Tuesday 24 November 2020

Generator (28) - Hyundai Genset Mystery 2

ဒီတစ်စီးကလည်း တော်တော်လေး ဒုက္ခပေး ခဲ့တဲ့ အတွေ့အကြုံလေးပါ။ အခြေအနေက ပြီးခဲ့တဲ့ တစ်ခုနဲ့ နည်းနည်း ဆင်ပါတယ်။ တစ်ကယ်တော့ တခြား ပြဿနာတွေတစ်ပုံတစ်ခေါင်းနဲ့ တစ်စစီ ရှင်းထုတ်ခဲ့ရပါတယ်။ အခေါက်ခေါက်အခါခါ သွားတက် ရှင်းပေးခဲ့ရပါတယ်။ PMS Control (Synpo-D) ကြွသွားတယ်၊ Supply transformer လောင်တယ်၊ Relay card (CMA-135) လောင်တယ်။ အဲဒီ ပြဿနာတွေ ရှင်းအပြီး DG3 ကို စမ်းမောင်းကြည့်ပါတယ်။

Volt က 570V နီးပါး ဖြစ်နေပြီး ညှိလို့ မရတော့ပါဘူး။ AVR နဲ့လည်း ညှိမရ၊ trimmer နဲ့လည်း ညှိမရ ဖြစ်နေပါတယ်။ Static Excitation ရဲ့ ဘယ်အပိုင်းက တင်ပေးနေတယ် မသိပါဘူး။ အမှန်ကတော့ ဒီလို Operating Voltage 450V လောက် ရှိတဲ့ Genset တွေမှာ AVR မပါဘဲ 470 - 520 V လောက် အတွင်း ရှိသင့်ပါတယ်။ ဒါမှ AVR က ထိန်းညှိနိုင်ပါတယ်။ ဒီ Range ကျော်သွားရင် AVR က မညှိနိုင်တာမျိုး ဖြစ်ပါတယ်။ အခု 570 V လောက် ဆိုတော့ အရမ်းမြင့်နေပါတယ်။ AVR spare ရှိတာနဲ့ လဲစမ်းကြည့်တော့လည်း မထူးပါဘူး။

သေချာအောင် တိုင်းစရာရှိတဲ့ component တွေ လိုက်တိုင်းပါတယ်။ SCR, static diode bridge, Resistor (R48) နဲ့ Capacitor တွေပါ။ အဲဒီမှာ SCR က open ဖြစ်နေတာ တွေ့ရပါတယ်။

ရုံးကို အကြောင်းကြားပြီးမှာလိုက်တော့ သူ့ original part မဟုတ်ဘဲ EMRI ကထုတ်တဲ့ AVR ရယ်၊ SCR ရယ် Diode Bridge နဲ့ (R48) resistor ရယ် တစ်တွဲထဲ ပါတဲ့ တစ်စုံလာပို့ပေးပါတယ်။ အဲဒါနဲ့ တစ်စုံလ​ုံး ဖြုတ်လဲ လိုက်ပါတယ်။ 

ပြန်စမ်းကြည့်တော့ Voltage လုံးဝ မထွက်တော့ပါဘူး။ တစ်ခုခုတော့ လွဲနေပြီ။ အဲဒါနဲ့ မသေချာလို့ SCR တစ်ခုထဲ ဖြုတ်​လဲပြီး တစ်စုံလုံး အဟောင်း ပြန်တပ်လိုက်ပါတယ်။ (နောက်မှသိရတာက EMRI ရဲ့ connector socket pin နေရာတွေက original socket နဲ့ မတူလို့ adaptor cable socket လေးနဲ့ ကြားခံ ဆက်ရတယ် ပြောပါတယ်) အခု မစမ်းခင် Voltage အရမ်းများနေလို့ AVR မထိအောင် AVR ကို ကြိုးဖြုတ်ထားပြီး ပြန်စမ်းပါတယ်။ AVR မပါဘဲ 590Vလောက် ထွက်နေပါတယ်။ ချက်ချင်းပြန်ရပ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ စစ်ကြည့်ပါတယ်။ 


ဒီတစ်ခါ ပြဿနာက Voltage နည်းတာမဟုတ်ဘဲ များနေတာဆိုတော့ Exciter နဲ့ generator ဘက်ကို သံသယ မဖြစ်မိပါဘူး။ ဒီ static excitation circuit ထဲကပဲ ဖြစ်မယ်လို့ ယူဆလိုက်ပါတယ်။ 

အခု Reactor (L1) ရယ်၊ Rectifier transformer (T6) ရယ်ကို တိုင်းကြည့်ပြီး တခြား DG တွေနဲ့ ယှဉ်ကြည့်ပါတယ်။ Tapping တွေစစ်ကြည့်ပါတယ်။ သိပ်မကွာပါဘူး။ ဘာလို့ Voltage များနေတာလဲ။ တိုတိုပြောရရင် ရှာလို့ဖွေလို့ မရတော့ Reactor (L1) ရဲ့ air gap လျှော့ပြီး Voltage 480V လောက် ချလိုက်ပါတယ်။ ပြီးမှ AVR တပ်ကြည့်တော့ 470V လောက် ရောက်လာပါတယ်။ ဒါပေမဲ့ Voltage က AVR မှာရော trimmer မှာပါ ညှိလို့ မရသေးပါဘူး။ Voltage ကို 450 လောက်ထိ ချပြီး စမ်းတော့လည်း AVR ကနေ အတင်အချ ညှိလို့ မရသေးပါဘူး။
ခေါင်းလည်း နည်းနည်း ပူသွားပြီ။ ကုန်းပတ်ပေါ်တက်။ လေအေးအေးလေး ရှူပြီး စိတ်အေးအေးနဲ့ ပြန်စဉ်းစားတယ်။ ဘာကျန်သွားလဲလို့။ အဲဒီတော့မှ ပြန်ပေါ်လာတယ်။ SCR မကောင်းလို့ လဲတပ်ပြီးတဲ့နောက် ကျန်တဲ့ Original parts တွေ ပြန်တပ်လိုက်တာဆိုတော့ AVR ကလည်း အဟောင်းပြန်တပ်ထားတာပဲ။ SCR တင် ပျက်တာ မဟုတ်ဘဲ၊ AVR လည်းထိသွားနိုင်တာပေါ့။ ဒါနဲ့ AVR အသစ် ပြန်လဲပြီး စမ်းကြည့်တော့မှ Voltage ညှိလို့ ရသွားပါတော့တယ်။ AVR မတပ်ခင် 480V လောက် ရအောင် ညှိထားပြီး AVR နဲ့ 450V ပြန်ညှိလိုက်ပါတယ်။ Trimmer နဲ့လည်း အတင်အချ ရသွားပြီဆိုတော့ ကြိုက်သလို စမ်းလို့ ရပြီပေါ့။

ဒါပေမဲ့ ဇာတ်လမ်းက ထင်သလောက် မရိုးစင်းလှဘူး။ Parallel ချိတ်ပြီး စမ်းမယ်။ ပြီးရင် Load ကို တစ်လုံးထဲ မောင်းစမ်းမယ်။ ဒါတွေက plan တွေ။ စတာနဲ့ ပြဿနာက ပေါ်လာပြီ။ လက်ရှိ DG1 မောင်းထားတယ်။ DG3 ကို No load voltage 455V ရအောင် trimmer နဲ့ ညှိလိုက်ပါတယ်။ synchro လုပ်ပြီး Parallel ချိတ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာ DG3 က ampere တွေ ထိုးတက်သွားတယ်။
DG1 တစ်လုံးထဲ မောင်းတုန်းက 360A လောက်ပဲ ရှိတယ်။ Parallel ချိတ်ပြီး ခဏအတွင်း DG3 က 500A ကျော်သွားတယ်။ အဓိပ္ပာယ်က Circulating Current လို့ ခေါ်တဲ့ DG1 ဆီကို ပြန်ပတ်စီးပြီး Reverse Power ဝင်သွားတဲ့ သဘောပါ။ အဲဒီအချိန်မှာ KW အများစုက DG1 မှာပဲ ရှိပါသေးတယ်။ ဒါနဲ့ DG3 ရဲ့ ACB ကို အမြန် Open လုပ်ချလိုက်ရပါတယ်။ Synpo-D Display မှာ တွေ့လိုက်မိတာက DG3 ရဲ့ Power factor (p.f) က အနှုတ်ပြနေပြီး DG1 ရဲ့ p.f က 0.9 ကျော်ပါတယ်။
ဒါဟာ DG3 ရဲ့ Voltage က DG1 နဲ့ ယှဉ်ရင် များနေတဲ့သဘော။ ဒီတော့ DG3 No load voltage ကို 450V လောက် ထားလိုက်တယ်။ လက်ရှိ DG1 ရဲ့ 160 KW လောက် Load နဲ့ Voltage က 450V လောက် ရှိတာ။ Load ဆွဲလိုက်ရင် DG3 Voltage ကျသွားဦးမှာ ပါ။ ဒီတစ်ခါ ပြန်စမ်းကြည့်တော့လည်း သိပ်မထူးပါဘူး။ DG3 မှာ Current အများကြီးတက်လာပြီး ACB ပြန် ဖြုတ်ချ လိုက်ရပါတယ်။
ဘာဖြစ်တာလဲ။ Load တက်လာတော့ Voltage မြင့်လာတာလား။ Load ပေါ်မှီတည်နေတာက Droop CT နဲ့ Droop compensation အပိုင်း။ Droop CT (T4) ရဲ့ terminal polarity ပြောင်းပြန် ဖြစ်နေလို့လား။ အဲလိုဆိုရင်လည်း ဖြစ်တတ်ပါတယ်။ Load တက်လာတာကို ပြောင်းပြန် feedback ပေးသလို ဖြစ်ပြီး AVR က Voltage set point တင်ပေးတာပါ။ ဒါနဲ့ T4 ကို အဝင်ကြိုး နှစ်စ ပြောင်းပြန် ပြောင်းထည့်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့လည်း မထူးပါဘူး။
နောက်တစ်ခါ DG3 No load voltage ကို Bus Voltage ထက် နိမ့်အောင် 445 လောက် ထားလိုက်ပါတယ်။ ဒီတစ်ခါတော့ parallel ချိတ်မိပြီး Load (KW) စယူတဲ့အထိ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ 50KW လောက် ယူပြီးတာနဲ့ Current ထိုးတက်သွားတာမို့ ဖြတ်ချလိုက်ရပြန်ပါတယ်။
ဘာဖြစ်တာလဲ။ Droop CT (T4) မကောင်းတာလား၊ Reactor (L1) ကြောင့်လား။ ဘယ်ကောင်က Excitation ကို တင်ပေးနေတာလဲ။
နောက်တစ်ခါ သိချင်တာနဲ့ No load running အခြေအနေမှာ Field output F1 နဲ့ F2 ကို Voltage တိုင်းကြည့်ပါတယ်။ Clamp meter နဲ့ current တိုင်းကြည့်ပါတယ်။ ကောင်းနေတဲ့ DG နှစ်ခုနဲ့ ယှဉ်ကြည့်ပါတယ်။ ကောင်းနေတဲ့ DG နှစ်ခုမှာ No load အနေအထားနဲ့ Field excitation output 14 V, Current 1.2A လောက် ထွက်ပါတယ်။ DG 3 မှာတော့ 8.7 V နဲ့ 0.8A လောက်ပဲ ရှိပါတယ်။
ကွာတော့ ကွာနေတယ်။ drawing ကို ကြည့်ပြီး စဉ်းစားပါတယ်။ ဘာကြောင့် Excitation နည်းနည်းလေး ပေးရုံနဲ့ Voltage ပိုထွက်နေရတာလဲ။ ဘာမှားနေလဲ။ 
ဒီတစ်ခါ static excitation circuit ထဲ အာရုံ စိုက်နေရာကနေ Generator ဘက်ကို သံသယ ဖြစ်လာပါတယ်။ Milli-ohm meter မပါလာလို့ Winding resistance ကိုတော့ မစစ်နိုင်ဘူး။ Rotating Diode တွေကိုတော့ စစ်ကြည့်ချင်ပါတယ်။ AC current leak ဖြစ်ပြီး Output voltage ပိုထွက်နေတာလား။ ဒါနဲ့ Rotating diode တွေ ဖြုတ်တိုင်းကြည့်ပါတယ်။ Diode တွေက ကောင်းနေပါတယ်။ ဒါပေမဲ့ နှစ်လုံးက ကြိုးဆက်တဲ့ Bracket လည်ပင်း ကျိုးနေတယ်။ ဖြစ်ချင်တော့ diode တွေအားလုံးကို copper ring နှစ်ခုနဲ့ တွဲဆက်ထားတာဆိုတော့ ကျိုးနေတာကို မမြင်သာပါဘူး။ diode ဖြုတ်ဖို့ Screw လျှော့လိုက်မှ Bracket အကျိုးလေးတွေ ထွက်ကျလာတယ်။ တစ်ခုမှာ arcing အရာ ခပ်မဲမဲ ဖြစ်နေတာ တွေ့ရပါတယ်။

သိထားတဲ့ theory နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ diode အားလုံး ၃ ခု ရှိတယ်။ နှစ်ခုက Bracket တစ်စစီ ကျိုးနေတော့ output excitation သုံးပုံ တစ်ပုံလောက် လျော့သွားရမှာ။ အခု ဘာလို့ များနေရတာလဲ။  ဘာပဲဖြစ်ဖြစ် Diode spare လည်းရှိတာမို့ အသစ် လဲကြည့်ပါတယ်။ performance ညီသွားအောင် ၃ ခုစလုံး လဲလိုက်ပါတယ်။

ပြီးတော့ ပြန်စမ်းကြည့်တဲ့အခါ Output Voltage 300V အောက် ကျသွားပါတယ်။ ဒါသဘာဝ ကျပါတယ်။ စောစောက ကျွန်တော်တို့ Reactor gap ချပြီး လျှော့ထားခဲ့တာကိုး။
အချိန်မရှိတော့လို့ အဲဒီနေရာမှာ ရပ်ခဲ့ရပါတယ်။ Super က ဘာ spare တွေ လိုသလဲ မေးတော့၊ လိုလိုမယ်မယ် Reactor (L1) ၊ Rectifier Transformer (T6) ၊ Droop CT (T4) သုံးမျိုး ရှာထားပေးဖို့ ပြောခဲ့ပါတယ်။ 
နောက်တစ်ခေါက် လာတဲ့ အခါ၊ ကျွန်တော်တို့ တက်စရာ မလိုတော့ပါဘူး။ သင်္ဘောပေါ်က ဓာတ်ကြိုးက အဲဒီ ပစ္စည်းတွေ လဲပြီး စမ်းကြည့်တာ အဆင်ပြေသွားတယ် ပြောပါတယ်။

ကောက်ချက် ချရရင်၊ ကျိုးနေတဲ့ Diode နှစ်ခုက လုံးဝ လွတ်နေတာ မဟုတ်ဘဲ arcing လို ဖြစ်ပြီး Voltage ပိုထွက်နေတာလို့ ယူဆရပါတယ်။ Diode အသစ်လဲပြီးလို့ Voltage ကျနေရာက Reactor (L1) အသစ်လဲလိုက်တော့ original gap အနေအထားနဲ့ အဆင်ပြေသွားတာလို့ ထင်ပါတယ်။ တစ်ခါတလေ theory တွေ၊ hypothesis တွေနဲ့ စဉ်းစားလို့ မပေါ်နိုင်တဲ့ Scenario တွေလည်း ရှိတတ်တယ်ဆိုတာ ပြောပြတာပါ။ 

ဝင်းအောင် (ပခုက္ကူ)
၂၅-၁၁-၂၀၂၀

Friday 20 November 2020

Generator (27-B) - Hyundai Genset Mystery 1

နောက်နေ့ သင်္ဘောပေါ်ရောက်တာနဲ့ မနေ့က ပြဿနာဖြစ်တဲ့ DG4 ကို မောင်းခိုင်းလိုက်ပါတယ်။ Voltage နဲ့ Frequency က ငြိမ်ပါတယ်။ ဒါကြောင့် လက်ရှိမောင်းနေတဲ့ DG1 နဲ့ parallel တွဲလိုက်ပါတယ်။ ဖြစ်ချင်တော့ DG လေးလုံးမှာ Capacity မတူကြပါဘူး။ DG1 နဲ့ DG2 က 3700 KVA လောက် ရှိပြီး DG3 နဲ့ DG4 က 2900 KVA လောက် ရှိပါတယ်။ အခု Capacity မတူတဲ့ DG နှစ်လုံးကို တွဲရမှာ ဖြစ်ပါတယ်။ အများစုသော PMS တွေမှာတော့ Capacity တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ Auto Load sharing မှာ KW တူအောင် ညှိလေ့ရှိပါတယ်။ ဒီ PMS ကတော့ load % တူအောင် ညှိတာ တွေ့ရပါတယ်။ ပိုပြီး သဘာဝကျပါတယ်။

အခုစက်နှစ်လုံးကို တွဲလိုက်တော့ Load 30% ဝန်းကျင်စီမှာ မောင်းနေကြပါတယ်။ p.f က မညီပါဘူး။ မနေ့ကလို trimmer လေးသုံးပြီး ညှိတော့လည်း တော်တော်များများ ညှိရပါတယ်။ ကြည့်ရတာ AVR ရဲ့respond နှေးနေတဲ့ သဘော ရှိပါတယ်။ p.f မတက်လာလို့ တော်တော်များများ လှည့်ပြီးတော့မှ တဖြည်းဖြည်း တက်လာတယ်။ ပြီးတော့ လွန်သွားပြန်ရော။ ညှိဖို့ မလွယ်လှပါဘူး။ စဉ်းစားကြည့်တော့ Respond နှေးတာရယ်၊ Long Oscillation လို့ ပြောနိုင်တဲ့ ဖြည်းဖြည်းချင်း ပြောင်းသွားတဲ့ အနေအထားတွေအရ PID control မှာဆိုရင် Gain(P) နဲ့ reset time (I) ကိုနည်းနည်း ညှိပေးရပါမယ်။ ဒီ AVR မှာ P ကို ကိုယ်စားပြုတဲ့ (K) ရယ်၊ I ကို ကိုယ်စားပြုတဲ့ (T) ရယ် preset နှစ်ခုကို နည်းနည်း ညှိပြီး ပြန်စမ်းတဲ့အခါ respond ပိုကောင်းလာပါတယ်။ ဒါပေမဲ့ load နည်းနည်း ပြောင်းတာနဲ့ p.f က တစ်ဘက် ဆွဲသွားတာမို့ trimmer နဲ့ လိုက်ညှိပေးရပါတယ်။ Capacity မတူတာရဲ့ effect ကြောင့်လား။ သေချာအောင် Capacity တူတဲ့ DG3 နဲ့ parallel မောင်းပြီး စမ်းတော့လည်း သိပ်မထူးပါဘူး။ 

ဒါကြောင့် Droop ကို သံသယ ဖြစ်ပါတယ်။ AVR ပေါ်က Droop setting ကတော့ 3% မှာ အတူတူ ထားပါတယ်။ 
ပထမ ဘာမှ မညှိခင် No Load voltage ကို အရင် ညှိပါမယ်။ DG3 နဲ့ DG1 ရဲ့ No Load voltage တွေ ကြည့်တော့ 6720V လောက် ရှိပါတယ်။ Load ဆွဲလိုက်မှ 6640V လောက် ကျသွားတာပါ။ ဒါနဲ့ DG4 ကို No Load voltage  6720V မှာ ထားလိုက် ပါတယ်။ DG3 နဲ့ parallel တွဲမောင်းလိုက်တော့ KW တူတဲ့အချိန် DG4 ရဲ့ p.f က အရမ်းကျနေတယ်။ DG3 ရဲ့ p.f က 1 အထိရောက်သွားတယ်။ ဒီတစ်ခါတော့ Trimmer ကနေ ပြန်ညှိဖို့ မလုပ်တော့ပါဘူး။ ညှိလိုက်ရင် No load voltage က မတူနိုင်တော့လို့ပါ။ 

အခု အဓိပ္ပာယ်က DG4 ရဲ့ Voltage က မြင့်နေတယ်ဆိုတဲ့ သဘောပါ။ No load voltage အတူတူ။ Active Load (KW) ဆွဲတာချင်း အတူတူမှာ DG4 က Voltage drop သိပ်မဖြစ်တာမို့ ယှဉ်လိုက်ရင် Voltage များနေပြီး သူ့ power factor (p.f) နိမ့်သွားရပါတယ်။ သူက Reactive load (KVAR) အများစုကို ယူလိုက်တဲ့ သဘောပါ။ ဒီတော့ KVAR နည်းသွားတဲ့ DG3 က p.f တက်သွားရတာပါ။ ကြာလာရင် reverse power ဖြစ်နိုင်တာမို့ DG4 ကို load လျှော့ပြီး ပြန်ရပ်လိုက်ရပါတယ်။ 
ဒီတစ်ခါ DG4 ရဲ့ Droop ကို 4% ထိ တင်လိုက်ပါတယ်။ ဆိုလိုတာက Voltage drop ပိုများစေချင်လို့ပါ။ ပြန်စမ်းတော့လည်း အခြေအနေ သိပ်မထူးပါဘူး။ Droop % ပြောင်းလိုက်တာ မသက်ရောက်သလို ဖြစ်နေပါတယ်။ ထပ်စဉ်းစားရပါပြီ။ သိချင်တာနဲ့  DG4 ရဲ့ No load voltage ကို 6660V လောက်အထိ လျှော့ချပြီး ပြန်စမ်းပါတယ်။ p.f က နည်းနည်းတော့ ပိုကောင်းလာပါတယ်။ ဒါပေမဲ့ သူ့ Current က များနေတယ်။ DG3 က 70A လောက် ဆိုရင် သူက 110A လောက် ဖြစ်နေတယ်။ (6.6KV ဆိုတော့  current က တော်တော်ဘနည်းတယ်နော်) ဒါတောင် သူ့ရဲ့ No load voltage ကို အများကြီး ချထားတာ။ သူ့ဘက်က Voltage drop မရှိသလောက် ဖြစ်နေတယ်။

Droop CT (T4) မကောင်းလို့လား။ ဘေးနားက DG5 မှာ Spare က အသင့်ရှိနေလို့ (T4) လဲကြည့်လိုက်ပါတယ်။ ပြန်စမ်းကြည့်တယ်။ အတူတူပဲ။ 
ဘာကျန်သေးလဲ။ AVR ရဲ့ Droop compensation အပိုင်း အလုပ်မလုပ်တာလား။ AVR အသစ်ရှိတာမို့ လဲကြည့်တယ်။ မ​ထူးခြားဘူး။
ပြဿနာက ရှင်းရှင်းလေးနဲ့ စားနေပြီ။ ထပ်စဉ်းစားကြည့်တော့ Compound CT transformer (T1, T2,T3) ကို တွေးမိတယ်။ သူက Load အနည်းအများပေါ်မူတည်ပြီး Ampere ကို boost လုပ်ပေးတာဆိုတော့ သူထုတ်ပေးတဲ့ Current များနေလို့ Voltage drop မဖြစ်တာလားပေါ့။ ဒါပေမဲ့ သိပ်တော့ မဖြစ်နိုင်ဘူး။ သူက load အပြောင်းမှာ voltage ဆက်ထိန်းပေးတာပဲ ရှိတယ်။ Final set voltage အနည်းအများက AVR ပေါ်က droop အပိုင်းက အဓိက ကျတယ်။ ဘာလို့ AVR က load sensing မရတာလဲ။  voltage မချပေးတာလဲ။ စဉ်းစားမရတော့ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို အဲဒီ (T1,T2,T3) ရဲ့ tapping တွေ ပြောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (T1,T2,T3) က တစ်ကယ်တော့ ၃ခု ပေါင်းထားတဲ့ Transformer ကြီး တစ်လုံးပါ။ T1 က U-phase ၊ T2 က V-phase ၊ T3 က W-phase ပေါ့။ အဲဒီ phase တစ်ခုစီရဲ့ secondary (output) မှာ Tapping လေးတွေ ရှိပါတယ်။ Phase တစ်ခုရဲ့ tapping ကို လျှော့ကြည့်ပါတယ်။ သိပ်မထူးပါဘူး။ ဒါနဲ့ စိတ်ပျက်ပြီး သူ့နေရာသူ ပြန်ထားလိုက်ပါတယ်။ 

ဘာလုပ်ရမလဲ တွေးနေတုန်းမှာ အတူပါတဲ့ ညီလေးတစ်ယောက်က လာပြောပါတယ်။ အစ်ကို U-phase အတွက် output တစ်စက V-phase ထဲက tapping တစ်ခုမှာ ဆက်ထားတာတွေ့တယ်တဲ့။ ဒါနဲ့ သွားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ဒါဆိုရင် U-phase output က close loop မဟုတ်တဲ့အတွက် Current မထွက်နိုင်တော့ပါဘူး။ ဖြစ်ချင်တော့ AVR ကို load sensing ပြန်ပေးတဲ့ Droop CT (T4) က အဲဒီ phase ရဲ့ ကြိုးကို သုံးထားပါတယ်။

ဒါဟာ အဖြေပဲပေါ့။ သူက Current မစီးရင် Droop CT က feedback zero ပြန်ပေးနေတော့ AVR က load ရှိမှန်းမသိလို့ Voltage ဘယ်ချပေးတော့မလဲ။ ဒီတော့ .. အဲဒီကြိုးကို မှန်အောင် ပြန်ဆက်ပေးလိုက်ပါတယ်။ AVR ပေါ်က droop ကို မူလအတိုင်း 3% ပြန်ထားလိုက်ပါတယ်။ DG4 ရဲ့ No load voltage ကို တခြားစက်တွေမှာလို 6720V ထားလိုက်ပြီး၊ ပြန်စမ်းကြည့်တော့ အဆင်ပြေသွားပါပြီ။ Genset နှစ်လုံးစလုံး Load အတူမှာ Current တူ p.f အတူတူနဲ့ တည်တည်ငြိမ်ငြိမ် run နေပါပြီ။ 
စိတ်ထဲမှာ ကျွန်တော်တို့ တင်ထားတဲ့ reactor gap ပြန်ချရမယ်ထင်တာ.. Voltage များမနေဘဲ ပုံမှန်မို့ ဒီတိုင်းပဲ ထားခဲ့ရပါတယ်။ 
အဝေးက ညွှန်ကြားသမျှ လိုက်စစ် ဖြုတ်တပ်လုပ်ရင်း ဓာတ်ကြိုးလေး ကြိုးမှားပြီး ပြန်တပ်ထားတာလို့ ထင်ပါတယ်။ ကိုယ်တွေတော့ တော်တော် လည်ထွက်သွားခဲ့ရပါတယ်။ Observance ဖြစ်တဲ့ ညီလေးကျေးဇူးကြောင့် အဖြေထွက်ခဲ့ရတာပါ။ ကျေးဇူးတင်ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၂၀-၁၁-၂၀၂၀

Wednesday 18 November 2020

Generator (27-A) - Hyundai Genset Mystery 1

 ခုရက်ပိုင်းအတွင်းမှာ ကျွန်တော့ကို ကောင်းကောင်း ဒုက္ခပေးသွားတဲ့ Hyundai ပုံစံလို့ အလွယ်ပြောကြတဲ့၊ Static Excitation ပါတဲ့ မီးစက် အရှုပ်တော်ပုံ နှစ်ခုကို ပြောပြချင်ပါတယ်။


ဒီမီးစက်က 6.6KV high voltage ပါ။ ပြဿနာက Voltage 6600 ရောက်အောင် တင်လို့ မရဘူးပြောပါတယ်။ အများဆုံး 6200V လောက်ပဲ တင်လို့ ရပါသတဲ့။ ညှိစရာတွေလည်း ကုန်နေပြီမို့ crew တွေလက်လျှော့ထားရပါသတဲ့။ email ထဲမှာ အဝေးက ညွှန်ကြားပြီး ခိုင်းသမျှ သင်္ဘောပေါ်က လိုက်လုပ် စစ်ဆေးထားတာတွေ အများကြီး တွေ့ရပါတယ်။ သင်္ဘောပေါ် ရောက်တော့ အဖြူ CE က အကျိုးအကြောင်း ပြောပြပြီး အဖြူ ဓာတ်ကြိုးလေးကို ကျွန်တော်တို့နဲ့ တွဲပေးလိုက်ပါတယ်။ အင်မတန် စိတ်ရှည်တဲ့ ဓာတ်ကြိုးလေးက ကျွန်တော်တို့ စမ်းချင်သမျှ အကြိမ်ပေါင်းများစွာ စက်မောင်း ကူညီပေးပါတယ်။ 

အစဆုံး စက်မောင်းပြီး စမ်းကြပါတယ်။ ကျွန်တော်တို့ စမ်းမောင်းတဲ့အချိန်မှာ Voltage လုံးဝ မပြတော့ပါဘူး။ ဒါနဲ့ Genset အဖုံးဖွင့် ကြိုးတွေ ဆက်ထားတာတွေ အကုန် စစ်ကြည့်ပါတယ်။ Static Excitation Circuit က Connection တွေဟာ Hyundai ရဲ့ ထုံးစံ Socket လေးတွေ နဲ့ စွပ်ထားတာမို့ ချောင်တာ ပြုတ်တာ မရှိအောင် ဂရုစိုက် စစ်ပါတယ်။ တစ်ပိုင်းစီ Continuity တိုင်းကြည့်တော့ ကောင်းနေပါတယ်။ မောင်းကြည့်တော့လည်း မထူးပါဘူး။ Voltage မထွက်သေးဘူး။
 

Circuit ကို ဖတ်ကြည့်တော့ De-excitation relay တစ်ခု (187X) ရှိပါတယ်။ အဲဒီ relay ကို စစ်ကြည့်တော့ စက်ရပ်ထားရင် On နေပြီး စက်မောင်းလိုက်တော့ Off ဖြစ်သွားတာ တွေ့ရပါတယ်။ ဒီ relay ဆွဲနေရင်လည်း Voltage ထွက်မှာ မဟုတ်ပါဘူး။ သေချာအောင် အဲဒီ relay contact တွေဆီ Star Point လာပေါင်းမယ့် ကြိုး သုံးချောင်းကို Terminal ကနေ ဖြုတ်ပြီး Tape ပတ်ထားလိုက်ပါတယ်။ ထပ်စမ်းကြည့်တော့လည်း Volt မထွက်သေးပါဘူး။
နောက်တစ်ဆင့် AVR ရယ်၊ SCR ရယ်၊ Static Rectifier Diode တွေ ရယ်ကို စစ်ပါတယ်။ SCR နဲ့ Bridge Rectifier ရယ်ကို တိုင်းကြည့်တော့ ကောင်းနေပါတယ်။ AVR ကို အဝင် Socket နှစ်ခု ဖြုတ်ထားလိုက်ပြီး ပြန်စမ်းကြပါတယ်။ AVR မပါရင် ပုံမှန်က voltage မြင့်နေရပါမယ်။ ဒါပေမဲ့ ကံမကောင်းပါဘူး။ Voltage က မထွက်သေးပါဘူး။ 


နောက်တစ်ခုက Main Panel မှာ Field Flashing Excitation ပေးဖို့ 24V source နဲ့ push button ရှိပါတယ်။ နောက်တစ်ခေါက် ထပ်မောင်းပြီး အဲဒီ push button နဲ့ နှိပ်ကြည့်တော့ 6700V လောက် ထွက်ပါတယ်။ ခဏနေပြီး ပြန်လွှတ်လိုက်တော့ Voltage ပြန်ပျောက် သွားပါတယ်။ ဒီတော့ Alternator အပိုင်းကို ကောင်းနေတယ်လို့ ယူဆထားလိုက်ပါတယ်။ Static excitation circuit ထဲက ဘယ်နေရာမှာ Voltage ပျောက်နေသလဲ ရှာကြည့်ရပါမယ်။
 
Static excitation အပိုင်းမှာ Compound transformer CT ဖြစ်တဲ့ T1, T2, T3 က Load ပေါ်မူတည်ပြီး excitation current ကို boost လုပ်ပေးမှာပါ။ Load မရှိချိန်မှာ သက်ရောက်မှု သိပ်မရှိပါဘူး။ ဒီတော့ သိပ်သံယမဖြစ်ပါဘူး။ Reactor (L1) ကတော့ No load အခြေအနေမှာ Excitation ပေးတဲ့ source ဖြစ်နေတာမို့ ပိုသံသယဖြစ်ပါတယ်။ ဒါနဲ့ Reactor L1 ကို လောလောဆယ် run မရ ဖြစ်နေတဲ့ DG5 က ယူပြီး လဲကြည့်ပါတယ်။ ဒါလည်း အဆင်မပြေသေးပါဘူး။ Capacitor Bank ကို တစ်ခုစီ Disconnect လုပ်ပြီး တိုင်းကြည့်တော့လည်း ကောင်းနေပါတယ်။


ကြားဖြတ်ပြောရရင် 6.6KV ဆိုပြီး တွန့်မသွားနဲ့ဦး။ Output Voltage 6600 ကို Step down 440V ပြောင်းပြီးမှ Static Excitation ထဲ ဝင်လာတာဆိုတော့ ကျွန်တော်တို့ ကိုင်ရတဲ့ အပိုင်းက သိပ် အန္တရာယ် မများပါဘူး။ ဘယ်နေရာ LV ဘယ်နေရာ HV ဆိုတာ အရင် သိအောင် လုပ်ထားရတာပေါ့။ HV အပိုင်းက အောက် တစ်လွှာမှာပါ။

ဘယ်နေရာမှ volt ပျောက်နေတာလဲ သိဖို့ အပိုင်းလိုက် ခွဲပြီး တိုင်းကြည့်ပါမယ်။ ဒါနဲ့ ကြိုး ၃ စကို Step down transformer အထွက်၊ Reactor (L1) အဝင်မှာ ချိတ်ပါတယ်။ နောက်ထပ် ၃ စကို Reactor (L1) အထွက်မှာ ချိတ်ပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ နောက်ထပ် တစ်နေရာ De-excitation relay ဆီသွားတဲ့ terminal ကနေ တိုင်းရင် Rectifier Transformer (T6) output ကို သိနိုင်ပါပြီ။ ဒါနဲ့ နောက်တစ်ခေါက် ထပ်စမ်းပါတယ်။ လိုက်တိုင်းကြည့်ပါတယိ။ အဲဒီမှာ Step down transformer (T9) အထွက်က 3 phase လုံး 50V ဝန်းကျင်လောက် ထွက်ပါတယ်။ ဒါဆိုရင် ပြန်တွက်ကြည့်လိုက်တော့ (T9) အဝင် Main winding ထဲမှာ 730V လောက် ရှိနေတဲ့သဘောမို့ Residual magnetism ပျောက်တာ မဟုတ်တော့ပါဘူး။ 
Reactor (L1) အထွက်က (5-10)V လောက်ပဲ ရှိပါတယ်။ (T6) အထွက်မှာတော့ 1V တောင် မရှိတော့ပါဘူး။ Volt က ဆက်မတက်လာတော့ပါဘူး။ 
ကျွန်တော့်စိတ်ထဲမှာ Loose contact ကို သံသယဖြစ်နေတုန်း။ ဟိုတုန်းကလည်း ဒီလို ကြုံခဲ့ဖူးတယ်လေ။ ဒါနဲ့ reactor နဲ့ ဆက်စပ်နေတဲ့ Socket တွေအားလုံးဖြုတ် ပလိုင်ယာလေးနဲ့ ညှစ်ပြီး ပြန်တပ်ပါတယ်။ ဒီတစ်ခါ ပြန်စမ်းတော့ 6200V လောက် တက်သွားပါတယ်။ စိတ်ထဲမှာ နည်းနည်းတော့ သက်သာသွားတယ်။ 
Generator ရှိတဲ့ floor က Main Switchboard နဲ့ ကနေ တစ်ထပ် အောက်ဆင်းရပါတယ်။ အပေါ်တက် အောက်ဆင်း တော်တော်လေး များနေပါပြီ။ စက်ကလည်း ရပ်လိုက်နှိုးလိုက် တော်တော် မောင်းလိုက်ရတယ်။ ဒါပေမဲ့ ခုမှ ပြဿနာရဲ့အစ ကနဦး သူတို့ပြောတဲ့ အနေအထား ရောက်ကာစပဲ ရှိသေးတယ်။ Voltage ကို MSB မှာ ရှိတဲ့ Trimmer နဲ့ အတင်အချလုပ်ကြည့်တယ်။ မရဘူး။ အခ​ုတော့ Genset နဲ့ နည်းနည်းယဉ်သွားပြီမို့ စက်မောင်းနေတုန်း အမိုးပေါ်တက်၊ AVR မှာ Voltage ညှိကြည့်တယ်။မရဘူး။ ချွေးပြန်လာပြီ။ စောစောက တိုင်းတဲ့ နေရာတွေ ပြန်တိုင်းကြည့်တော့ Step down transformer အထွက်က 415 V လောက်ရှိပါတယ်။ reactor အထွက်မှာ phase နှစ်ခုက 50V လောက် ရှိနေပြီး တစ်ခုက 90V လောက် ဖြစ်နေတယ်။ နောက်ဘက်က resistor (R48) က phase တစ်ခုမှာ ခွထားတာမို့ balance တော့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ (T6) ရဲ့ tapping တွေ ပြောင်းကြည့်ပါတယ်။ နည်းနည်းတော့ တက်လာတယ်။ (T9) အထွက်မှာ 430V လောက်ဆိုတော့ အပေါ်တက်ကြည့်တော့ 6500V လောက်ရနေပါပြီ။  ခုချိန်ထိ AVR မှာရော trimmer မှာပါ ညှိလို့ မရသေးပါဘူး။ ဒီ စနစ်မျိုးရဲ့ သဘာဝက AVR မညှိခင် operating voltage ထက် ပိုမြင့်နေမှ AVR နဲ့ ဆွဲချရတာဆိုတော့ နိမ့်နေတဲ့ Voltage မှာ AVR က ဘာမှ လုပ်မပေးနိုင်ပါဘူး။ ဒါနဲ့ ဟိုရှာဒီရှာ အဖြေရှာလို့ မရတော့ နောက်ဆုံး လက်နက် ဖြစ်တဲ့ Reactor Air Gap ကို ညှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Reactor အပေါ်က နတ် လေးလုံး ဖြုတ်ပြီး Core အပေါ်ခြမ်းကို မ လိုက်ရင် ကြားခံထားတဲ့ Fibre glass အပြားလေးတွေရှိပါတယ်။ အခုဟာက Volt နည်းနေတာဆိုတော့ နောက်ထပ် spacer အပြားထပ်ထည့်လိုက်ပါတယ်။ ပြန်မောင်းပြီး စမ်းကြတော့ (T9) အထွက်မှာ 460V လောက် ဖြစ်နေပါပြီ။ AVR ကလည်း ညှိလို့ရနေပါပြီ။ အပေါ်တက် MSB ထဲက Trimmer နဲ့ ညှိတော့လည်း အဆင်ပြေပါတယ်။
ကျွန်တော်တို့လည်း ပျော်သွားပါတယ်။ Parallel စမ်းချိတ်ကြည့်တော့ power factor နဲ့ Amp က မညီပါဘူး။ လောလောဆယ် Trimmer လေးနဲ့ ညှိလိုက်တော့ အဆင်ပြေသွားပါတယ်။ မိုးလည်းချုပ် ကုန်တင်ကုန်ချ လုပ်လက်စဖြစ်နေပါတယ်။ မနိုင်ခဲ့ရင် black out ဖြစ်နိုင်တာမို့ တစ်လုံးထဲ load တင်ပြီး မစမ်းသေးပါဘူး။ သင်္ဘောကလည်း နောက် နှစ်ရက်ရှိမှဆိုတော့ တခြားပြဿနာတွေလည်း ရှင်းရဦးမှာမို့ မနက်ဖြန်မှ ပြန်လာဖို့ ဆုံးဖြတ်ပြီး ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစက်မှာ ဦးဏှောက်စားစရာတွေ ထပ်ရှိဦးမယ်လို့ အဲဒီတုန်းက မသိခဲ့ပါဘူး။
ဆက်ရန်...

ဝင်းအောင် (ပခုက္ကူ)
၁၉-၁၁-၂၀၂၀