မှာ သွားမွှေပြီး နောက် အသစ်တစ်လုံး ရလာပါတယ်။ အဲဒီတစ်လုံး လဲပြီး စမ်းကြည့်တော့ အဆင်ပြေနေပါပြီ။ trimmer က ချတာ 6900V လောက် ရပါတယ်။ AVR ပေါ်က preset နဲ့ ချတော့ လိုချင်သလို ရပါတယ်။ Trimmer ကို အလယ်လောက်မှာ ထားပြီး preset နဲ့ 6600V ဝန်းကျင် ချိန်ပေးခဲ့ပါတယ်။ အသေးစိတ် trimmer နဲ့ ကစားနိုင်ပါတယ်။ 
ပြန်ကြည့်ရရင် AVR အသစ်ဆိုပြီး မဖြစ်နိုင်ဘူးလို့ ဖယ်ထားပေမဲ့ အသစ်ကိုယ်နှိုက်ကလည်း မကောင်းတာ ဖြစ်နိုင်တယ် ဆိုတာပါ။ 
ဝင်းအောင် (ပခုက္ကူ)
၃၁-၈-၂၀၁၉
မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။
Tuesday, 25 June 2019
Struggling With Parameters of a Temperature Controller
ဒီဇာတ်လမ်းက ပြီးခဲ့တဲ့ Incinerator (2) ရဲ့ ဇာတ်ဝင်ခန်း တစ်ခုပေါ့။ Temperature Controller အထဲက Parameter တွေရဲ့ အဓိပ္ပာယ်တွေနဲ့ ကိုယ်လိုတဲ့ Function ရအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတာ နမူနာအနေနဲ့ ပြောပြထားပါတယ်။
ပထမဆုံး ကျွန်တော့် လိုအပ်ချက်ကိုပြောပြပါမယ်။  Sludge Temperature ကို RTD (PT100) sensor တစ်ခုနဲ့ sense လုပ်နေပါမယ်။ 60  ံC ထက် နိမ့်ရင် Temp Low Signal ထုတ်ပေးမယ်။ 100  ံC ထက် ကျော်ရင် Temp High Signal ထုတ်ပေးမယ်။ ထုတ်ပေးရမယ့် Signal တွေက PLC ကို သွားမယ့် ကြိုးတွေကို Dry Contact နဲ့ ထုတ်ပေးရပါမယ်။ ပုံမှန်အချိန်မှာ close ဖြစ်ပြီး Alarm ဖြစ်တဲ့အချိန် Open လုပ်ပေးရပါမယ်။
အခု Controller ရဲ့ Feature တွေကို ပြောပြပါမယ်။ ကျွန်တော်တို့မှာ ရှိနေတာက Panasonic ရဲ့ KT4 ဆိုတဲ့ temperature controller လေးပါ။ တစ်ခြား Controller တွေဆိုရင်တော့ function တူမှာမဟုတ်ပါဘူး။
(Controller Terminal Layout ပုံ ကြည့်ပါ)
Controller အဝင် power supply (230VAC) က 1-2 မှာ ဝင်ပါတယ်။ 3-4 က AL1 အထွက်။ 3-5 က dotted line လေးနဲ့ ဆွဲထားတော့ Optional feature တဲ့။ ဝယ်လာတဲ့ controller မှာတော့ 5 က ဆက်စရာ terminal တောင် မပါလာဘူး။ ဒီတော့ AL2 မရှိဘူး။ 6-7 က Out 1 အထွက်။ ဒီနေရာမှာ AL1 နဲ့ Out1 နှစ်မျိုးလုံးမှာ NO contact တွေပြထားတာ သတိထားကြည့်နော်။ နောက်ဆုံး 8-9-10 က Sensor input တဲ့။ ကျန်တဲ့ 11-14 terminal တွေလည်း မရှိပါဘူူး။
အခု ကျွန်တော်တို့ လုပ်ပေးရမယ့်ဟာက Alarm output နှစ်ခု ထုတ်ပေးရမယ်ဆိုတော့ AL1 နဲ့ Out 1 နှစ်မျိုးနဲ့ ရအောင် သုံးရပါတော့မယ်။ အခု Manual ဖတ်ကြည့်ရအောင်။ Manual က စာမျက်နှာ ၂၀ လောက်ရှိပါတယ်။ ဘယ် ပစ္စည်းမဆို Manual ဖတ်ကြည့်တဲ့ အလေ့အထလေး လုပ်ပေးပါ။
အစဆုံး Controller အလုပ်လုပ်ပုံ အကြမ်းဖျင်း ပြောပြပါမယ်။ ပထမ Set Value (SV) လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ Temperature set point တစ်ခု ပေးလိုက်ရင် အဲဒီ Set point နဲ့ အနီးစပ်ဆုံးရဖို့ Out 1 contact ကို သုံးပြီး အပူပေးတဲ့ စံနစ်ဆို Heater (သို့) အအေးပေးတဲ့ စံနစ်ဆို Chiller Solenoid ကို အဖွင့်အပိတ် လုပ်ပေးပါတယ်။ ရလဒ် တည်ငြိမ်ပြီး အနီးစပ်ဆုံး ထွက်ဖို့ PID နည်းနဲ့ အဖွင့်၊ အပိတ်ကို ထိန်းချုပ်ပေးပါတယ်။ Set point နဲ့ အနီးအဝေးပေါ်မူတည်ပြီး အဖွင့် အပိတ် အချိန် အတိုအရှည် ပြောင်းပြီး ထိန်းပေးပါတယ်။ နောက်တစ်ခုကတော့ Alarm ပါ။ ကိုယ်သတ်မှတ်တဲ့ temperature တစ်ခုထက် နည်းရင် (သို့) များရင် Alarm တစ်ခု ထုတ်ပေးပါမယ်။
အခု သူပေးနိုင်တဲ့ Function တွေနဲ့ ကိုယ်လိုချင်တဲ့အချက် ယှဉ်ကြည့်ရအောင်။ AL1 ကို သုံးလိုက်ရင် ကိုယ်လိုချင်တာတစ်ခုတော့ရပြီ။ ဒါတောင် NO ကို NC contact အဖြစ် ပြောင်းပေးလို့ ရမရ ကြည့်ရဦးမယ်။ နောက် Out1 ကို  Alarm output နောက်ထပ်တစ်ခုအဖြစ် သုံးလို့ ရ၊ မရ ကြည့်ရပါမယ်။ လက်ရှိ Function က PID သုံးပြီး အဖွင့်အပိတ်လုပ်တာဆိုတော့ အဆင်မပြေပါဘူး။ ဒီတော့ အဲဒီ PID ကို မသုံးပဲ Set point မရောက်ခင် On မယ်။ Set point ရောက်ရင် Off မယ်လို့ လုပ်ရနိုင်သလား ရှာရပါမယ်။
ဒီတော့ Manual ထဲမှာ သူနဲ့ဆိုင်တာတွေ လိုက်ရှာပါတယ်။ တစ်နေရာမှာ PID ကို မသုံပဲ On/Off function ပဲလုပ်ချင်ရင် P value ကို 0 ထားပါလို့ ရေးထားပါတယ်။ တစ်ခုတော့ အဆင်ပြေသွားပြီ။ NO / NC ကိစ္စ ရှာရဦးမယ်။
AL1 အတွက်De-energize ကို ရွေးထားရင် Alarm မတက်ရင် close ဖြစ်ပြီး Alarm တက်ရင် Open ဖြစ်သွားမယ်ဆိုတော့ ဒါလည်း အဆင်ပြေသွားပြီ။
 နောက်တစ်နေရာမှာ Out1 ရဲ့ ON/ OFF function မှာ Heating mode ဆိုရင် Set point ထက် နည်းရင် Close ဖြစ်ပြီး၊ Cooling mode မှာ Set point ထက် များရင် Close ဖြစ်မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ Temperature က ပုံမှန်အားဖြင့် 60 - 100 ကြားမှာ ထိန်းထားမှာဆိုတော့ Heating mode ကို သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဆို Set point 100 မှာ ထားမယ်။
ဒါဆို AL1 အတွက် 60 မှာ set လုပ်ရပါမယ်။ သူ့ထက် နည်းမှ Alarm ထွက်အောင် Alarm mode မှာ Low Alarm ထားရပါမယ်။
ဒါနဲ့ စာရွက် တစ်ရွက်မှာ ကိုယ် ပြင်ရမယ့် parameter တွေ ချရေးလိုက်ပါတယ်။
Sensor Type = PT100 (-200 to 500)
P = 0 or 0.0
SV = 100
OUT1 function = heating
Out1 hysteresis = 0.1 (Minimum)
Out1 delay = 0 sec
AL1 Value = 60
AL1 mode = Low
AL1 Function = De-energize
AL1 hysteresis = 0.1 (Minimum)
AL1 delay = 0 sec
ကြားဖြတ်ပြီး Hysteresis ဆိုတာလေး နည်းနည်း ပြောချင်ပါတယ်။ သူက Set point ကျော်လို့ Alarm / Output ထွက်သွားပြီးရင် Temperature က Setpoint အောက် ပြန်ကျပေမဲ့ ချက်ချင်း ပြန်မဖြုတ်သေးပဲ ဘယ်လောက်ထိ ထိန်းထားမလဲဆိုတာပါ။ ဥပမာ SV = 100 နဲ့ Hys = 10 ထားခဲ့ရင် 100 ကျော်တာနဲ့ Output ထွက်ပါမယ်။ Temperature ပြန်ကျလို့ 90 အောက်ရောက်မှ Output Off ဖြစ်မှာပါ။
ပြင်လို့တော့ ပြီးပြီ။ Parameter တွေ ဘယ်လို ထည့်မလဲဆိုတာလည်း ထပ်ကြည့်ရပြန်ပါတယ်။ ဒီမှာ Parameter setting Menu က ၄ ခု ရှိပါတယ်။ ဘယ်လို ဝင်ရသလဲဆိုတာ ပြထားပါတယ်။
1)  Main Setting Mode (Mode ကို နှိပ်ပါ။)
2) Sub setting Mode ( up + Mode နှစ်ခု တွဲ ဖိထားပါ)
3) Aux function Setting Mode 1 (down + Mode နှစ်ခု တွဲ ဖိထားပါ)
4)Aux function Setting Mode 2 (up + down နှစ်ခု တွဲ ဖိထားပါ)
 အဲဒီ menu တစ်ခုစီမှာ Mode ကို နှိပ်၊ ကိုယ်လိုချင်တဲ့ parameter ကို ရှာပြီး ပြောင်းပေးရပါတယ်။ ခလုတ်လေး ၃ ခုထဲကို လှည့်ပတ်နှိပ်ပြီး set လုပ်ပေးရတာပါ။ အသေးစိတ်တော့ မရေးတော့ပါဘူး။ အမှန်ကတော့ parameter တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်လေးတွေ သုံးပုံလေးတွေ ပြောပြချင်ပါတယ်။ အဲဒါဆို စာက အရမ်းရှည်သွားမှာမို့ပါ။ Manual link လေး အောက်မှာ ရှိပါတယ်။ အထူးသဖြင့် လူသစ် ညီလေးတွေ ဖတ်ကြည့်ကြပါ။ Controller တစ်ခုနဲ့ တစ်ခု Function တွေ မတူကြပေမဲ့ parameter တွေရဲ့ အဓိပ္ပာယ်က များသောအားဖြင့် တူပါတယ်။ ဖတ်ကြည့်ပြီး သိချင်တဲ့ parameter အကြောင်း မေးနိုင်ပါတယ်။
ကျန်တာတော့ အားလုံးသိပြီးသားဖြစ်တဲ့ အတိုင်း ပြေလည်သွားတယ်ပေါ့ဗျာ။
မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။
Friday, 7 June 2019
Incinerator (2) - Cannot run in Sludge Mode
Tanker တစ်စီးမှာ Incinerator မကောင်းလို့ သွားစစ်ပေးခဲ့တဲ့ အကြောင်းလေးပါ။ ဘာမှတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ အတွေ့အကြုံလေး တစ်ခု ပြန်ပြောပြတဲ့ သဘောပါပဲ။ 
ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့သူက ပြောပါတယ်။ ဒီပြဿနာကို အရင်တစ်ဖွဲ့ တက်ကြည့်ပြီးသွားပြီတဲ့။ သူတို့ရဲ့ report ကိုလည်း ပြပါတယ်။ PLC မကောင်းလို့ အသစ်လဲတပ်ပေးသွားတယ်တဲ့။ အခုတော့ Solid mode မှာ ကောင်းပြီး sludge mode မှာ မရဘူးပြောပါတယ်။ သူတို့ နောက်ဆက်တွဲ ရေးထားတဲ့၊ လဲရမယ့် ပစ္စည်းစာရင်းကြည့်လိုက်တော့ Temperature Controller တစ်ခု၊ Overload တစ်လုံး၊ Burner Pump တစ်ခုနဲ့ Solenoid တစ်ခု။ မနည်းမနောပါလား။ ဒီတော့ အဲဒါတွေ အကုန် လဲဖို့ တစ်ကယ်လိုရဲ့လားဆိုတာ ပိုင်ရှင်က မယုံဘူးလေ။ ဘာပစ္စည်းမှ မထည့်ပေးလိုက်ပဲ၊ တက်ကြည့်ခိုင်းပါတယ်။ပြီးမှ တစ်ကယ်လိုတဲ့ ပစ္စည်း ဝယ်ပြီး ပြန်တက်ကြဖို့ စီစဉ်ထားပါတယ်။ သင်္ဘောက နောက် တစ်ရက်လောက် ဒီဆိပ်ကမ်းမှာ ရှိဦးမယ်တဲ့။
သင်္ဘောပေါ်ရောက်တော့ ထင်တဲ့အတိုင်း ဖား စက်ချုပ်က မေးပါတယ်။ လိုတဲ့ ပစ္စည်းတွေ ပါလာသလားတဲ့။ အရင်ဆုံး စစ်ကြည့်ပြီးမှ လိုတာ မှာရမယ်ပြောတော့ လိုက်ပြပါတယ်။ Hyundai ရဲ့ Atlas Incinerator ပါ။ စက်-၂ က sludge mode မှာ မောင်းပြတဲ့အခါ Alarm တက်ပြီး ရပ်သွားပါတယ်။ Sludge Oil Low Temp နဲ့ Sludge Oil High Temp ဆိုတဲ့ Alarm နှစ်ခုပါ။
ကြားဖြတ်ပြီး Incinerator ဆိုတာလေး အကြမ်းဖျင်း ပြောပြချင်ပါတယ်။ အလွယ်ပြောရရင် မီးရှို့စက်ပေါ့။ ပတ်ဝန်းကျင် ရေညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းကမ်းချက်အရ ပင်လယ်ထဲကို အမှိုက်စွန့်ပစ်ရာမှာ ကန့်သတ်ချက်တွေရှိပါတယ်။ Foodwaste ကလွဲလို့ ကျန်တဲ့ ပစ္စည်တွေကို Recycle အနေနဲ့ သိမ်းချင်သိမ်း။ မလိုတာ အားလုံးကို မီးရှို့ပစ်ရပါတယ်။ မီးရှို့တဲ့ နေရာမှာ Mode ၂ မျိုး ခွဲထားပါတယ်။ အစိုင်အခဲတွေကို ရှို့တဲ့ Solid mode နဲ့ စွန့်ပစ် ဆီအညစ်အကြေးတွေကို ရှို့တဲ့ Sludge mode ပါ။ Incinerator ဆိုတာ တစ်ကယ်တော့ Boiler အသေးစားလေးပါပဲ။ ဒီတော့ boiler ရဲ့ process တွေနဲ့ အတူတူလို့ ပြောနိုင်ပါတယ်။ ဆီတွေကို pump တစ်ခုနဲ့ pressure ရအောင် ပန်းထုတ်ပေးမယ်။ Ignition electrode နဲ့ မီးခတ်မယ်။ ဆီနဲ့လေ အချိုးညီအောင် blower (သို့) exhaust line မှာ damper နဲ့ လေဝင်နှုန်းကို ထိန်းပေးမယ်။ ဒါတွေပါပဲ။ တစ်ခုပဲ ကွာတာက boiler မှာ ထွက်လာတဲ့ အပူကိုသုံးပြီး Steam pressure (သို့) Thermal Oil Temperature ထိန်းရတဲ့ စံနစ် အပိုပါတာပဲရှိပါတယ်။ ဒီမှာတော့ မီးလောင်ပြီးရင် ပြီသွားပြီလေ။
အခု Solid mode မှာ မီးတောက်တယ်၊ အလုပ် လုပ်နေတယ် ဆိုတော့ burner အပိုင်းက ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ Sludge mode မှာ ဘာပိုထူးလဲဆိုတော့ Sludge တွေ ခဲပြီး ပိတ်မနေအောင် အပူချိန်တစ်ခုအတွင်း ထိန်းထားရပါတယ်။ အခု ဒီမှာတော့ (60 - 100)  ံC အတွင်း set လုပ်ထားပါတယ်။ ဆိုလိုတာက အပူချိန် 60 အောက် ရောက်ရင် Low Temp Alarm ၊ အပူချိန် 100 ကျော်သွားရင် High Temp Alarm လာရမှာပါ။ အခု sludge temp က low ရော high ရော alarm နှစ်ခုလုံး လာနေတယ်ဆိုတော့ တစ်ခုခု မှားနေပြီပေါ့။ Temperature Controller ကို ကြည့်လိုက်တော့ Display မှာ ဘာမှ မပြပါဘူး။ အဝင် power တိုင်းကြည့်တော့ 230V AC ရှိနေတယ်။ ဒါဆို Controller ပျက်နေတာတော့ သေချာပြီ။ 
ဒီအပိုင်းကို ခဏကျော်ပြီး ကျန်တာတွေ ကောင်း၊ မကောင်း စစ်ကြည့်ပါမယ်။ ဒီ controller မှာ Alarm 1, Alarm 2 နဲ့ Out 1 ဆိုတဲ့ output signal ၃ ခု ရှိပါတယ်။ ကြိုးတွေဆက်ထားတာ ကြည့်လိုက်တော့ Out 1 မှာ ဆက်မထားပဲ၊ AL1 နဲ့ AL2 မှာပဲ ဆက်ထားတာတွေ့ရပါတယ်။ အဲဒီ AL1 နဲ့ AL2 ကို common နဲ့ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဆိုလိုတာက Open ဖြစ်နေတာပေါ့။ အဲဒီ AL1 နဲ့ AL2 က controller ရဲ့ ပုံအရ Normally Open (NO) contact တွေ ဖြစ်နေပါတယ်။ NO က open ဖြစ်နေတာ ဘာလို့ Alarm တက်တာလဲပေါ့။ နောက်ပြီးမှ စဉ်းစားမိသွားတယ်။ ဒီလို controller တွေမှာ parameter setting ပေါ်မူတည်ပြီး function တွေ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အခု Open ဖြစ်နေတဲ့ AL1 နဲ့ AL2 ကို Com ကြိုးနဲ့ Short လုပ်ပေးလိုက်တော့ Alarm နှစ်ခုလုံး ပျောက်သွားပါတယ်။ 
ပြီးတော့ စက်ကို စခိုင်းလိုက်ပါတယ်။ Alarm မရှိတော့ initialization, purging စတဲ့ အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်သွားပြီး မီတောက်သွားပါပြီ။ Chamber temperature တစ်ဖြည်းဖြည်း တက်သွားတာ ခဏ စောင့်ကြည့်ပြီး ရပ်လိုက်ပါတယ်။ ဒါဆိုရင် ကျန်တဲ့ အပိုင်းတွေ ကောင်းတယ်ပေါ့။ အဓိက ပျက်တာက Temperature Controller တစ်ခုထဲ။ ဒါပေမဲ့ စက်ချုပ်က Overload ပါလဲပေးဖို့ ပြောပါတယ်။ တစ်ခါတလေ ပြဿနာပေးလို့တဲ့။  
ဒါနဲ့ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ ရုံးကို အကြောင်းကြားပါတယ်။ ပစ္စည်းရှာဝယ်တဲ့ အစ်ကိုက Temperature Controller ကို အမျိုးအစားတူ ရှာလို့ မရနိုင်လို့ ဆင်တူတဲ့ တစ်ခြား brand တစ်ခု သုံးလို့ ရနိုင်သလားမေးလာပါတယ်။ သူ့ မူရင်း ပစ္စည်းက Nova ပါ။ သူတွေ့ထားတာက Panasonic KT4 controller လေး။ catalog ကိုရှာကြည့်တော့ Alarm နှစ်ခု (NO contacts) နဲ့ Out တစ်ခု ဆိုတော့ ကွက်တိပဲပေါ့။ ရတယ် ပြောလိုက်တယ်။
ပစ္စည်းတွေရလာပြီး လဲဖို့လုပ်ကြတော့ ဒုက္ခတွေ့ပါတော့တယ်။ Alarm က တစ်ခု ထဲပါတယ်။ Out တစ်ခု ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်က အဟောင်းမှာအတိုင်း Out ကို မသုံးပဲ Alarm နှစ်ခုကို သုံးမယ်လို့ စီစဉ်ထားတာ။ ပစ္စည်းမှားတာလား ပြန်စစ်တော့ မမှားဘူး။ Catalog ပြန်ကြည့်တော့မှ Alarm 2 က optional feature တဲ့ လိုလို့ အထူးမှာမှ ထည့်ပေးတာ။ Alarm တစ်ခု၊ Out တစ်ခုနဲ့ ဘယ်လို လုပ်ရပါ့မလဲ။ 
ဒီနေရာမှာ Alarm နဲ့ Out ရဲ့ ကွာခြားချက်လေး နည်းနည်း ပြောပြပါမယ်။ Alarm ဆိုတာကတော့ သတ်မှတ်တဲ့ တန်ဖိုးတစ်ခုထက် နည်းရင် (သို့) များရင် alarm ထုတ်ပေးမှာပါ။ Out ဆိုတာကတော့ အဲလို မဟုတ်ပါဘူး။ Set လုပ်ထားတဲ့ Temperature နဲ့ လက်ရှိတန်ဖိုး အနီး၊ အဝေးပေါ်မူတည်ပြီး PID parameter တွေအရ output / no output duty cycle တွေနဲ့ သင့်လျော်သလို ထုတ်ပေးမှာ ဖြစ်ပါတယ်။ Set point မရောက်ခင် On ဖြစ်လိုက် Off ဖြစ်လိုက် ဖြစ်နေမှာပေါ့။ ဒီတော့ ကျွန်တော်တို့ သုံးချင်တဲ့ အခြေအနေနဲ့ မဆီလျော်ပါဘူး။ 
ဒါနဲ့ instruction manual ကို အပြန်ပြန် အလှန်လှန်ဖတ်၊ parameter တွေ ချရေးပြီး Alarm ၁ ခု၊ Out ၁ ခု နဲ့ ရအောင်သုံးဖို့  ကြိုးစားရပါတော့တယ်။ 
( Controller parameter တွေအကြောင်း အသေးစိတ် သီးခြား တစ်ပုဒ် တင်ပေးပါမယ်။)
နောက်ဆုံးတော့ အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပါတယ်။ Overload ကိုလည်း လဲပေးလိုက်ပါတယ်။ 
အားလုံးပြီးလို့ ပြန်စမ်းကြတော့ Alarm တွေ မရှိပါဘူး။ Sludge mode မှာ မောင်းကြည့်တော့ မီးတောက်ပါတယ်။ စောင့်ကြည့်တော့ Temperature တစ်ဖြည်းဖြည်းချင်းတက်လာပြီး 700  ံ လောက်မှာ Sludge solenoid တွေ ပွင့်တဲ့ အသံကြားရပါတယ်။ ခဏနေတော့ Secondary Flame eye failure alarm တက်ပြီး ရပ်သွားပါတယ်။ စက်ချုပ်က သူ့မှာ Flame eye sensor အပိုရှိတာနဲ့ လဲတပ်ကြည့်ဖို့ ပြောပါတယ်။
Sensor အသစ်လဲပြီး စမ်းတော့လည်း အတူတူပါပဲ။ ဒါနဲ့ မီးတောက်နေတုန်း sludge valve မဖွင့်ခင် flame eye relay ကိုစောင့်ကြည့်တော့ မီးအစိမ်းလေး လင်းတာတွေ့ရပါတယ်။ ဆိုလိုတာက Flame ကို detect လုပ်နိုင်တယ်၊ sensor ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ PLC ရဲ့ secondry flame eye အဝင် channel ကြည့်တော့လည်း မီးလင်းပါတယ်။ ဒါပေမဲ့ sludge valve ဖွင့်လိုက်တဲ့အချိန်မှာ Flame eye relay ရဲ့ မီးစိမ်းလေး ငြိမ်းသွားတာတွေ့ရပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းမယ်ဆိုပြီး စက်-၂ က လှေကားနဲ့ တက်၊ incinerator အမိုးပေါ်က flame eye sensor လေးကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး စက်စတဲ့အချိန် sensor ကို ဓာတ်မီးနဲ့ ထိုးထားပါတယ်။ စောင့်ကြည့်တဲ့အခါ sludge valve ဖွင့်ပြီးလည်း ငြိမ်းမသွားပဲ မီးဆက်တောက်နေတာ တွေ့ရပါတယ်။ ဒီတော့ ဘာကောက်ချက် ချနိုင်သလဲဆိုတော့ sludge ထည့်လိုက်တဲ့အခါ၊ မီးတော့ မသေဘူး၊ sludge ထဲက ရေတွေများလို့ မီးခိုးတွေ အရမ်း ထွက်ပြီး flame eye sensor window ကို ကြပ်ခိုးနဲ့ ပိတ်သွားတာလို့ ထင်ပါတယ်။ စက်-၂ က တွေ့နေကျမို့ သဘောပေါက်နေတာ ဖြစ်မယ်ထင်တယ်။ ကျန်တာ သူတို့ ဆက်လုပ်မယ်ပြောပါတယ်။ ဒါနဲ့ပဲ report ရေးပြီး ပြန်ခဲ့တော့ပါတယ်။
မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။
Saturday, 25 May 2019
Main Engine Control (6) - Malfunction
Tanker တစ်စီးရဲ့ ME control အလုပ်မလုပ်လို့ သွားကြည့်ရပါတယ်။ ကြားရတာကတော့ ဒီပြဿနာက ကြာပါပြီ။ ရှေ့မှာ အဖွဲ့တော်တော်များများ ကြိုးစားထားကြပြီး ခုထိ အဆင်မပြေသေးတာ ဆိုပါတယ်။ မလေးရှားက Port Klang မှာ သွားတက်ခဲ့ရပါနယ်။ ရောက်သွားတော့ ဘကုန်း စက်ချုပ်နဲ့ ဓာတ်ကြိုးက ပြောပြပါတယ်။ ME conttol  panel မှာ လည်း display က အမှန်မပြဘူး။ ECR က display မှာလည်း အမှန်မပြဘူး။ Bridge ကနေ control လုပ်လို့လည်း မရဘူးပြောပါတယ်။ Alarm တွေလည်း မျိုးစုံတက်နေတယ်။ အင်ဂျင်တော့ မောင်းလို့ရနေတယ်။ အခုတော့ မောင်းချင်ရင် bridge က Telegraph နဲ့ request လုပ်၊ Local က တစ်ယောက်က မောင်းပေးရတယ်ဆိုပါတယ်။
အစဆုံး ECR မှာရှိတဲ့ display panel ကို ပြပါတယ်။ အဲဒီ panel မှာ engine speed, LO pressure, FW temperature, Exhaust Gas temperature အစရှိတဲ့ တန်ဘိုး တွေကို တစ်ကွက်စီ တစ်ကွက်စီ LED display နဲ့ ပြထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဂဏန်းရယ်လို့ ပီပီသသ မပေါ်ပဲ ပဲပင်ပေါက်လို ကောက်ကောက်ကွေးကွေးနဲ့ 7-segment မီးလုံးတွေက ကြုံသလို ပေါ်နေပါတယ်။
နောက် ER အောက်ခြေမှာ ရှိတဲ့ local panel ကို သွားကြည့်ပါတယ်။ Local panel မှာ Main panel တစ်ခုရယ်၊ safety panel နဲ့ remote control panel ဆိုတဲ့ panel သေးသေးလေး ၂ ခုရယ် ရှိပါတယ်။ Main panel ရဲ့ တံခါးမှာလည်း ECR မှာ တွေ့ခဲ့တဲ့ Display မျိုး တစ်ခု ရှိပါတယ်။ အဲဒီမှလည်း အတူတူပဲ ဖတ်လို့မရတဲ့ စာတန်းတွေ ပေါ်နေတာပေါ့။ ဘေးက Safety panel မှာလည်း False Alarm အမျိုးမျိုး မီးတွေလင်းလို့။ 
Main Panel ဖွင့်ကြည့်တော့ ပစ္စည်းတွေက သိပ် ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ရှုပ်နေတာဆိုလို့ ကြိုးတွေပဲ ရှိတယ်။ အဓိက Control board အတန်းလိုက် ၅ ခုက တစ်ဆက်ထဲဆိုတော့ Board အကြီးကြီးတစ်ခုထဲ ရှိသလို ဖြစ်နေပါတယ်။ အဲဒီ board တွေကပဲ control နဲ့ I/O တွေ အကုန် လုပ်ပေးပါတယ်။ ဘေးနဲ့ အပေါ်ဘက်မှာ Power supply ၃ ခု တွေ့ရပါတယ်။ နောက် Communication module လေး တစ်ခုရှိပါတယ်။ Panel အဖုံးမှာ display module နဲ့ indication light တွေအတွက် PCB ရှိပါတယ်။ အခု Main control board တွေထဲက ပထမ ၃ ခုမှာ Run LED အစိမ်းရောင် တစ်လုံးစီ ရှိပါတယ်။ ဒါပေမဲ့ တတိယ board မှာပဲ မီးစိမ်းလေး လင်းနေပြီး ကျန်တဲ့ နှစ်ခုမှာ Run မီးလုံး အစိမ်းက လင်းမနေပါဘူး။
Drawing ဖတ်ပြီး စဉ်းစားကြည့်ပါတယ်။ ဒီလို တရုတ်က ထုတ်တဲ့ Module တွေမှာ တွေ့ခဲ့ဖူးတာက Power supply ကျသွားရင် ကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။ ဒီတော့ အစဆုံး Power supply တိုင်းကြည့်ရမယ်။ ဒီစံနစ်မှာ အဝင် 220V AC power ကို 24V DC ပြောင်းပြီး၊ နောက် Power supply အသေး နှစ်လုံးကို ပေးထားပါတယ်။ အဲဒီ power supply တွေက အဝင် 24V ကို အထွက် Voltage ၃ မျိုး ပြန်ပြောင်း ထုတ်ပေးပါတယ်။ +12V, -12V နဲ့ +5V ပါ။ အစဆုံး အဝင် 220V တိုင်းကြည့်တော့ AC voltage အမှန် ထွက်ပါတယ်။ ရှေ့ဆုံးက power supply အထွက်ကို တိုင်းကြည့်တော့ 22V DC ပဲ ရှိပါတယ်။ ဒါနဲ့ voltage adjustment preset လေး လှည့်ပြီး 24V ရအောင်ချိန်လိုက်ပါတယ်။ 24V ရတော့ power supply အသေး ၂ ခုရဲ့ အထွက် Voltage တွေ တိုင်းကြည့်ပါတယ်။ နည်းနေလို့ ချိန်တာ တစ်ခုက အမြင့်ဆုံး +4.4 V, +11.8V နဲ့ -12V ရပါတယ်။ နောက်တစ်ခုက +3.5V, +11.9V, -11.6V အထိရပါတယ်။ ဒါပေမဲ့ ဘာမှ မထူးသေးပါဘူး။
အမှန်က Power supply အသေး နှစ်ခုမှာ တစ်ခုက ရှေ့ board ၂ ခုကိုပေးပြီး ကျန်တဲ့ power supply တစ်ခုက နောက် board တွေကို ပေးထားပါတယ်။ ဒါပေမဲ့ ရှေ့က အဖွဲ့တွေ အမျိုးမျိုး ကြိုးစားထားပုံရပါတယ်။ Power ကြိုးတွေ ပေါင်းထား၊ ခွထား၊ ဖွထားတာ တွေ့ရပါတယ်။ ကျွန်တော် သံသယဖြစ်တာတစ်ခုက I/O ကြိုးတွေ field device တွေကနေ leakage ဖြစ်ပြီး ဆွဲချနေတာလား ဆိုတာပါ။ ဒါကြောင့် input နဲ့ output ကြိုးတွေကို ရသလောက် မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Power On/Off လုပ်ကြည့်တော့လည်း အခြေအနေ မထူးပါဘူး။ ဒါနဲ့ ဓာတ်ကြိုးကို power supply အပိုရှိလားမေးကြည့်တော့လည်း မရှိဘူးတဲ့။ ဒါနဲ့ ကျန်တာ ဘာမှလုပ်လို့ မရတော့ဘူးဆိုတော့ စက်ချုပ်ကို ပြောရတယ်။ အဓိက သံသယဖြစ်တာက Power Supply တွေလို့။ နောက်ပျက်နိုင်ခြေရှိတာတွေကတော့ Control Board တွေပဲလို့။ အဲဒါ report ရေးပြီး ပြန်မယ်ဆိုတော့ စက်ချုပ်က မကြည်ချင်ဘူး။ ပြဿနာက ဘာမှ ပိုကောင်းမလာဘူးလို့ မှတ်ချက်ရေးပြီး စိတ်မပါလက်မပါ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပါးစပ်ကလည်း အပြစ်တင်လို့။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်လည်း ဘာမှ လုပ်မရတာ။ ပြန်ခဲ့ကြတာပေါ့။
အဲဒီအကြောင်း ရုံးမှာ ဆွေးနွေးကြပြီး Super နဲ့ စကားပြောကြပါတယ်။ ပထမအဆင့် လိုတဲ့ power supply တွေယူပြီး ပြန်တက်ကြည့်မယ်။ မရရင်တော့ Control Board တွေ Maker ဆီက ရှာဝယ်ပြီး ထပ်တက်မယ်လို့။ Super သဘောတူတာနဲ့ ဆက်လုပ်ဖို့ စီစဉ်ကြပါတယ်။ အဲဒီ Power Supply ကလည်း ရှားပါတယ်။ တရုတ်ကနေမှာမှ ရတယ်။ ပစ္စည်းတွေရပြီး သင်္ဘော စင်္ကာပူ ဝင်လာတဲ့ အချိန် သွားတက်ကြပါတယ်။
ပထမ AC to DC power supply ကြီးကိုတော့ အထွက်တိုင်းကြည့်တာ 24V ရှိနေတာနဲ့ မလဲသေးပဲ ထားလိုက်ပါတယ်။ Power Supply အသေး နှစ်လုံးကို လဲလိုက်ပါတယ်။ power supply အထွက်ကြိုးတွေ မဆက်ခင် Voltage တိုင်းကြည့်တော့ +5V, +12V, -12V အကုန် မှန်ပါတယ်။ အထွက်ကြိုးတွေ လက်ရှိအခြေအနေအတိုင်း ဆက်ပြီးတိုင်းကြည့်တော့ 5V အထွက်က 4.2V ပဲ ရှိပါတော့တယ်။ အခြေအနေကလည်း မထူးပါဘူး။ ဒါနဲ့ သေချာကြည့်တော့ bosrd အားလုံးရဲ့ 5V supply ကို loop လုပ် ပေါင်းပြီး power supply unit တစ်ခုထဲက ယူထားတာတွေ့ရပါတယ်။ +12V နဲ့ -12V တွေကတော့ အဆင်ပြေပါတယ်။
ဒါနဲ့ 5V supply ကို ရှေ့ board နှစ်ခုအတွက် တစ်စုံ၊ ကျန်တဲ့ board တွေအတွက် တစ်စုံ ခွဲထုတ်ပေးလိုက်ပါတယ်။ ဒီတစ်ခါ Volt မကျတော့ပါဘူး။ 4.9V လောက်မှာ ငြိမ်ပါတယ်။ ကြည့်လိုက်တော့ board အားလုံးရဲ့ Run LED တွေ အကုန် လင်းသွားပါပြီ။ Display ကိုကြည့်လိုက်တော့ ဂဏန်းတွေ ပီပီပြင်ပြင် ပေါ်နေပါပြီ။ တန်ဖိုး မမှန်တာတွေကိုတော့ ပြီးမှ ပြန်လိုက်ပါမယ်။ ဒါနဲ့ ECR တက်ကြည့်တော့လည်း အဆင်ပြေပါတယ်။ စက် ၂ နဲ့ ဓာတ်ကြိုးကလည်း ဝမ်းသာလို့ပေါ့။ ဒါပထမ အဆင့်ပဲ ရှိပါသေးတယ်။ တစ်ကယ် အလုပ် လုပ်၊ မလုပ် ဆက်ပြီး စမ်းရမှာတွေ ကျန်သေးတယ်။ ECR မှာ ထိုင်ရင်း ပေါ်နေတဲ့ display ကို ဂရုစိုက်ကြည့်တော့ စက်ရပ်ထားပေမဲ့ RPM တန်ဖိုးက 600 ကျော်၊ LO pressure က 2.3 bar, Exh Gas Temp, FW temp အကုန်လုံး ယုတ္တိမရှိတဲ့ တန်ဖိုးတွေဆိုတော့ သိပ်ပြီး ဘဝင်မကျလှပါဘူး။ နောက်ပြီး Alarm ကလည်း တစ်ခုပြီး၊ တစ်ခု တစ်မိနစ်ခြားလောက် တက်တက်လာပါတယ်။ စက် ၂ က ထိုင်ပြီး အသံပိတ်၊ Ack နှိပ်နေရတယ်။ မနားရရှာဘူး။ ဒါနဲ့ သေချာကြည့်တော့ တစ်ခု သတိထားမိသွားတယ်။ Display channel တစ်ခုက မှိတ်တုတ်မှိတ်တုတ်နဲ့ တန်ဖိုးတွေ ပြောင်းနေတယ်။ တစ်ချိန်မှာ Alarm set point ကျော်သွားတော့ Alarm တက်လာတယ်။ ပြီးရင် အဲဒီ Ch က ကြုံရာ တန်ဖိုးတစ်ခုပြပြီး ငြိမ်သွားတယ်။ နောက် Ch တစ်ခု ပြောင်းပြီး အဲဒီအတိုင်း ဖြစ်ပြန်ရော။ အဲလို Ch အကုန် ဖြစ်ပြီး အစကနေ ပြန်စပြန်ရော။ ဒါကိုကြည့်ပြီး ကျွန်တော် တစ်ခု သတိရသွားတယ်။ ဒါ Test Mode ကို ရောက်နေတာပါလား။ တချို့ ME Control module တွေမှာ Simulation Test Mode ထည့်ပေးထားတတ်ပါတယ်။ အဲဒီ mode က ဒီလိုပုံစံနဲ့ Ch အားလုံးရဲ့ Alarm triger ဖြစ်မဖြစ်၊ Slow down , Shut down ဖြစ်မဖြစ် စမ်းနိုင်ပါတယ်။
ဒါပေမဲ့ ပြဿနာက Test Mode ဆိုရင် Ch အားလုံး ပြီးသွားရင် ရပ်သွားပြီး Normal Operation Mode ကို ပြန်ရောက်သင့်ပါတယ်။ အခုဟာက Test Mode ထဲမှာ ပတ်နေတာဆိုတော့ တစ်ခုခု မှားနေပါပြီ။ စဉ်းစားကြည့်တော့ Test Mode ကို ဘယ်လို ဝင်သွားတာလဲ။ များသောအားဖြင့် Test ခလုတ်တစ်ခုခု နှိပ်ပေးရပါတယ်။ အဲဒီ ခလုတ် ကပ်နေတာလား။ ဒါနဲ့ Test ခလုတ် ရှာပုံတော် ဖွင့်ရပါတယ်။ ECR က panel မှာတော့ မရှိဘူး။ ER က Main Panel ကို ဆင်းကြည့်ပါတယ်။ တွေ့ပါပြီ၊ Panel တံခါးက Display မှာ Test ဆိုတဲ့ ခလုတ်ကလေး။ Mimic panel ရဲ့ ခလုတ်တွေ ထုံးစံအတိုင်း အပေါ်က ပလပ်စတစ်မှာ ခလုတ်အရာလေးပဲ တွေ့ရပါတယ်။ နှိပ်လိုက်မှ နောက်က onboard micro switch လေးကို တစ်ကနဲ ဖိမိသွားမှာပါ။ Micro switch မကောင်းတာလား၊ တစ်ခုခုကြောင့် Short ဖြစ်တာလား။ Power ပိတ်ပြီး တံခါးမှာ စွဲထားတဲ့ PCB ကို ဖြုတ်ချလိုက်ပါတယ်။ ကြည့်ရတာ အမြင်အရ ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ Ohm တိုင်းထားပြီး နှိပ်ကြည့်တော့လည်း တစ်ခြားခလုတ်တွေနဲ့ သိပ်မကွာပါဘူး။ PCB ရဲ့ wire connector တွေ မဖြုတ်ထားပါဘူး။ PCB ကို ပြန်မထိုင်သေးပဲ၊ လက်နဲ့ကိုင်ထားပြီး Power On လိုက်ပါတယ်။ ဒီတစ်ခါ Display က Ch အားလုံး ငြိမ်နေပြီး တန်ဖိုးတွေကလည်း အမှန်ပြသွားပါပြီ။ အဲဒီ Test ခလုတ်ကို နှိပ်ကြည့်တော့ Test Mode ရောက်သွားပါတယ်။ Ch အားလုံး တစ်ပတ်လည်အောင် စမ်းပြီးတာနဲ့ Normal ပြန်ဖြစ်သွားပါတယ်။
ဒီတော့ ဒီခလုတ်လည်းကောင်းတယ်။ Short လည်း မရှိဘူး။ ရှေ့က cover က ဖိမိနေလို့ ဖြစ်မယ်။ အဲဒါနဲ့ Power On ထားပြီး PCB ကို ပြန်တပ်ပါတယ်။ ခလုတ် မဖိမိအောင် Board ကို သေချာညှိပြီး screw ကို ဖြည်းဖြည်းချင်း ပြန်ကြပ်ပါတယ်။ အဲလိုနဲ့ အဆင်ပြေသွားပါတယ်။
နောက်တစ်ဆင့် Control တွေ အလုပ် လုပ်၊ မလုပ် စမ်းဖို့ပဲ ကျန်ပါတော့တယ်။ စက် ၂ က အစဆုံး Local Control စမ်းပါတယ်။ စက်နှိုးလိုက်တော့ RPM တွေ LO pressure တွေ display မှာ ပုံမှန်ပြပါတယ်။ နောက် သူကြီးကို အကြောင်းကြားပြီး Ahead, Astern စမ်းကြည့်တာ အဆင်ပြေပါတယ်။ နောက်ဆုံး Wheelhouse control စမ်းဖို့ပဲ ကျန်ပါတော့တယ်။ ကျွန်တော်က Bridge မှာ တက်နေပါတယ်။ ကုန်းချုပ်က  (Radio မအားလို့) ER နဲ့ ဖုန်းအဆက်အသွယ်လုပ်ပြီး Control ကို WH ပြောင်းယူလိုက်ပါတယ်။ နောက်ပြီး ရှေ့တိုး (ahead) နောက်ဆုတ် (astern) စမ်းတာပေါ့။ အဲဒီမှာ ပြဿနာတစ်ခု သွားတွေ့ပါတယ်။ Astern မှာ အကုန် အဆင်ပြေတယ်။ Ahead မှာ မောင်းပြီး Neutral ပြန်ထားတော့ ရပ်မသွားဘူးဆိုပါတယ်။ ဒါနဲ့ စက်ခန်းကပဲ local ပြောင်းပြီး ရပ်လိုက်ရပါတယ်။ စက်ခန်းထဲ ဆင်းသွားပြီး ပြန်စမ်းကြည့်တော့ လည်း အတူတူပါပဲ။ ဒါပေမဲ့ သူတို့ပြောတဲ့ ရပ်လို့ မရဘူးဆိုတာ Clutch ပြန်မပြုတ်ပဲ Gear ဆက်ငြိနေတာကို ဆိုလိုမှန်း သဘောပေါက်သွားတယ်။
Ahead command မှာ အလုပ်လုပ်တယ်ဆိုထဲက Control အပိုင်းက ကောင်းနေတယ်လို့ ယူဆပါတယ်။ အခုပြဿနာက Pneumatic control panel နဲ့ ဆိုင်သွားပါပြီ။
လိုက် ကြည့်လိုက်တော့ Engine အခြေမှာ Pneumatic Panel တစ်ခုရှိပါတယ်။ အဲဒီမှာ Local / WH ရွေးလို့ရပါတယ်။ တစ်ခါ Local မှာ Control လုပ်ဖို့ Ahead / Neutral / Astern ပြောင်းဖို့ မောင်းတံတစ်ခုလည်း ရှိပါသေးတယ်။ သူအလုပ်လုပ်ပုံက လေ (pneumatic) နဲ့ တွန်းပြီး Actuator Block ကို လှုပ်ရှားစေပါတယ်။ အဲဒီ Actuator ကနေ Hydraulic line ကို ဖွင့်၊ ပိတ် လုပ်ပြီး clutch နဲ့ gear ကို ရွေ့စေတာပါ။ Local မှာတော့ pneumatic selector handle နဲ့ ရွေးပြီး လေကို လိုတဲ့ လမ်းကြောင်း ဖွင့်ပေးပါတယ်။ WH control mode မှာဆိုရင်တော့ Solenoid valve တွေကတစ်ဆင့် လေကို ဖွင့်ပေးတာပေါ့။ အခု ကြည့်လိုက်တော့ Gearbox နားမှာရှိတဲ့ Actuator block ဆီကို လေပိုက် ၃ ချောင်း ဝင်ထားပါတယ်။ တစ်ချောင်းက Ahead အတွက်၊ နောက်တစ်ချောင်းက Astern ၊ နောက်ဆုံးတစ်ချောင်းက Neutral return အတွက်ပါ။ အဲဒီ ပိုက် ၃ ချောင်းက Pneumatic box မှာဝင်ထားပါတယ်။ Box ဖွင့်ကြည့်တော့ နှစ်ချောင်းက Pneumatic selector switch ရဲ့ ahead နဲ့ astern အထွက် port တွေမှာ ဆက်ထားသလို T-joint နဲ့ solenoid valve နှစ်ခုကို ဆက်ထားပါတယ်။ အဲဒီ solenoid တွေက WH ထိန်းချုပ်တဲ့ solenoid တွေ ဖြစ်ပါလိမ့်မယ်။ အခု Neutral position မှာ လေထွက်သံကြားလို့ လိုက်စမ်းကြည့်တော့ Ahead အတွက် Solenoid ရယ် Pneumatic Selector switch ရယ် ၂ နေရာက လေထွက်နေတာ တွေ့ရပါတယ်။ တစ်ခု စမ်းချင်တာနဲ့ Actuator block ဆီ ထွက်တဲ့ ပိုက် ၃ ချောင်းမှာ ahead နဲ့ astern အတွက် ပိုက်နှစ်ချောင်းကို pneumatic box အထွက်မှာပဲ ဖြုတ်လိုက်ပါတယ်။ လက်နဲ့ စမ်းကြည့်တော့ box ဘက်က မထွက်ပဲ actuator ဘက်သွားတဲ့ ပိုက်က လေထွက်နေတာ တွေ့ရပါတယ်။ ဒါဆို Actuator block က အထဲမှာ ယိုနေပြီပေါ့။ လက်ရှိအနေအထားမှာ စဉ်းစားကြည့်ရင် Local ကောင်းပြီး remote မှာ မကောင်းဘူးဆိုတော့ solenoid မကောင်းတာ ဖြစ်ဖို့များပါတယ်။ Ahead ရပြီး ပြန်မကွာတာ ဖြစ်တဲ့အတွက် solenoid ဆီ power ရောက်ပြီး solenoid ဆွဲတာ သေချာပါတယ်။ ဒါပေမဲ့ solenoid ပြန်လွှတ်လိုက်တဲ့အချိန် လေက ပြန်ပိတ်မသွားလို့ neutral ပြန်မရောက်တာ ဖြစ်နိုင်ပါတယ်။ သူက အဓိက တရားခံဆိုပေမဲ့ လေစိမ့်နေတဲ့ Pneunatic selector switch ကိုလည်း လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Actuator block ကို service လုပ်ဖို့ အကြံပေးလိုက်ပါတယ်။
နောက်တစ်နေ့ လိုတဲ့ ပစ္စည်းတွေယူပြီး ပြန်တက်ကြပါတယ်။ Solenoid နဲ့ pneumatic selector လဲပြီးတဲ့အချိန်၊ စက် မနှိုးပဲ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါနဲ့ စက် ၂ ကို စက်နှိုးပြီး စမ်းခိုင်းတော့ အားလုံး ပုံမှန်အတိုင်း အလုပ် လုပ်ပါတယ်။ Actuator block အထဲက internal leak ဖြစ်နေတာကိုတော့ Service လုပ်ဖို့ မှာခဲ့ပါတယ်။
မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။
Saturday, 27 April 2019
Insulation Resistance (10) - 110V AC Low Insulation
[Unicode]
ဒီအကြောင်းအရာကလည်း ခပ်စင်းစင်း ပြဿနာလေးပါ။ သိပြီးသားသူအတွက် လွယ်ပေမဲ့ မသိသေးတဲ့ ညီလေးတွေ သတိထားမိဖို့ ရေးလိုက်ပါတယ်။ 
Tanker တစ်စီးမှာ Low Insulation ဖြစ်လို့ သွားခဲ့ရပါတယ်။ မသွားခင် email အရ သင်္ဘောသားတွေ ကြိုးစားရှာဖွေပေမဲ့ ပြဿနာက အဖြေမတွေ့ပဲ ၂ ပတ်ကျော်နေပြီလို့ ဆိုပါတယ်။ သုတို့တွေ Switch board မှာရှိတဲ့ breaker တွေ ပိတ်စမ်းကြည့်တာ အားလုံးကုန်သွားတယ် ဘယ်နေရာကဆိုတာ ရှာမတွေ့ဘူး ဆိုပါတယ်။။ 
သင်္ဘောပေါ်ရောက်တော့ "အ" စက်ချုပ်နဲ့ စက်-၂ က အကျိုးအကြောင်း ရှင်းပြပါတယ်။ အဲဒီမှ သိရတာက ဒီသင်္ဘောမှာ ဓာတ်ကြိုး မပါဘူး ဆိုဘဲ။ ဪ ဒါကြောင့် ဒီပြဿနာ ၂ ပတ်လောက်ထိ အဖြေရှာမတွေ့တာ ဖြစ်မှာပေါ့။ နောက်ပြီး ပြဿနာဖြစ်တဲ့ 110V feeder panel ကို ပြပါတယ်။ အဲဒီမှာ insulation meter က 0 ohm ကိုပြနေပါတယ်။ Test button ကို နှိပ်လိုက်တော့ pointer က infinity ဆီတက်သွားပြီး R, S, T မီးလုံး ၃ လုံးမှာ T phase က မီးလုံးက မှိန်သွားပါတယ်။ ဒါဆိုရင်တော့ T phase မှာ ပြဿနာ ရှိနေပါပြီ။ နောက်ပြီး insulation meter ကလည်း ပုံမှန် အလုပ်လုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။
စက်-၂ ကို 110V panel က breaker တွေပိတ်ကြည့်ချင်တယ် ပြောလိုက်တော့ Bridge ကို လှမ်း အကြောင်းကြားပေးပါတယ်။ Navigation equipment breaker ကလွဲရင် ကျန်တာတွေ ခဏပိတ်ကြည့်လို့ ရတယ် ပြောပါတယ်။ ဒါနဲ့ breaker တွေအကုန်လုံးတစ်ခုပြီး တစ်ခုပိတ်လိုက်ပါတယ်။ သူပြောတဲ့ Nav Eqp ကိုတော့ ချန်ထားရတာပေါ့။ အဲဒီအခါမှာ Insulation meter မှာ infinity ပြနေပါတယ်။ ကောင်းနေတယ်။ (ဒါဆို ကျန်တဲ့ breaker တစ်လုံးကို ပိတ်ကြည့်စရာ မလိုတော့ပါဘူး။)
ပြီးမှ Breaker တခုစီ ပြန်ဖွင့်ပြီး insulation ကျတဲ့ breaker တွေကို မှတ်ထားပြီး ပြန်ပိတ်ထားပါတယ်။။ ၄ နေရာမှာ fault တွေ့ပါတယ်။ (1) Galley ထဲက ရေနွေးအိုး ရယ်၊ (2) BT room က lighting ရယ်က 0 ohm အထိ ကျနေပါတယ်။ (3) Flood light နဲ့ (4) ER 2nd Dk distribution panel နှစ်ခုကတော့ 1 M ohm လောက်စီပါ။ အဲဒီ breaker ၄ ခုပိတ်ထားလိုက်တော့ ကောင်းနေပါတယ်။
အဲဒီအချိန် စက်-၂ က ပြောပါတယ်။ သူတို့စမ်းတော့ အခုလို အကုန်မပိတ်ပစ်ပဲ တစ်ခုချင်း ပိတ်ကြည့်၊ မထူးရင် ပြန်ဖွင့်။ အဲလိုစမ်းကြတယ် ဆိုပါတယ်။ ဒါကြောင့် အဖြေမတွေ့ကြတာပါ။ Fault / leakage က တစ်ခုထဲဆိုရင် အဲဒီနည်းက အဖြေရနိုင်ပါတယ်။ Fault တစ်ခုထက်ပိုသွားခဲ့ရင်၊ အထူးသဖြင့် 0 ohm လောက်ထိ ကျနေတဲ့ fault က တစ်ခုထက်ပိုနေရင် တစ်လုံး လွတ်တဲ့အချိန် ကျန်တဲ့တစ်လုံးက ပြန်ထိနေမှာမို့ မီတာရဲ့ pointer က လုံးဝ မလှုပ်တာမို့ အဖြေ ရှာမရဖြစ်နိုင်ပါတယ်။
Fault နေရာသိသွားပြီဆိုတော့ ကျန်တဲ့အပိုင်းက သိပ်စိတ်ဝင်စားစရာ မရှိပါဘူး။ BT room light က Ballast/choke ကနေ body နဲ့ ညိနေတာဆိုတော့ choke လဲလိုက်တော့ အဆင်ပြေသွားပါတယ်။ Galley ရေနွေအိုးကတော့ အထဲက ဖြစ်နေတာမို့ အသစ်လဲဖို့ ပြောခဲ့ပါတယ်။ 
Flood light က လည်း holder မှာ ရေငွေ့နဲ့ သံချေးလိုက်ပြီး ညိနေတာပါ။ လောလောဆယ် သန့်ရှင်းရေးလုပ်ပေးလိုက်တော့ ကောင်းသွားပါတယ်။ ပစ္စည်း အသစ်မှာပြီး လဲဖို့ အကြံပေးခဲ့ပါတယ်။
ER 2nd deck က distribution panel ကိုတော့ ထပ် ရှာကြည့်တဲ့အခါ lighting 8 point လောက်ပါတဲ့ circuit ကဖြစ်နေတာပါ။ အဲဒီထဲမှာ ထပ်စစ်ကြည့်တော့ Ballast အခြေက connector ပူပြီး ကြွေသွားလို့ ဖြစ်တာပါ။ Connector အသစ်လဲပေးလိုက်ပါတယ်။
အားလုံးပြီးတော့ စက်ချုပ်က လာပြောပါတယ်။ Report ရေးတဲ့အခါ အပြစ်ရှာဖွေရတာ ဘယ်လောက်ခက်တဲ့အကြောင်း သာသာထိုးထိုးလေး ရေးပေးပါတဲ့ဗျာ။
မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။
Saturday, 13 April 2019
OWS (2) - 15 ppm Function Check
[Unicode]
Tanker တစ်စီးမှာ Oily Water Separater (OWS) ရဲ့ 15 ppm Oil Content Monitor ကို စစ်ပေးဖို့ တက်ခဲ့
ပါတယ်။ အမျိုးအစားက Fellow Kogyo ကထုတ်တဲ့ Focas 1500C ပါ။ ဒီအမျိုးအစားက Function Test ကို သုံးတဲ့သူတွေပါ အလွယ်တစ်ကူ စမ်းကြည့်နိုင်အောင် Simulation Test လို့ရတဲ့ ခလုတ်လေး ထည့်ပေးထားပါတယ်။ ဒီတော့ စစ်ရတာ မခက်ပါဘူး။ ကျွန်တော့် အလုပ် (job scope) မှာ ပြင်ဖို့မပါဘူး။ စစ်ပေးပြီး ကောင်းမကောင်း မှတ်ချက်ပေး report ရေးပေးခဲ့ရုံပဲလို့ ပြောပါတယ်။ ဒီတော့ အေးဆေးပဲ ပေါ့။
ရောက်တာနဲ့ အဖြူစက်ချုပ်ကြီးက စက်ခန်း အောက်ဆုံးမှာရှိတဲ့ OWS ကို ပြပါတယ်။ လှေကားကနေ ဆင်းလာနေတုန်းက သူ့ကို မေးကြည့်တယ်။ ဘာပြဿနာရှိလဲ။ အလုပ် ကောင်းကောင်းလုပ်ရဲ့လား မေးကြည့်တော့ ကောင်းတယ်လို့ ပြောတာပဲ။ သူက OWS ကို run ထားပေးပြီး  Oil Concentration Detector လို့ခေါ်တဲ့ Bilge Alarm Unit လေးကို ဖွင့်တဲ့ Power ခလုတ်လေး ပြခဲ့ပါတယ်။ အလုပ်များနေလို့ သွားလိုက်ဦးမယ်ဆိုပြီး လစ်သွားပါတယ်။ 
Power မဖွင့်ခင် Sample water အဝင်လိုင်း valve ဖွင့်ထားရဲ့လား ကြည့်ပါတယ်။ ပြီးမှ power ဖွင့်လိုက်ပါတယ်။ Initialization တစ်မိနစ်လောက် စောင့်ပြီးတော့ ppm ပြတဲ့နေရာမှာ 1 ပဲပြနေပြီး Alarm မြည်သံတက်လာပါတယ်။ သေချာ ကြည့်လိုက်တော့ Oil Alarm နဲ့ Fault Alarm မီး နှစ်ခုလုံး လင်းနေတာ သတိထားမိပါတယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ 
Sample water က အရမ်း ညစ်ပတ်နေလို့များလား။ Sample line အဝင် valve ကို ပိတ်လိုက်ပြီး Fresh water အဝင်လိုင်းကို ဖွင့်လိုက်ပြီး ပြန်စမ်းပါတယ်။ ဒါလည်း အတူတူ ပါပဲ။ ဒါဆိုရင် ရေ pressure မပြည့်လို့များလား။ ဒီ အမျိုးအစားမှာ အဝင် ရေလိုင်းမှာ pressure regulator ပါပြီး pressure မပြည့်ရင် fault တက်ပါတယ်။ Inlet ပိုက်ကို နည်းနည်းလေး လျှော့ကြည့်တော့ အဆက်ကနေ ရေတွေ ထွက်လာပါတယ်။ ဒါဆို ပိုက်ပိတ်နေတာတော့ မဟုတ်တော့ဘူး။ Pressure မပြည့်တာကို ကျော်ကြည့်ချင်လို့ Manual ဆိုတဲ့ switch လေးကို ဖွင့်ပြီး ပြန်စမ်းကြည့်တာလည်း မထူးပါဘူး။ Manual ခလုတ်က pressure detection ကို ယာယီ လစ်လျူရှုပေးပါတယ်။
ထားပါတော့ အခု စမ်းလို့ မရဘူးဆိုတော့ ပျက်နေတယ် ပြောလိုက်ရမလား။ အဲဒီ panel ဘေးနားမှာ log book စာအုပ်လေး တစ်ခုတွေ့လို့ ယူဖတ်ကြည့်တော့ အပတ်စဉ် စမ်းထားတဲ့ မှတ်တမ်း ရေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံး စမ်းထားတဲ့ ရက်စွဲက ပြီးခဲ့တဲ့ ၆ လလောက်က ဖြစ်နေပါတယ်။ ဒါဆိုရင် တစ်ကယ်ပဲ ပျက်နေပြီလား။
ပျက်ရင် ပျက်တဲ့အတိုင်း ရေးခဲ့လို့ ဆိုပေမဲ့ စိတ်က မပြတ်ဘူးဖြစ်နေပါတယ်။ သူ့ရဲ့ deteting cell ကို clean လုပ်ပြီး ပြန်စမ်းကြည့်ချင်ပါသေးတယ်။ OMD 2005 လို စက်မျိုးတွေဆိုရင်တော့ Sample ဝင်တဲ့ ဖန်ပြွန်လေးကို အပေါ်က အဖုံးဖွင့်၊ ပုလင်းတိုက်တဲ့ brush လေးနဲ့ ထိုးပြီး အလွယ်တကူ ဆေးလို့ရပါတယ်။ ဒီစက်မျိုးကို တစ်ခါမှ မဆေးဖူးဘူး။ ဒါနဲ့ ECR ထဲပြန်တက်ပြီး စက်ချုပ်နဲ့ သွား စကားပြောကြည့်ပါတယ်။ စက်က Fault တက်နေတဲ့အကြောင်း၊ Cleaning လုပ်ပြီး ကြိုးစားကြည့်မယ်၊ မရရင်တော့ မကောင်းတဲ့အကြောင်းရေးခဲ့မယ်လို့ ပြောလိုက်ပါတယ်။ စက်ချုပ်မျက်နှာကတော့ မကောင်းဘူး။ သူ့အတွက် ဒီစက်ကောင်းကြောင်း ပြဖို့ လက်မှတ်က တစ်ကယ် စက်ကောင်းတာထက် ပိုအရေးကြီးနေပုံပါ။ ဘာပဲဖြစ်ဖြစ် သူ့ဆီက manual လေးတောင်းပြီး ဘယ်လို cleaning လုပ်ရမယ်ဆိုတာကြည့်ပါတယ်။ စိတ်ဝင်စားဖို့တော့ ကောင်းသား။
ဒီစက်မှာ တည်ဆောက်ပုံက ပိုကောင်းတယ်။ ဖန်ုပုလင်းလိုထဲ ထိုးထည့် clean လုပ်စရာမလိုဘူး။ Detector ရှေ့က ဖန် Widow လေးကို ဖြုတ်ပြီး လွတ်လွတ်လပ်လပ် ဆေးလို့ရပါတယ်။ သူတို့ အခေါ်တော့ Detecting Glass လို့ သုံးပါတယိ။ ဒါနဲ့ Screw လေး ၂ လုံးဖြုတ်လိုက်ပြီး Detector အုံလေးကို ဆွဲထုတ်လိုက်ပါတယ်။ ကြိုးတန်လန်းနဲ့ detector အုံထဲက bracket မှာ တပ်ထားတဲ့ ဖန်တုံးလေးကို ဆွဲဖြုတ်လိုက်ပါတယ်။ ခဲတံနောက်က ခဲဖျက်အရွယ်လောက်ပဲ ရှိပြီး o-ring အသေးလေးနဲ့ ကြပ်ထားတာပါ။ ဖန်သားထိပ်က ဝါကျင့်ကျင့်ဖြစ်နေတာ တွေ့ရပါတယ်။ Basin မှာသွားပြီး အစင်းမထင်အောင် အဝတ်နုနုနဲ့ ပွတ်ဆေးပေးလိုက်တော့ သန့်သွားပါတယ်။ ပြန်တပ်ပြီး စမ်းကြည့်တော့ အဆင်ပြေနေပါပြီ။ Fault alarm မတက်တော့ပါဘူး။ LED display မှာ 0 ppm ပြနေပါတယ်။ 
ဒါနဲ့ Simulation test လုပ်ကြည့်ပါတယ်။ တံခါးနောက် အောက်ခြေနားက ခလုတ် ၂ ခုမှာ Oil ဆိုတဲ့ ခလုတ်ကို ၃ စက္ကန့်လောက် ဖိထားလိုက်တော့ ppm တန်ဘိုးတွေ တစ်ဖြည်းဖြည်း တက်လာပြီး 15 ppm အရောက်မှာ Oil Alarm မြည်လာပါတယ်။ နောက် 3 way solenoid အလုပ်လုပ်ပါတယ်။ ဒါလောက်ဆိုရင် ရပါပြီ။ ကောင်းတယ်လို့ report ရေးပေးခဲ့ပါတော့တယ်။
မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။