Monday, 20 January 2020

Miscellaneous Equipment (5) - Main Sheet Cylinder Problem

အမှန်တော့ ဒီပြဿနာမျိုးက သာမန် သင်္ဘောတွေမှာ ရှိမှာ မဟုတ်ပါဘူး။ ဇိမ်ခံ ရွက်သင်္ဘော သေးသေးလေးပေါ်က ပြဿနာပါ။ ဒါပေမဲ့ Trouble-shooting နဲ့ fault finding အတွေ့အကြုံကို လေ့လာနိုင်အောင် ရေးလိုက်ပါတယ်။

ဒီရွက်သင်္ဘောက စင်္ကာပူမှာ ကျွန်တော် ခဏခဏ တက်ခဲ့ရဖူးပါတယ်။ အခု Langkawi ရောက်နေတုန်း ပြဿနာပေါ်လို့ လှမ်းခေါ်တဲ့အတွက် သွားခဲ့ပါတယ်။ သူကြီးက စိတ်မချလို့ hydraulic သမားတစ်ယောက်ပါ ခေါ်ထားပါတယ်။ ပြဿနာ မကြည့်ရခင် လန်ကာဝီရဲ့ ရှုခင်းလေးနဲ့ ကမ်းစပ် မြင်ရတာ ကြည်နူးစရာပါ။ 

သင်္ဘောပေါ် ရောက်တော့ သူကြီးက ပြောပြပါတယ်။ Boom လို့ ခေါ်တဲ့ ပင်မရွက်ကြီး (Main Sail) လိပ်ထည့်ထားတဲ့ တန်းကြီးကို ထိန်းထားတဲ့ ကြိုးအတင်းအလျော့ လုပ်ပေးတဲ့ Cylinder က အလုပ်မလုပ်ဘူး ပြောပါတယ်။ 
အဲဒီ Cylinder ကို command ပေးတဲ့ ခလုတ် နှစ်ခုရှိပါတယ်။ In နဲ့ Out လို့ ရေးထားပါတယ်။ In ကို နှိပ်ရင် အလုပ်လုပ်တယ်။ ကြိုးကို ဆွဲတင်းသွားတယ်။ Out ကို နှိပ်ရင် အလုပ်မလုပ်ဘူး။ Cylinder မရွေ့တော့ ကြိုးက လျော့မသွားဘူး။ အဲလို ခလုတ်တွေက နှစ်စုံ ရှိပါတယ်။ စမ်းကြည့်တော့ အတူတူပဲ။ နှစ်နေရာလုံးက Out မရဘူး။  In ပဲ ရတယ်တဲ့။ ခလုတ်မကောင်းတာတော့ မဟုတ်ဖို့ များသွားပြီပေါ့။ Hydraulic ဘက်က ဖြစ်တာလား၊ electrical ဘက်ကလား မသိသေးဘူး။ သင်္ဘောက Dock က ဆင်းလာတာ မကြာသေးပါဘူး။ Dock ထဲမှာ Hydraulic ပိုက်တွေဖြုတ်ပြီး Boom ကို ဆေးသုတ်သေးတယ်ဆိုတော့ ပိုက်လိုင်းထဲ အဝတ်စလိုမျိုး တစ်ခုခုဝင်ပြီး ဆို့နေမှာ စိုးတယ် တဲ့။

ကျွန်တော်လည်း electrical drawing ဖတ်၊ Hydraulic သမားကလည်း သူ့ diagram တွေကြည့်ပေါ့။ ဒီသင်္ဘောလေးက သေးတော့ တစ်စီးလုံးက Hydraulic power pack ကို တစ်နေရာထဲမှာ ထားပါတယ်။ နောက်ပြီး pump တွေကို မောင်းထားပြီးမှ control တွေ စ သုံးတာမျိုး မဟုတ်ပါဘူး။ Hydraulic စံနစ် တစ်ခုခု သုံးတဲ့ အချိန်မှ လိုအပ်သလို pump တွေကို Auto မောင်းပါတယ်။
ပထမ Drawing ဖတ်ရင်း သူ့နေရာအလိုက် သူ့အသုံးအနှုံးတွေ မေးမြန်း လေ့လာရပါတယ်။ ရွက်အမျိုးမျိုး နဲ့ ပစ္စည်းတွေရဲ့ အခေါ်အဝေါ်တွေက စိမ်းနေပါတယ်။ Main sail, Back Stay, Spreader, Boom vang ... စတဲ့ အသုံးအနှုံးတွေ သိအောင် လုပ်ရပါတယ်။ ပြီးတော့မှ သူနဲ​့ဆိုင်တဲ့ Drawing လိုက်ကြည့်တော့ Junction box တစ်ခုထဲမှာ relay တွေ Timer တွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီ Junction box ကိုခက်ခက်ခဲခဲ ရှာဖွေဖွင့်ပြီး စစ်ကြည့်ပါတယ်။ Drawing နဲ့ အပြင် ကွာနေတာလည်း တွေ့ရပါတယ်။ ရှေ့ကလူတွေ modify လုပ်ပြီး ပုံမှာ ဖြည့်မဆွဲသွားတာတွေပေါ့။ Hydraulic နဲ့ တိုက်ကြည့်ပြီး နားလည်အောင်ကြိုးစားရပါတယ်။ ဒီ Cylinder ကို မောင်းတဲ့ စနစ်က သိပ်တော့ မရိုးစင်းလှဘူး။ ပထမ In နဲ့ Out ကို ထိန်းချုပ်ပေးတဲ့ Hydraulic solenoid နှစ်လုံးက ကြမ်းအောက် တစ်နေရာမှာရှိတဲ့ Manifold block တစ်ခုမှာ ရှိပါတယ်။ အဲဒီအထွက် ပိုက်နှစ်ချောင်းက ရွက်တိုင်အခြေမှာ လေးထောင့် တုံးတစ်ခုထဲဝင်ပြီး ပိုက်နှစ်ချောင်းနဲ့ထွက်။ Cylinder တစ်ဘက်ထိပ်စီမှာ ဆက်ထားပါတယ်။ ဒီလေးထောင့်တုံးမှာ Solenoid ငါးခု ဘေးက တပ်ထားပါတယ်။ 
In အချိန်မှာ ဘယ် Solenoid တွေပွင့်ပြီး Out အခြေအနေမှာ ဘယ် solenoid တွေ ပွင့်ရမယ်လို့ Hydraulic diagram မှာ ရေးပြထားပါတယ်။ 
အကြမ်းဖျင်း သိရပြီဆိုတော့ စမ်းကြပါတယ်။ သူကြီးက In/Out ခလုပ်နှိပ်ပေးတဲ့အချိန် J/B terminal မှာ ကျွန်တော်က Voltage တိုင်းကြည့်ပါတယ်။ Voltage တွေက terminal အထိတော့ ရောက်နေပါတယ်။ အဲဒီအချိန်မှာ Hydraulic သမားက စောစောက လေးထောင့်တုံးရဲ​့ Test port တစ်ခုမှာ Gauge တစ်ခုဆက်ပြီး Pressure ကြည့်ပါတယ်။ သူပြောတာက pressure မရဘူးတဲ့။ Zero bar ပြနေပါတယ်။ တစ်ခု သတိထားမိတာက In ခလုတ်နှိပ်တဲ့အချိန် Hydraulic pump တွေ လည်တဲ့ အသံကြားရပါတယ်။ Out နှိပ်တော့ Pump မလည်ဘူး။ ဒါဆိုရင် pump လည်ဖို့ Signal မရောက်တာလားမသိဘူးတဲ့။ Hydraulic ဆရာ ပုတ်ထုတ်လိုက်တဲ့ ဘောက ကျွန်တော့်ဆီ ရောက်လာပါတယ်။ 
ကျွန်တော် drawing ကြည့်၊ ကြိုးတွေလိုက်ကြည့်၊ ဘာတွေ ပြောင်းထားလဲ စဉ်းစား တော်တော်လေး စစ်ရပါတယ်။ Hydraulic pump မောင်းဖို့ control က တစ်ခြားနေရာက box တစ်ခုထဲမှာ ဆိုတော့ လိုက်ကြည့်ပေါ့။ ဒီလိုနဲ့ စစ်ကြည့်လိုက်ပြီး သေချာတော့ ပြောရတယ်။ ဒီစနစ်မှာ In အတွက် pump လည်ဖို့ လုပ်ထားတယ်။ Out မှာ pump လည်ဖို့ Signal မပေးထားဘူးလို့။ ဒီတော့မှ Hydraulic သမားက ဒါလည်း ဖြစ်နိုင်ပါတယ်တဲ့။ In မှာ ကြိုးကိုဆွဲဖို့ pressure လိုပေမဲ့ ပြန်လျှော့ ပေးတော့ အထွက်လိုင်းတွေ ဖွင့်ပေးလိုက်ရုံနဲ့ ရနိုင်တဲ့ ဒီဇိုင်း ဖြစ်မယ်ထင်တယ်တဲ့။
စောစောက သူပြောလို့ ရေလိုက်လွဲပြီး တစ်ခြားဟာတွေ ရှာနေရတာကြာသွားတယ်။ တစ်ကယ်ဆို ကျွန်တော် လုပ်နေကျအတိုင်း အလွယ်ဆုံးကို အရင်ရှာမလို့။ ဘာပဲဖြစ်ဖြစ် ပိုသိသွားတာပေါ့။ သူနဲ့ သဘောတူညီချက် ရပြီဆိုမှ စောစောက Solenoid ၅ လုံးကို မှန်မှန် အလုပ် လုပ်ရဲ့လား။ တပ်ထားတဲ့ Connector တွေ သူ့ဟာနဲ့သူ မှန်ရဲ့လား စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်နေရာထဲမှာ Solenoid ၅ လုံးရှိနေတော့ connector တွေ ဖြုတ်ကြည့်ပြီး ရောသွားနိုင်တဲ့ ပြဿနာလည်း ဖြစ်နိုင်ချေတွေထဲက တစ်ခုပါ။ နောက်ပြဿနာ တစ်ခု သတိထားမိတာက Electrical drawing မှာ ရေးထားတာက In နဲ့ Out ။ Hydraulic diagram မှာ ရေးထားတာက Trim နဲ့ Ease တဲ့။ အသုံးအနှုံးတွေကလည်းမတူပြန်ဘူး။ Out ခလုတ်နှိပ်ရင် ကြိုးလျှော့ပေးမှာဆိုတော့ Ease ဖြစ်မယ်။ In ဆိုတာ Trim ဖြစ်မယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ Electrical အရ In မှာ Energize ဖြစ်ရမယ့် solenoid က ၂ ခု Out မှာ Energize ဖြစ်ရမှာ ၄ ခု။ Hydraulic ပုံထဲက ဇယားနဲ့ လွဲ နေပါတယ်။ သူ့ကိုပြန်ပြောရတယ်။ ဒီအတိုင်းဆို Ease လို့ ရေးထားတာ In ဖြစ်ရမယ်လို့။ Trim က out ဖြစ်ရမယ်လို့။ 
နောက်ဆုံး လေးထောင့်တုံးမှာ Engrave လုပ်ထားတဲ့ နံပါတ်တွေအရ ဘယ် Solenoid တွေ အလုပ်လုပ်တယ် မလုပ်ဘူး စစ်ကြည့်ဖို့ ပြင်ပါတယ်။ သူက Connector တွေဖြုတ်ပြီး Volt တိုင်းထားမလားတဲ့။ သူ operate လုပ်ပေးမယ်ပေါ့။ ကျွန်တော့်မှာ ဒါထက် ပိုကောင်းတဲ့ အကြံရှိတယ်လို့။ 
ဒီနေရာမှာ ဒီနည်းလေးကို ပြန်မျှဝေချင်ပါတယ်။ တစ်ခါက ပြောဖူးပါတယ်။ အခု လက်တွေ့ အသုံးတည့်လာလို့ပါ။ Danfoss က ထုတ်တဲ့ Magnetic Tool ဆိုတဲ့ mobile apps လေးပါ။ (ပုံ ကြည့်ပါ။) သူက Magnetic Flux ကို တိုင်းကြည့်ပြီး solenoid Energize ဖြစ်မဖြစ် ပြပေးပါတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့ Test Pen လို သံထည် ပစ္စည်းတစ်ခုခုနဲ့ solenoid နား ကပ်ကြည့်ပြီး စမ်းခဲ့ကြတာပေါ့။ အခုဒီ apps လေးက ပိုတိကျပါတယ်။
ပထမ စမ်းမယ့် solenoid က DC 24V သုံးတာဆိုတော့ Apps မှာ DC ကို ရွေးလိုက်ပါတယ်။ လက်ရှိ ပတ်ဝန်းကျင်က Magnetic field ကို သူ sense လုပ်လို့ရတာ 30 uT လောက်ရှိပါတယ်။ ခလုတ်နှိပ်ခိုင်းပြီး Solenoid တစ်ခုကို ကပ်ကြည့်တော့ 400 uT လောက် ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် apps ရဲ့ sensitivity ကို ခန့်မှန်းချေ 250 uT လောက် set လုပ်လိုက်ပါတယ်။ 
ပြီးတာနဲ့  Solenoid ၅ ခုကို တစ်ခုစီ hand phone လေးနဲ့ လိုက်ကပ်ကြည့်တဲ့ အခါ Energize ဖြစ်နေတဲ့ အလုံးမှာ Apps က အနီရောင် စက်ဝိုင်းနဲ့ Active ဆိုပြီးပြပါတယ်။ ဒီနည်းနဲ့ စမ်းလိုက်တော့ In မှာ K3 နဲ့ K4 active ဖြစ်ပါတယ်။ Out မှာ K2, K4, K5 ပဲ Active ဖြစ်ပ်တယ်။ သူ့ ဇယားအရ Out မှာ Active ဖြစ်ရမယ့် solenoid တွေထဲက K1 တစ်ခု လျော့နေပါတယ်။ K1 solenoid ရဲ့ connector လေးဖြုတ်မယ်လုပ်တော့ သူ့ screw က နဂိုထဲက မရှိပါဘူး။ ဆွဲလိုက်တာနဲ့ အလွယ်တကူ ပြုတ်လာပါတယ်။ ကြုံတုန်း Solenoid coil တိုင်းကြည့်တော့ Resistance တစ်ခု (60 ohm လောက်) ပြပါတယ်။ ဒါဆို ကောင်းတယ်ပေါ့။ Loose connection ကြောင့် ဖြစ်ဖို့ များနေပါပြီ။ သေချာအောင် K2 solenoid က screw ကိုယူပြီး K1 မှာ ကြပ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ K1 Active ဖြစ်သွားပါပြီ။ ဒါနဲ့ လောလောဆယ် Screw မရှိတဲ့ connector ကို Cable Tie လေးနဲ့ ချည်လိုက်ပါတယ်။ 
ပြန်စမ်းကြည့်ကြတော့ In နဲ့ Out Cylinder က ပုံမှန် အလုပ် လုပ်သွားပါပြီ။ သူကြီးလည်း ကျေနပ်သွားပါတယ်။ ကျန်တာတော့ နောက်ပိုင်း လုပ်ရတာ လွယ်အောင် Marking တွေပေး၊ Drawing ကို mark-up လုပ်ပေးခဲ့ပါတယ်။

​ဒီနေရာမှာ ပြောချင်တာက ထုံးစံအတိုင်း စမ်းစရာတွေ အများကြီးရှိရင် လွယ်တာက စ စမ်းပါ။ နောက်ပြီး ဒီ Magnetic Tool ဆိုတဲ့ Apps လေးသုံးပြီး Solenoid Active ဖြစ်၊ မဖြစ် အလွယ် စမ်းနိုင်ပါတယ်ဆိုတာပါ။

ဝင်းအောင် (ပခုက္ကူ)
၂၀-၁-၂၀၂၀

Saturday, 4 January 2020

Steering Gear (3) - Cannot Operate in normal mode with pump 1

အခုရက်ပိုင်း ကံမကောင်းပါ။ Drawing မပြည့်စုံတဲ့ သင်္ဘောတွေနဲ့ ကြုံနေရပါတယ်။ ဒီသင်္ဘောက bunker barge သေးသေးလေး။ Crew တွေက အကုန်လုံး 'အ' တွေပါ။ Steering Gear ပြဿနာဆိုလို့ သွားစစ်ခဲ့ပါတယ်။ ပထမ တစ်ဖွဲ့ တက်စစ်ထားတယ်ဆိုပါတယ်။ အစတုန်းက ဘယ်အခြေအနေရယ်တော့ မသိပါဘူး။ ကျွန်တော်ရောက်တော့ ကျန်တဲ့ ပြဿနာက Bridge control ရဲ့ Normal mode မှာ pump 1 နဲ့ မောင်းလို့ မရဘူး။ Pump 2 နဲ့ပဲ မောင်းလို့ ရတယ်ဆိုပါတယ်။ Emergency mode မှာတော့ pump နှစ်ခုလုံးနဲ့ မောင်းလို့ ရတယ်ဆိုပါတယ်။ စမ်းပြပါတယ်။
အစဆုံး အကြမ်းဖျင်း စဉ်းစားကြည့်ပါတယ်။ emergency mode မှာ pump နှစ်ခုလုံး သုံးလို့ရတယ် ဆိုတော့ pump starter တွေ ကောင်းတယ်။ Cylinder နဲ့ hydraulic အပိုင်း ကောင်းတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆို emergency mode နဲ့ normal mode ဘာကွာလဲ။ သုံးတဲ့ solenoid တွေ တစ်လိုင်းစီလား။ Control က ဘာကွာလဲ။ အဲဒါတွေ စစ်ကြည့်ရပါမယ်။ Drawing တောင်းကြည့်တော့ မရှိပါဘူး။ Super ပို့ပေးထားတဲ့ one line drawing လေး တစ်ခုပဲ ရှိပါတယ်။ 
One line drawing ဆိုတော့ ဘယ် box ကနေ ဘယ် box ကို ကြိုး ဘယ်နှစ်ချောင်း ပြေးထားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အထဲက component တွေနဲ့ ကြိုးနံပါတ်တွေ မပါဘူး။ တစ်ဖြည်းဖြည်း အဖြေရှာရတော့ပါမယ်။ 
ပထမ System နဲ့ ကြိုးတွေ ပြေးထားပုံ လေ့လာရပါတယ်။ Bridge panel မှာ Pump start /stop switch တွေရယ် alarm indicator lamp တွေရယ် တွေ့ပါတယ်။ နောက် Normal / Emergency mode ရွေးတဲ့ selector switch ရယ်၊ Emergency Mode မှာ PS / Stbd မောင်းတဲ့ Lever လေးရယ်၊ Steering Handle ရယ် ရှိပါတယ်။ Steering Handle ကလည်း PS / Stbd ဆွဲတာပါပဲ။ တွေ့နေကျ Rudder Angle scale တွေနဲ့ Follow up mode မောင်းတာမျိုး မဟုတ်ပါဘူး။ ဒီတော့ ပိုရှင်းတာပေါ့။
နောက် SG room ထဲ ဆင်းသွားကြည့်ပါတယ်။ Pump နှစ်လုံး၊ Starter panel နှစ်လုံး၊ SG alarm box တစ်ခု Local Control box တစ်ခု ရှိပါတယ်။ Local ပြောင်းပြီး မောင်းကြည့်တော့ Pump နှစ်ခုလုံးနဲ့ မောင်းလို့ ရပါတယ်။ Hydraulic line တွေ လိုက်ကြည့်တော့ Pump 1 အခြေမှာ Solenoid တစ်စုံ (P & S) Pump 2 အခြေမှာ solenoid တစ်စုံ (P & S) ဒါပဲရှိပါတယ်။ Emergency mode အတွက် သီးခြား လိုင်း မရှိပါဘူး။ ဒါဆိုရင် ဒီ Solenoid နှစ်စုံလုံးကောင်းနေတယ်လို​့ ကောက်ချက်ချနိုင်ပါပြီ။

ပြဿနာက Emergency mode နဲ့ Normal mode ဘာကွာလဲ။ စဉ်းစားကြည့်တော့ power source မတူတာပဲ ဖြစ်နိုင်ပါတယ်။ ကြိုးတွေကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်၊ တိုင်းကြည့်ပါတယ်။ Power source တွေကြည့်တော့ Pump Starter box 1 နဲ့ 2 မှာ AC ကို step down လုပ်ပြီး rectifier နဲ့ 24VDC ထုတ်ပေးထားတာတစ်စုံစီရယ်၊ Local control box မှာ main DC24V အဝင် တစ်စုံရယ် တွေ့ပါတယ်။ Fuse တွေ အကုန်ကောင်းပါတယ်။ ကြိုးတွေလိုက်ပြီး Rudder End Limit switch တွေ စမ်းကြည့်တော့လည်း ကောင်းပါတယ်။
ဒါပေမဲ့ Drawing မရှိတော့ ဘယ်ကြိုးတွေ ဘယ်အတွက် ဘယ်လို သွားထားတာ အတိအကျ မသိပဲ စမ်းတဝါးဝါးမို့ အချိန်တော်တော်ကုန်သွားပါတယ်။ သတိထားမိတာက Bridge control panel ရဲ့normal mode မှာ pump 1 အတွက် power source ရယ် emergency mode အတွက် power source ရယ်မှာ Hull နဲ့ leakage ရှိနေတာ သတိထားမိပါတယ်။ ဒီ leakage ကြောင့်တော့ မဟုတ်နိုင်ဘူး။ emergency mode မှာ မောင်းရနေတာပဲ။ ဒီလိုနဲ့ မိုးချုပ်သွားလို့ ပြန်ဆင်းခဲ့ပါတယ်။ နောက်ရက်မှ ပြန်တက်မယ်ပေါ့။ System ကို ခပ်ရေးရေးတော့ သိနေပါပြီ။ ကြိုးတွေ အသေးစိတ်ပြန်လိုက်ရင် ရနိုင်ပါပြီ။
နောက်ရက် ပြန်တက်တော့ စာရွက်အလွတ်မှာ Drawing ဆွဲပါတယ်။ Selector switch တွေ အလုပ်လုပ်သလား စမ်းရင်း ကြိုးနံပါတ်တွေနဲ့ ပုံကြမ်း ဆွဲပါတယ်။ နောက် Local control box နဲ့ starter အဝင်အထွက်ကိုလည်း ဆွဲပါတယ်။ Alarm box ကိုတော့ မကြည့်တော့ပါဘူး။ 
နှစ်နာရီလောက် အချိန်ပေးပြီး ဆွဲလိုက်တော့ ပုံပေါ်သွားပါပြီ။ အဲဒီပေါ်  အခြေခံပြီး လိုက်ပါတယ်။ Pump 1 ရယ်၊ Pump 2 ရယ် က လာတဲ့ 24V power source တွေကို Normal mode မှာ သုံးထားပြီး၊ local control box က main 24V DC source ကိုတော့ Emergency mode မှာ သုံးထားတာ တွေ့ရပါတယ်။ Pump 1 ကလာတဲ့ 24V DC ကို Trace လိုက် တိုင်းကြည့်တော့ Bridge panel အထိ တက်သွားတာတွေ့ပါတယ်။ 
Bridge မှာ လိုက်ကြည့်မှ Normal / Emergency Selector switch မှာ ကြိုးမှားပြီး ဆက်ထားတာတွေ့ရပါတယ်။ Normal mode Pump 1 အတွက်  (+) အဝင်ကြိုးကို Emergency mode အတွက် source နဲ့ အတူ ပေးထားတာ တွေ့ရပါတယ်။ ဒီတော့ pump 1 normal mode အတွက် 24V ( + ) နဲ့ 0V ( - ) ဟာ မတူတဲ့ source နှစ်ခုက ဝင်ထားတာမို့ အလုပ်မလုပ်တာပါ။ ကြိုး အမှန် ပြန်ပြောင်း ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ DC 24V source သုံးခုနဲ့ ရွာလည်သွားတဲ့ အဖြစ်လေးပါ။ အရင် ဘယ်သူ့လက်ချက်နဲ့ ကြိုးမှားထည့်ထားတယ်တော့ မပြောတတ်ပါဘူး။

နောက် emergency mode အတွက်သုံးတဲ့ battery bank ကလာတဲ့ DC 24V source မှာ Hull နဲ့ leakage ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီ ပြဿနာတော့ job scope အပြင်ဘက်ကဆိုတော့ ထားခဲ့ပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၅-၁-၂၀၂၀

Friday, 3 January 2020

Brake Chopper and Brake Resistor

တချို့ AC induction motor တွေမှာ လိုအပ်တဲ့အချိန် ရပ်တန့်ဖို့ brake တွေပါလေ့ ရှိပါတယ်။ အဲဒီ brake တွေကတော့ စပရင် (spring) နဲ့ ကလပ် (clutch) အပြားကို တွန်းပြီး ပွတ်တိုက်အား (friction) နဲ့ မော်တာကို ရပ်စေပါတယ်။ အဲဒီ အမျိုးအစားကို mechanical brake လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် စပရင်တွန်းအားကြောင့် ဘရိတ်မိနေပြီး မော်တာ မလည်အောင် ထိန်းထားပေးပါတယ်။ မော်တာ မောင်းတော့မှ brake coil ကို power ပေးပြီး ဘရိတ်လွတ်အောင် လုပ်ရပါတယ်။ အဲဒါကိုတော့ fail safe အန္တရာယ်ကင်း စနစ်အရ လုပ်ထားပေးတာပါ။ ဒီနေရာမှာ brake coil နဲ့ electrical power ကို သ​ုံးပြီး အဖွင့်အပိတ်လုပ်ပေးရပေမဲ့ တစ်ကယ့် ဘရိတ်ဖမ်းတဲ့ ဆောင်ရွက်ချက်က Friction force ကိုသုံးထားတာမို့ mechanical brake လို့ ခေါ်တာပါ။
Electrical နည်းနဲ့ ဘရိတ်ဖမ်းတဲ့ နည်းတွေ ရှိပါတယ်။ အဲဒီထဲက တစ်ခုဖြစ်တဲ့ Brake Chopper နဲ့ Brake Resistor အကြောင်း အကျဉ်းချုံး ပြောပြချင်ပါတယ်။ ဒီစနစ်ကို Variable Frequency Drive (VFD) တွေမှာ သုံးပါတယ်။ အထူးသဖြင့် ပါဝါကြီး၊ load များတဲ့ မော်တာကြီးတွေမှာ သုံးပါတယ်။ မော်တာကြီးတွေ အရမ်းကြီးပြီး သူ့ရဲ့ဝန် (load) များတဲ့အခါ လည်ပြီးရင် အရှိန်တစ်ခုရှိပါတယ်။ VFD ကနေ speed ကို လျှော့ချပြီး ရပ်ဖို့လုပ်ပေမဲ့ ဝန်ရဲ့အရှိန်နဲ့လည်နေတဲ့ မော်တာရဲ့ rotor ကြောင့် မော်တာကနေ generator သဘောမျိုး ဖြစ်သွားပြီး လျှပ်စစ် ပြန်ထွက်လာပါတယ်။ ထွက်လာတဲ့ လျှပ်စစ်ကို ပြန်သုံးပြီး brake ဖမ်းတာပါ။ 
ကြားဖြတ်ပြီး VFD ထဲက တည်ဆောက်ပုံလေး အကြမ်းဖျင်း ပြောချင်ပါတယ်။ VFD မှာ အဝင် AC power ကို ပထမ Diode တွေ သုံးပြီး DC အဖြစ် ပြောင်းပေးပါတယ်။ အဲဒီ DC ရှိတဲ့ bar တွေကို DC bus လို့ ခေါ်ပါတယ်။ DC ကိုမှ လိုအပ်သလို IGBT transistor တွေသုံးပြီး AC အဖြစ် ပြန် ပြောင်းပေးပါတယ်။ အဲဒီ AC ရဲ့ frequency ပေါ် မူတည်ပြီး မော်တာရဲ့ speed ကို ထိန်းချုပ်တာပါ။ frequency နဲ့ speed ကတိုက်ရိုက် အချိုးကျတယ် မဟုတ်လား။ နောက်ပြီး V/f အချိုး ညီနေအောင် လိုအပ်သလို Output Voltage ကိုပါ ပြောင်းပေးပါတယ်။

စောစောက ပြောတဲ့ မော်တာရဲ့ အရှိန်ကြောင့် ပြန်ထွက်လာတဲ့ voltage (back emf) က VFD ရဲ့ DC bus voltage ကို လိုအပ်တာထက် ပိုမြင့်တက်လာစေတဲ့အခါ brake chopper circuit ကနေ switch လုပ်ပြီး DC bus ကို ပြင်ပ Resistor တွေနဲ့ ဆက်ပေးပါတယ်။ ဒီတော့ generator သဘောမျိုး ဖြစ်နေတဲ့ မော်တာမှာ အဲဒီ resistor တွေက electrical load ဖြစ်သွားပြီး မော်တာရဲ့ အရှိန်ကို လျော့ကျသွားစေပါတယ်။ ဒါကြောင့်မို့ Brake resistor လို့ ခေါ်ပါတယ်။ အဲဒီ resistor ဟာ ထွက်လာတဲ့ လျှပ်စစ်ပါဝါတွေကို စုပ်ယူပြီး အပူအဖြစ် ပြောင်းလဲပစ်တာမို့ အရမ်းပူပါတယ်။ ဒီတော့ ပန်ကာလို အအေးခံစနစ်တွေ တပ်ဆင်ထားရပါတယ်။

Brake resistor အပြင် တစ်ခြား electrical brake နည်းစနစ်တွေကတော့ Flux braking ၊ DC injection braking စတာတွေ ရှိပါသေးတယ်။ အသေးစိတ် မပြောတော့ပါဘူး။

ဝင်းအောင် (ပခုက္ကူ)
၃-၁-၂၀၂၀