Tanker တစ်စီးမှာ Incinerator မကောင်းလို့ သွားစစ်ပေးခဲ့တဲ့ အကြောင်းလေးပါ။ ဘာမှတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ အတွေ့အကြုံလေး တစ်ခု ပြန်ပြောပြတဲ့ သဘောပါပဲ။
ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့သူက ပြောပါတယ်။ ဒီပြဿနာကို အရင်တစ်ဖွဲ့ တက်ကြည့်ပြီးသွားပြီတဲ့။ သူတို့ရဲ့ report ကိုလည်း ပြပါတယ်။ PLC မကောင်းလို့ အသစ်လဲတပ်ပေးသွားတယ်တဲ့။ အခုတော့ Solid mode မှာ ကောင်းပြီး sludge mode မှာ မရဘူးပြောပါတယ်။ သူတို့ နောက်ဆက်တွဲ ရေးထားတဲ့၊ လဲရမယ့် ပစ္စည်းစာရင်းကြည့်လိုက်တော့ Temperature Controller တစ်ခု၊ Overload တစ်လုံး၊ Burner Pump တစ်ခုနဲ့ Solenoid တစ်ခု။ မနည်းမနောပါလား။ ဒီတော့ အဲဒါတွေ အကုန် လဲဖို့ တစ်ကယ်လိုရဲ့လားဆိုတာ ပိုင်ရှင်က မယုံဘူးလေ။ ဘာပစ္စည်းမှ မထည့်ပေးလိုက်ပဲ၊ တက်ကြည့်ခိုင်းပါတယ်။ပြီးမှ တစ်ကယ်လိုတဲ့ ပစ္စည်း ဝယ်ပြီး ပြန်တက်ကြဖို့ စီစဉ်ထားပါတယ်။ သင်္ဘောက နောက် တစ်ရက်လောက် ဒီဆိပ်ကမ်းမှာ ရှိဦးမယ်တဲ့။
သင်္ဘောပေါ်ရောက်တော့ ထင်တဲ့အတိုင်း ဖား စက်ချုပ်က မေးပါတယ်။ လိုတဲ့ ပစ္စည်းတွေ ပါလာသလားတဲ့။ အရင်ဆုံး စစ်ကြည့်ပြီးမှ လိုတာ မှာရမယ်ပြောတော့ လိုက်ပြပါတယ်။ Hyundai ရဲ့ Atlas Incinerator ပါ။ စက်-၂ က sludge mode မှာ မောင်းပြတဲ့အခါ Alarm တက်ပြီး ရပ်သွားပါတယ်။ Sludge Oil Low Temp နဲ့ Sludge Oil High Temp ဆိုတဲ့ Alarm နှစ်ခုပါ။
ကြားဖြတ်ပြီး Incinerator ဆိုတာလေး အကြမ်းဖျင်း ပြောပြချင်ပါတယ်။ အလွယ်ပြောရရင် မီးရှို့စက်ပေါ့။ ပတ်ဝန်းကျင် ရေညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းကမ်းချက်အရ ပင်လယ်ထဲကို အမှိုက်စွန့်ပစ်ရာမှာ ကန့်သတ်ချက်တွေရှိပါတယ်။ Foodwaste ကလွဲလို့ ကျန်တဲ့ ပစ္စည်တွေကို Recycle အနေနဲ့ သိမ်းချင်သိမ်း။ မလိုတာ အားလုံးကို မီးရှို့ပစ်ရပါတယ်။ မီးရှို့တဲ့ နေရာမှာ Mode ၂ မျိုး ခွဲထားပါတယ်။ အစိုင်အခဲတွေကို ရှို့တဲ့ Solid mode နဲ့ စွန့်ပစ် ဆီအညစ်အကြေးတွေကို ရှို့တဲ့ Sludge mode ပါ။ Incinerator ဆိုတာ တစ်ကယ်တော့ Boiler အသေးစားလေးပါပဲ။ ဒီတော့ boiler ရဲ့ process တွေနဲ့ အတူတူလို့ ပြောနိုင်ပါတယ်။ ဆီတွေကို pump တစ်ခုနဲ့ pressure ရအောင် ပန်းထုတ်ပေးမယ်။ Ignition electrode နဲ့ မီးခတ်မယ်။ ဆီနဲ့လေ အချိုးညီအောင် blower (သို့) exhaust line မှာ damper နဲ့ လေဝင်နှုန်းကို ထိန်းပေးမယ်။ ဒါတွေပါပဲ။ တစ်ခုပဲ ကွာတာက boiler မှာ ထွက်လာတဲ့ အပူကိုသုံးပြီး Steam pressure (သို့) Thermal Oil Temperature ထိန်းရတဲ့ စံနစ် အပိုပါတာပဲရှိပါတယ်။ ဒီမှာတော့ မီးလောင်ပြီးရင် ပြီသွားပြီလေ။
အခု Solid mode မှာ မီးတောက်တယ်၊ အလုပ် လုပ်နေတယ် ဆိုတော့ burner အပိုင်းက ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ Sludge mode မှာ ဘာပိုထူးလဲဆိုတော့ Sludge တွေ ခဲပြီး ပိတ်မနေအောင် အပူချိန်တစ်ခုအတွင်း ထိန်းထားရပါတယ်။ အခု ဒီမှာတော့ (60 - 100) ံC အတွင်း set လုပ်ထားပါတယ်။ ဆိုလိုတာက အပူချိန် 60 အောက် ရောက်ရင် Low Temp Alarm ၊ အပူချိန် 100 ကျော်သွားရင် High Temp Alarm လာရမှာပါ။ အခု sludge temp က low ရော high ရော alarm နှစ်ခုလုံး လာနေတယ်ဆိုတော့ တစ်ခုခု မှားနေပြီပေါ့။ Temperature Controller ကို ကြည့်လိုက်တော့ Display မှာ ဘာမှ မပြပါဘူး။ အဝင် power တိုင်းကြည့်တော့ 230V AC ရှိနေတယ်။ ဒါဆို Controller ပျက်နေတာတော့ သေချာပြီ။
ဒီအပိုင်းကို ခဏကျော်ပြီး ကျန်တာတွေ ကောင်း၊ မကောင်း စစ်ကြည့်ပါမယ်။ ဒီ controller မှာ Alarm 1, Alarm 2 နဲ့ Out 1 ဆိုတဲ့ output signal ၃ ခု ရှိပါတယ်။ ကြိုးတွေဆက်ထားတာ ကြည့်လိုက်တော့ Out 1 မှာ ဆက်မထားပဲ၊ AL1 နဲ့ AL2 မှာပဲ ဆက်ထားတာတွေ့ရပါတယ်။ အဲဒီ AL1 နဲ့ AL2 ကို common နဲ့ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဆိုလိုတာက Open ဖြစ်နေတာပေါ့။ အဲဒီ AL1 နဲ့ AL2 က controller ရဲ့ ပုံအရ Normally Open (NO) contact တွေ ဖြစ်နေပါတယ်။ NO က open ဖြစ်နေတာ ဘာလို့ Alarm တက်တာလဲပေါ့။ နောက်ပြီးမှ စဉ်းစားမိသွားတယ်။ ဒီလို controller တွေမှာ parameter setting ပေါ်မူတည်ပြီး function တွေ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အခု Open ဖြစ်နေတဲ့ AL1 နဲ့ AL2 ကို Com ကြိုးနဲ့ Short လုပ်ပေးလိုက်တော့ Alarm နှစ်ခုလုံး ပျောက်သွားပါတယ်။
ပြီးတော့ စက်ကို စခိုင်းလိုက်ပါတယ်။ Alarm မရှိတော့ initialization, purging စတဲ့ အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်သွားပြီး မီတောက်သွားပါပြီ။ Chamber temperature တစ်ဖြည်းဖြည်း တက်သွားတာ ခဏ စောင့်ကြည့်ပြီး ရပ်လိုက်ပါတယ်။ ဒါဆိုရင် ကျန်တဲ့ အပိုင်းတွေ ကောင်းတယ်ပေါ့။ အဓိက ပျက်တာက Temperature Controller တစ်ခုထဲ။ ဒါပေမဲ့ စက်ချုပ်က Overload ပါလဲပေးဖို့ ပြောပါတယ်။ တစ်ခါတလေ ပြဿနာပေးလို့တဲ့။
ဒါနဲ့ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ ရုံးကို အကြောင်းကြားပါတယ်။ ပစ္စည်းရှာဝယ်တဲ့ အစ်ကိုက Temperature Controller ကို အမျိုးအစားတူ ရှာလို့ မရနိုင်လို့ ဆင်တူတဲ့ တစ်ခြား brand တစ်ခု သုံးလို့ ရနိုင်သလားမေးလာပါတယ်။ သူ့ မူရင်း ပစ္စည်းက Nova ပါ။ သူတွေ့ထားတာက Panasonic KT4 controller လေး။ catalog ကိုရှာကြည့်တော့ Alarm နှစ်ခု (NO contacts) နဲ့ Out တစ်ခု ဆိုတော့ ကွက်တိပဲပေါ့။ ရတယ် ပြောလိုက်တယ်။
ပစ္စည်းတွေရလာပြီး လဲဖို့လုပ်ကြတော့ ဒုက္ခတွေ့ပါတော့တယ်။ Alarm က တစ်ခု ထဲပါတယ်။ Out တစ်ခု ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်က အဟောင်းမှာအတိုင်း Out ကို မသုံးပဲ Alarm နှစ်ခုကို သုံးမယ်လို့ စီစဉ်ထားတာ။ ပစ္စည်းမှားတာလား ပြန်စစ်တော့ မမှားဘူး။ Catalog ပြန်ကြည့်တော့မှ Alarm 2 က optional feature တဲ့ လိုလို့ အထူးမှာမှ ထည့်ပေးတာ။ Alarm တစ်ခု၊ Out တစ်ခုနဲ့ ဘယ်လို လုပ်ရပါ့မလဲ။
ဒီနေရာမှာ Alarm နဲ့ Out ရဲ့ ကွာခြားချက်လေး နည်းနည်း ပြောပြပါမယ်။ Alarm ဆိုတာကတော့ သတ်မှတ်တဲ့ တန်ဖိုးတစ်ခုထက် နည်းရင် (သို့) များရင် alarm ထုတ်ပေးမှာပါ။ Out ဆိုတာကတော့ အဲလို မဟုတ်ပါဘူး။ Set လုပ်ထားတဲ့ Temperature နဲ့ လက်ရှိတန်ဖိုး အနီး၊ အဝေးပေါ်မူတည်ပြီး PID parameter တွေအရ output / no output duty cycle တွေနဲ့ သင့်လျော်သလို ထုတ်ပေးမှာ ဖြစ်ပါတယ်။ Set point မရောက်ခင် On ဖြစ်လိုက် Off ဖြစ်လိုက် ဖြစ်နေမှာပေါ့။ ဒီတော့ ကျွန်တော်တို့ သုံးချင်တဲ့ အခြေအနေနဲ့ မဆီလျော်ပါဘူး။
ဒါနဲ့ instruction manual ကို အပြန်ပြန် အလှန်လှန်ဖတ်၊ parameter တွေ ချရေးပြီး Alarm ၁ ခု၊ Out ၁ ခု နဲ့ ရအောင်သုံးဖို့ ကြိုးစားရပါတော့တယ်။
( Controller parameter တွေအကြောင်း အသေးစိတ် သီးခြား တစ်ပုဒ် တင်ပေးပါမယ်။)
နောက်ဆုံးတော့ အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပါတယ်။ Overload ကိုလည်း လဲပေးလိုက်ပါတယ်။
အားလုံးပြီးလို့ ပြန်စမ်းကြတော့ Alarm တွေ မရှိပါဘူး။ Sludge mode မှာ မောင်းကြည့်တော့ မီးတောက်ပါတယ်။ စောင့်ကြည့်တော့ Temperature တစ်ဖြည်းဖြည်းချင်းတက်လာပြီး 700 ံ လောက်မှာ Sludge solenoid တွေ ပွင့်တဲ့ အသံကြားရပါတယ်။ ခဏနေတော့ Secondary Flame eye failure alarm တက်ပြီး ရပ်သွားပါတယ်။ စက်ချုပ်က သူ့မှာ Flame eye sensor အပိုရှိတာနဲ့ လဲတပ်ကြည့်ဖို့ ပြောပါတယ်။
Sensor အသစ်လဲပြီး စမ်းတော့လည်း အတူတူပါပဲ။ ဒါနဲ့ မီးတောက်နေတုန်း sludge valve မဖွင့်ခင် flame eye relay ကိုစောင့်ကြည့်တော့ မီးအစိမ်းလေး လင်းတာတွေ့ရပါတယ်။ ဆိုလိုတာက Flame ကို detect လုပ်နိုင်တယ်၊ sensor ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ PLC ရဲ့ secondry flame eye အဝင် channel ကြည့်တော့လည်း မီးလင်းပါတယ်။ ဒါပေမဲ့ sludge valve ဖွင့်လိုက်တဲ့အချိန်မှာ Flame eye relay ရဲ့ မီးစိမ်းလေး ငြိမ်းသွားတာတွေ့ရပါတယ်။
နောက်တစ်ခါ ထပ်စမ်းမယ်ဆိုပြီး စက်-၂ က လှေကားနဲ့ တက်၊ incinerator အမိုးပေါ်က flame eye sensor လေးကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး စက်စတဲ့အချိန် sensor ကို ဓာတ်မီးနဲ့ ထိုးထားပါတယ်။ စောင့်ကြည့်တဲ့အခါ sludge valve ဖွင့်ပြီးလည်း ငြိမ်းမသွားပဲ မီးဆက်တောက်နေတာ တွေ့ရပါတယ်။ ဒီတော့ ဘာကောက်ချက် ချနိုင်သလဲဆိုတော့ sludge ထည့်လိုက်တဲ့အခါ၊ မီးတော့ မသေဘူး၊ sludge ထဲက ရေတွေများလို့ မီးခိုးတွေ အရမ်း ထွက်ပြီး flame eye sensor window ကို ကြပ်ခိုးနဲ့ ပိတ်သွားတာလို့ ထင်ပါတယ်။ စက်-၂ က တွေ့နေကျမို့ သဘောပေါက်နေတာ ဖြစ်မယ်ထင်တယ်။ ကျန်တာ သူတို့ ဆက်လုပ်မယ်ပြောပါတယ်။ ဒါနဲ့ပဲ report ရေးပြီး ပြန်ခဲ့တော့ပါတယ်။
မှတ်ချက်။ ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။
No comments:
Post a Comment