Friday 25 October 2019

Bow Thruster (3) - Port Side Cannot Run Full Power


လောလော လတ်လတ် အတွေ့အကြုံလေး မမေ့ခင် ပြန်ရေးလိုက်တာပါ။ Bunker သင်္ဘောတစ်စီးမှာ BT ပြဿနာရှိလို့ သွားစစ်ခဲ့ပါတယ်။ သင်္ဘောပေါ်ရောက်တော့ သူကြီးက ပြဿနာကို ပြောပြပါတယ်။ Port ဘက်ကို Command ပေးရင် power တစ်ဝက်လောက်ပဲ ရတယ်လို့ဆိုပါတယ်။

ပထမ Wheel House Console ပေါ်မှာရှိတဲ့  Operating Panel ကိုပြပါတယ်။ Panel ပေါ်မှာတော့ လေးထောင့် မျက်နှာပြင် အခုံးမှာ Pointer အလျားလိုက် ရွေ့တဲ့ display နှစ်ခုရှိပါတယ်။ တစ်ခုက Rpm ကိုပြပါတယ်။ နောက်တစ်ခုက Ampere ကိုပြပါတယ်။ ဒီ BT အမျိုးအစားက Electric Motor drive ပါ။ သူကြီးက စမ်းပြပါတယ်။ ပထမဆုံး Control Request ဆိုတဲ့ ခလုတ်နှိပ်ပြီး ဒီ panel ရဲ့ control ကိုယူလိုက်ပါတယ်။ ပြီးတာနဲ့ Motor Start ခလုတ်နှိပ်လိုက်ပါတယ်။ အဲဒီအချိန် နဂိုက  0 (Neutral) ပြနေတဲ့ Rpm indicator က Port 400 Rpm လောက် ပြပါတယ်။ Ampere မီတာမှာတော့ 0 ပဲပြပါတယ်။ တစ်ကယ်တော့ Control Handle က Neutral မှာပဲ ရှိနေပါသေးတယ်။ ဒီ BT အမျိုးအစားက Controllable Pitch Propeller (CPP) မဟုတ်ပါဘူး။ Fixed Pitch Propeller (FPP) ဖြစ်ပါတယ်။ Motor ရဲ့ လည်တဲ့ Direction (forward / reverse) နဲ့ Rpm အနည်းအများကို သုံးပြီး Thruster လိုသလို ထိန်းချုပ်မောင်းတာပါ။ အခုပြနေတဲ့ Port 400 Rpm သာ အမှန်ဖြစ်မယ်ဆိုရင် Ampere က 0 မဖြစ်နိုင်ပါဘူး။ နောက်ပြီး သင်္ဘော ဦးပိုင်း မှာ ဘေးကို တွန်းထုတ်တာ မြင်နေရမှာပါ။ အခုတော့ ဘာမှ မရွေ့ပါဘူး။ ဒီတော​့ Rpm indicator ကအမှန်မပြတာ ပြဿနာ တစ်ခု ရှိနေပါပြီ။
နောက် သူကြီးက စမ်းမောင်းပြပါတယ်။ Stbd ဘက်ကို မောင်းတံ ဆွဲလိုက်တော့ Ampere တစ်ဖြည်းဖြည်း တက်လာပါတယ်။ အဆုံးဆွဲလိုက်တဲ့အချိန်မှာ 400 A လောက် ရှိပါတယ်။ အဲဒီအချိန်မှာ Rpm indicator က Stbd 250 လောက်မှာ ပြပါတယ်။ သင်္ဘောဦးကိုလည်း Stbd ဘက်ကို တွန်းထုတ်သွားတာ မြင်နေရပါတယ်။ သူကြီးက သူ့အတွေ့အကြုံအရ ဒါပုံမှန်လို့ ပြောပါတယ်။ Rpm indicator က Full scale (500) မှာ မပြပေမဲ့ အလုပ်လုပ်တာ Full power နဲ့ Stbd ဘက်တွန်းသွားတာ မှန်ပါတယ်တဲ့။ နောက် Neutral ပြန်ထားပြီး Port ဘက်ကိုဆွဲကြည့်ပါတယ်။ Ampere တစ်ဖြည်းဖြည်း ပြန်တက်လာပါတယ်။ အဆုံးထိဆွဲပြီးချိန်မှာ 200 A လောက်ပဲ တက်ပါတယ်။ Rpm indicator မှာတော့ Port 500 အဆုံးထိ ပြနေပါတယ်။ ခဏစောင့်ကြည့်တော့ သင်္ဘောဦးက Port ဘက်ကိုတွန်းတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရမ်းနှေးနေပါတယ်။ သူကြီး အတွေ့အကြုံအရ ပုံမှန်မဟုတ်ပဲ Power တစ်ဝက်လောက် လျော့နေတယ်ဆိုပါတယ်။ ဒါက ဒုတိယ ပြဿနာပေါ့။
ဒါနဲ့ သင်္ဘောဦးပိုင်း BT room ကို သွားကြည့်ပါတယ်။ BT room ထဲက Main deck level မှာ Motor Starter Cabinet တွေ့ပါတယ်။ ဖွင့်ကြည့်တော့ VFD (drive) နဲ့ Control Circuit တွေတွေ့ရပါတယ်။ တံခါးမှာ Ampere meter တစ်ခုလည်းတွေ့ရပါတယ်။ အောက်ဆုံးထပ် ဆင်းကြည့်တော့ အောက်ကို စိုက်ပြီး တပ်ထားတဲ့ မော်တာ ခပ်ကြီးကြီး တစ်လုံး၊ Coupling ခံဆက်ထားတဲ့ ဂီယာအုံတစ်ခုလည်းတွေ့ပါတယ်။ ဒီ ဂီယာက Vertical နဲ့ Horizontal ပြန်ပြောင်းပေးတာ ဖြစ်ပါလိမ့်မယ်။
သူကြီးက Radio တစ်လုံးပေးခဲ့ပြီး Bridge ကနေ စမ်းပြမယ်ဆိုပါတယ်။ ကျွန်တော်က မော်တာနားမှာ စောင့်ကြည့်ပြီး ပါလာတဲ့ အဖေါ်ကို အပေါ်က Cabinet မှာ Ampere စောင့်ကြည့်ခိုင်းပါတယ်။ သူကြီးက Stbd ဘက်ကို အဆုံး ဆွဲလိုက်ချိန်မှာ မော်တာလည်တာ အရမ်းမြန်ပါတယ်။ Cabinet မှာလည်း 400 A လောက်ပြပါတယ်။ နောက် Port ဘက် အဆုံးဆွဲတော့ မော်တာလည်နှုံး တစ်ဝက်လောက်ပဲ လည်ပါတယ်။ Cabinet မှာလည်း 200 A လောက်ပဲ ပြပါတယ်။
ခုချိန်မှာ ကောက်ချက်ချနိုင်တာက WH မှာပြတဲ့ Ampere meter က မှန်တယ်။ Port Side မှာ Power တစ်ဝက်ပဲ ဆွဲတယ်။ ဒါပဲ ရှိပါသေးတယ်။
Drawing ဖတ်ကြည့်တော့ Central Control Unit ဆိုတာ တစ်ခုရှိပါသေးတယ်။ လိုက်ရှာတော့ Bridge Console အောက်မှာ တွေ့ပါတယ်။ PLC ၂ ခုနဲ့ တစ်ခြား Component တွေ တွေ့ပါတယ်။ နောက်တစ်ခု သိချင်လို့ သူကြီးကို Emergency mode နဲ့ မောင်းခိုင်းကြည့်ပါတယ်။ အဲဒီ mode ကတော့ Port Side ခလုတ်နှိပ်ထားလိုက်တာနဲ့  Ampere တစ်ဖြည်းဖြည်း တက်သွားတာ 400 A လောက်မှာ ရပ်သွားပါတယ်။ ဒါက အမြင့်ဆုံး speed ဖြစ်သွားပါပြီ။ နောက် Stbd ဘက်ကိုစမ်းတော့လည်း ရပါတယ်။
စဉ်းစား ကြည့်ရအောင်။ Handle နဲ့ command ပေးတဲ့အခါ Port ဘက်မှာ Power တစ်ဝက်ပဲရတယ်။ Emergency Mode နဲ့ Port Side မှာ full power လည်နိုင်တယ်ဆိုတော့ Motor ရယ်၊ Drive ရယ် ပုံမှန် အလုပ်လုပ်တယ်ပေါ့။ ဒါဆိုရင် Command handle ကြောင့်လား၊ Feedback ကြောင့်လား၊ Control တစ်ခုခု ကြောင့်လား စဉ်းစားရပါပြီ။ Drawing ကို သေချာဖတ်ကြည့်ပြီး Control အလုပ်လုပ်ပုံကို နားလည်အောင် ကြိုးစားကြည့်ပါတယ်။ 
ဒီစနစ်မှာ Operating Panel ၃ ခုတောင် ရှိပါတယ်။ WH console မှာတစ်ခုနဲ့ Wing တစ်ဘက်စီမှာ တစ်ခုစီ ရှိကြပါတယ်။ အဲဒီ တစ်ခုစီက လာတဲ့ Command Potentiometer (resistance) signal ကို လက်ရှိ active control ဖြစ်နေတဲ့ Panel အတွက် relay တစ်ခုစီက ဆွဲပြီး Signal Transmitter တစ်ခု (B1.2) ကို ဝင်ပါတယ်။ အဲဒီကနေ 4-20 mA ထုတ်ပြီး PLC analog input မှာ ပေးပါတယ်။ PLC output ကနေ နောက် Signal Transmitter တစ်ခု (B1.3) ခံပြီး Motor Stater cabinet ကို 4-20 mA နဲ့ ပြန်ပေးပါတယ်။ နောက် Starter Cabinet က ပြန်လာတဲ့ Feedback signal ကိုတော့ တစ်ခြား Signal transmitter တွေဆီကတစ်ဆင့် +/- 10V ပြောင်းပြီး Rpm indicator တွေဆီ ပြန်ပေးထားပါတယ်။ (ပုံကြည့်ပါ။) ဆိုလိုတာက Control PLC မှာ feedback signal ပြန်မဝင်ထားဘူး။ Open loop control ပဲပေါ့။ Emergency mode မှာတော့ push button က လာတဲ့ command ကို PLC ဆီ မဝင်တော့ပဲ Starter cabinet ဆီ တိုက်ရိုက်ပေးထားတာ တွေ့ရပါတယ်။ 

ဒါဆို ဘယ်က စ စမ်းမလဲ။ လွယ်တာက စပြီး စမ်းပါမယ်။ အစဆုံး indicator ပြဿနာကို အရင်စစ်ပါမယ်။ Drawing အရ Starter Cabinet က  ပြန်လာမယ့် signal က Signal Transmitter (B1.4) ကို 4-20 mA ဝင်ပြီး 4-20 mA ၂ စုံ ပြန်ထွက်ထားပါတယ်။ အဲဒီ အထွက် ၂ စုံက 4-20 mA to +/- 10 V transmitter နှစ်လုံးဖြစ်တဲ့ (B1.5) နဲ့ (B1.6) ကို ဝင်ပါတယ်။ အဲဒီ အထွက်မှ Rpm indicator ၃ လုံးကို ဝင်ထားပါတယ်။ 
အခု မော်တာ ရပ်ထားချိန်မှာ 0 V ထွက်ရပါမယ်။ တိုင်းကြည့်တော့ တစ်စုံ(B1.6)မှာ -8V လောက် ထွက်နေပါတယ်။ အဲဒီ signal transmitter အဝင်မှာ mA တိုင်းကြည့်တော့ 12 mA လောက် ထွက်ပါတယ်။ ဒါဆို ဒီ (B1.6) မကောင်းတာပေါ့။ Zero နဲ့ Span ကို ညှိကြည့်ပေမဲ့ ဘာမှ မပြောင်းပါဘူး။ လောလောဆယ် သုံးရအောင် (B1.5) မှာ ပေါင်းထည့်လိုက်ပါတယ်။ Rpm indicator က Zero နားကို ရောက်သွားပါပြီ။ Adjustment နည်းနည်းလုပ်လိုက်တော့ Zero မှာ ပြနေပါပြီ။ Handle ဆွဲပြီး မောင်းကြည့်တော့ Ampere ဆွဲတာနဲ့ အချိုးတူ မှန်မှန်ကန်ကန် ပြပါတယ်။ ဒါဆို ပြဿနာ တစ်ခုတော့ ရှင်းသွားပါပြီ။ Port ဘက်က Power အပြည့် မရတဲ့ ပြဿနာပဲ ကျန်ပါတော့တယ်။

ဒီတစ်ခါ Control ကို Wing (Port) မှာ ပေးပြီး စမ်းမောင်းကြည့်ပါတယ်။ ပြဿနာက အတူတူ ပါပဲ။ Wing(Stbd) က မောင်းတော့လည်း အတူတူပါပဲ။ ဒါဆိုရင် Command handle နဲ့ မဆိုင်တော့ဘူး။ သေချာအောင် relay အဝင် ကြိုး ၃ စကို resistance တိုင်းထားပြီး Handle ကို ကစားကြည့်ပါတယ်။ Neutral မှာ 500 Ohm လောက် ရှိနေပြီး Stbd အဆုံးမှာ 20 Ohm လောက်၊ Port အဆုံးလောက်မှာ 980 Ohm လောက် ရှိပါတယ်။ Handle ဘက်က Potentiometer ကောင်းတာ သေချာပါပြီ။
ဒီတစ်ခါ B1.2 အထွက်မှာ mA တိုင်းထားပြီး Handle ကို ရွှေ့ကြည့်ပါတယ်။ Stbd 100% မှာ 4 mA လောက် ရှိပြီး Neutral မှာ 11 mA လောက် ရှိပါတယ်။ Port 100% မှာ 17 mA လောက် ပဲ ရှိပါတယ်။ ဒါဆို ပြဿနာက ဒါပဲပေါ့။ အမှန်က Port 100% မှာ 20 mA ဝန်းကျင် လောက် ရှိရမှာပါ။ Transmitter ပေါ်က Zero နဲ့ Span ကို လှည့်ကြည့်တော့လည်း ဘာမှ မပြောင်းပါဘူး။ ဒါနဲ့ ဒီပစ္စည်း မှာပြီး လဲဖို့ ရေးပေးခဲ့ပါတယ်။ 

နောက်ရက်မှာတော့ လိုတဲ့ spare က တရုတ်ပြည်က မှာရမှာဖြစ်တဲ့ အတွက်၊ local မှာ ရတာ တစ်ခုခုနဲ့ အစားထိုးဖို့ ဆုံးဖြတ်ကြပါတယ်။ PR universal controller (4116) မှာ 1 k ohm pot input / 4-20 mA output configure လုပ်ပြီး သွားတပ်ပေးလိုက်ပါတယ်။ အားလုံး ပြီးတဲ့အခါ စမ်းကြည့်တော့ အကုန် အဆင်ပြေသွားပါပြီ။

ဝင်းအောင် (ပခုက္ကူ)
၂၆-၁၀-၂၀၁၉

Tuesday 15 October 2019

Sensors and Transducers (5) - Flow meter


ဒီတစ်ခါ flow meter တွေအကြောင်း ပြောပြချင်ပါတယ်။ 
(a) Flow meter က အရည် (သို့) အငွေ့ တွေ flow rate ဘယ်လောက် နဲ့ စီးတယ်ဆိုတာ ပြပေးပါတယ်။ 
(b) Flow rate ပြရုံတင်မဟုတ်ပဲ analog တန်ဖိုး တစ်ခု output ထုတ်ပေးရင်တော့ Flow rate transmitter လို့ ပြောနိုင်ပါတယ်။ ဥပမာ (4-20) mA ထုတ်ပေးတာမျိုး။
(c) နောက် Flow rate တစ်ခုရောက်ရင် On/Off ပြောင်းပေးတဲ့ (Digital output) signal ထုတ်ပေးရင်တော့ Flow switch ပေါ့။

Flow rate တိုင်းတဲ့ နည်းပေါ်မူတည်ပြီး flow meter အမျိုးမျိုး ခွဲထားပါတယ်။ အသုံးများတဲ့ နည်းတွေကတော့”

1) Area Displacement (သို့) Positive Displacement Flow meter
2) Inferential Flow meter
3) Variable Area Flow meter (Rotameter)
4) Differential Pressure Flow meter
5) Mass Flow meter (သို့) Inertial Flow meter
6) Area Velocity Flow meter 
7) Vortex Flow meter
စတာတွေ ဖြစ်ပါတယ်။

1) Area Displacement (သို့) Positive Displacement Flow meter 
ဒီအမျိုးအစားမှာ အရည် ပမာဏ တစ်ခု ဖြတ်စီးတဲ့အခါ လည်သွား၊ ရွေ့သွားတဲ့ Mechanical part တစ်ခုခု ပါလေ့ရှိပါတယ်။ အဲဒီ အစိတ်အပိုင်းရဲ့ လည်ပတ်နှုံး /ရွေ့ရှားမှု  အကြိမ်အရေအတွက်ကို တိုင်းတာပြီး အရည်ရဲ့ Flow rate ကို တွက်ချက် ဖေါ်ပြပေးပါတယ်။
ဒီအုပ်စုထဲမှာမှ တည်ဆောက်ပုံပေါ် မူတည်ပြီး ထပ်ခွဲနိုင်ပါသေးတယ်။

a) Rotary Piston Type
   အရည် စီးဝင်တဲ့ လမ်းကြောင်းမှာ ခွက်တစ်ခု ခံထားပြီး အရည်တိုးဝင်လာတာနဲ့ အစိတ် အပိုင်း တစ်ခုက လည်ပြီး အထက်၊ အောက် ရွေ့လျားမှုကို ဖြစ်စေပါတယ်။ တစ်ကြိမ် အတက်အကျ ဖြစ်တိုင်း ခွက်ရဲ့ ပမာဏ အရည်ထုထည် ရွေ့လျားဖြတ်စီးတယ်လို့ သိနိုင်ပါတယ်။ ပိုက်ရဲ့ အပြင်ဘက်မှာ Magnetic Sensor တစ်ခုနဲ့ ခွက်ရွေ့လျားတဲ့ အကြိမ်ရေကို တွက်ပြီး Flow rate ကို သိနိုင်ပါတယ်။ (ပုံကြည့်ပါ)

b) Vane Type
  အညီအမျှပိုင်းထားတဲ့ အကန့်လေးတွေ ပါပြီး အရည်တိုးဝင်လို့ လည်သွားတဲ့ အပေါ်မှာ ထုထည်ကို တွက်ယူပါတယ်။ အပတ်အရေအတွက် တိုင်းတဲ့ Sensor Output ကို မူတည်ပြီး ဖြတ်စီးတဲ့ အရည်ထုထည်ပေါ်ကနေ Flow rate ကို တွက်ထုတ်ပါတယ်။

c) Meshing Rotor (သို့) Lobe Type
   အင်္ဂလိပ် ဂဏန်း 8 ပုံ လည်နိုင်တဲ့ lobe နှစ်ခုပါဝင်ပါတယ်။ အရည် ထုထည်ကို lobe အပတ်ရေကနေ တွက်ထုတ်ပြီး တစ်ဆင့် Flow rate ကို ရစေပါတယ်။


d) Reciprocating Piston Type
   အရည်ရဲ့ တွန်းအားကြောင့် piston တစ်ဘက်ကို ရွေ့သွားစေပါတယ်။ အဲဒီအခါ slide valve နေရာ ရွေ့သွားတဲ့အတွက် အရည် inlet port ဘက်ပြောင်းသွားလို့ piston ပြောင်းပြန် ပြန်ရွေ့စေပါတယ်။ ဒီနည်းနဲ့ piston ရွေ့တဲ့ အရေအတွက်ကို Sensor နဲ့ ဖမ်းပြီး တွက်ထုတ်တဲ့ နည်းပါ။
e) Fluted Spiral Gear Type
    ဒီမီတာမှာ ကြောင်လိမ်ပုံ rotor နှစ်ခုက အချင်းချင်း gear လို ချိတ်ထားပြီး အရည်တွန်းအားနဲ့ လည်စေပါတယ်။ အဲဒီကတစ်ဆင့် counter ကို လည်စေပြီး အရည်ရဲ့ Flow rate ကို တွက်ထုတ်ပေးပါတယ်။ တိကျပြီး ဓာတ်ဆီဆိုင်တွေမှာ သုံးလေ့ ရှိတယ်ဆိုပါတယ်။

f) Nutating Disc Type
   ဒီအမျိုးအစားက Rotary Piston နဲ့ အလုပ် လုပ်ပုံ ဆင်ပါတယ်။ ဒါပေမဲ့ ဒီမှာ ပါဝင်တာက အပြားတစ်ခုက အရည်ရဲ့ စီးအားကြောင့် လှိုင်းပုံ ရွေ့ပြီး လည်သွားအောင် လုပ်ထားပါတယ်။ (ပုံ ကြည့်ပါ) အဲဒီ လည်တဲ့ အပတ်ရေကတစ်ဆင့် Flow rate ကို တွက်ထုတ်ပေးပါတယ်။ 

2) Inferential Flow meter
ဒီအမျိုးအစားမှာ Flow ကို တိုက်ရိုက် မတိုင်းပဲ တစ်ခြား ဂုဏ်သတ္တိတစ်ခုက တစ်ဆင့် ဆက်သွယ်တွက်ချက်ပြီး တိုင်းတာတဲ့ နည်းဖြစ်ပါတယ်။ များသောအားဖြင့် Flow ကြောင့် ဖြစ်လာတဲ့ rotation speed တိုင်းတဲ့နည်း၊ Main Flow Line ကနေ ခွဲထုတ်တဲ့ Shunt Line ကို တိုင်းတဲ့ နည်း စတဲ့ တစ်ဆင့်ခံ တိုင်းတာနည်းတွေသုံးတဲ့ အမျိုးအစားတွေပါ။ ။ ဒီအုပ်စုမှာလည်း တည်ဆောက်ပုံအရ ထပ်ခွဲနိုင်ပါသေးတယ်။

a) Turbine Rotor Type
b) Rotary Vane Type
c) Helical Turbine Type
d) Rotary Shunt Type

အသေးစိတ် မပြောပြတော့ပါဘူး။ ပုံလေးတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်။

3) Variable Area Flow meter (Rotameter)
ဒီအမျိုးအစားမှာ Float type နဲ့ Spring ပါတဲ့ Tapered Plug type ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အများစုကတော့ Float type တွေ ဖြစ်ပါတယ်။

Float Type မှာ တစ်ဘက်ရှူးတဲ့ ပြွန်ကို ထောင်ထားပြီး အထဲမှာ plug ထည့်ထားပါတယ်။ အရည် မစီးတဲ့အချိန် plug က gravity နဲ့ အောက်မှာ ကျနေပါမယ်။ အောက်ကနေ စီးဝင်လာတဲ့ အရည်ရဲ့ တွန်းတင်တဲ့ ပမာဏ အပေါ် မူတည်ပြီး Flow rate ကို သိနိုင်ပါတယ်။ Vertical Scale တွေကို ဖတ်ပြီး Flow rate သိနိုင်သလို Plug position ကို sense လုပ်တဲ့ Electronic ပစ္စည်းတွေ တပ်ထားပြီး output ထုတ်ယူနိုင်ပါတယ်။ Float type ဆိုတဲ့အတွက် ထောင်ရက်ပဲ တပ်လို့ ရတယ်ဆိုတဲ့ ကန့်သတ်ချက် ရှိပါတယ်။
Spring နဲ့ တွန်းထားတဲ့ Tapered Plug type မှာတော့ ထောင်ရက်တင်မဟုတ်ပဲ အဆင်ပြေတဲ့ orientation နဲ့ သုံးနိုင်ပါတယ်။ သုံးတဲ့ အရည် အမျိုးအစားပေါ်မူတည်ပြီး Plug design တွေ ကွာခြားမှုရှိပါတယ်။
4) Differential Pressure Flow meter
ဒီအမျိုးအစား Flow meter တွေမှာ Bernoulli’s Equation ကို အခြေခံထားပါတယ်။ တည်ဆောက်ပုံက ပိုက်တစ်နေရာမှာ အတားအဆီး တစ်ခုထားပြီး အဲဒီ ရှေ့နဲ့ နောက်မှာ Pressure တိုင်းပြီး Differential Pressure ကို ရှာပါတယ်။ Bernoulli’s Equation မှာ ပြောထားတာက Flow တစ်ခုမှာ အတားအဆီး ကြောင့် Pressure ကျသွားခဲ့ရင် အဲဒီ Differential Pressure ဟာ  Flow rate နှစ်ထပ်ကိန်း နဲ့ အချိုးညီတယ်လို့ ဆိုပါတယ်။ 
ဒီ Flow meter အုပ်စုမှာလည်း တည်ဆောက်ပုံအရ အမျိုးအစား ထပ်ခွဲနိုင်ပါသေးတယ်။
a) Orifice Plate Type 
   အပေါက်ပါတဲ့ Plate တစ်ခုကို အရည်စီးဆင်းတာကို ခုခံတဲ့ အနေနဲ့ သုံးထားပါတယ်။ Plate ရဲ့ ရှေ့နဲ့ နောက်ဘက်မှာရှိတဲ့ Pressure ခြားနားချက်ပေါ်မူတည်ပြီး တွက်ထုတ်ပါတယ်။

b) Venturi Tube Type
    အရည်စီးဆင်းတဲ့ ပိုက်တစ်နေရာမှာ ကျဉ်းသွားတဲ့ လည်ပင်းနေရာတစ်ခု ထည့်ထားပါတယ်။ အဲဒီ လည်ပင်းနေရာက Pressure နဲ့ အဝင် Pressure ကို နှိုင်းယှဉ်ထားပါတယ်။
c) Flow Nozzle Type
   အတားအဆီး နေရာမှာ နောက်ဘက်ကို လှည့်ထားတဲ့ Nozzle လေး ထည့်ထားပါတယ်။ Pressure အနိမ့်ဆုံးနေရာဖြစ်တဲ့ Nozzle အထွက်နေရာနဲ့ အဝင် Pressure ကို နှိုင်းယှဉ်ထားပါတယ်။ 

d) Pilot Tube Type
    Flow လာတဲ့ဘက်ကို မျက်နှာမူထားတဲ့ Tube ထဲက တက်လာတဲ့ Pressure နဲ့ Main Pipe ရဲ့ Static Pressure ခြားနားချက်ကို မူတည်ပြီး Flow rate တွက်ထုတ်ထားပါတယ်။

5) Mass Flow meter (သို့) Inertial Flow meter
ဒီအမျိုးအစားမှာတော့ ဖြတ်စီးသွားတဲ့ အရည်ရဲ့ ထုထည် (volume) တိုင်းမယ့်အစား အလေးချိန် (mass) ကို တိုင်းပြီး ထုထည်ကို ပြန်တွက်ယူထားကါတယ်။ Density တူတဲ့ အရည်တွေမှာ mass နဲ့ volume က အချိုးတူတာမို့ပါ။ ဒါပေမဲ့ အပူချိန်နဲ့ ဖိအား ပြောင်းလဲရင် အဲဒီ အချိုးက ပြောင်းတတ်တဲ့ အားနည်းချက်တော့ ရှိပါတယ်။ ဒီအုပ်စုမှာ ပါတဲ့ အမျိုးအစာဒတွေကတော့ - 

a) Coriolis Flow meter
    အရည်တစ်ခု ပိုက်ထဲကို ဖြတ်စီးနေတုန်းမှာ rotational force တစ်ခုကို အပြင်ကနေ ထည့်ပေးလိုက်ရင် centrifugal acceleration ကြောင့် အရည်ရဲ့ mass အနည်းအများအလိုက် ထွက်လာတဲ့ vibration ကွာခြားတာကို အခြေခံထားပါတယ်။ Coriolis flow meter မှာတောင် Curved tube နဲ့ Straight Tube ဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။

b) Thermal Dispersion Flow meter
    ဒီအမျိုးအစားမှာတော့ အပြင်ကနေ heat source တစ်ခု ထည့်ပေးလိုက်ပြီး စီးဆင်းမှုကြောင့်လျော့သွားမယ့် Differential Temperature ကို တိုင်းထားပါတယ်။ စီးဆင်းမှုများရင် heat loss များမှာ ဖြစ်ပါတယ်။ များသောအားဖြင့် gas flow rate တိုင်းရာမှာ သုံးကြပါတယ်။ ဒီ အမျိုးအစားမှာလည်း immersible type နဲ့ capillary tube type ဆိုပြီး ရှိပါသေးတယ်။ 
စက်ရုံတွေမှာ သုံးတဲ့ Mass Flow Controller (MFC) ဆိုတာ ဒီအမျိုးအစား flow rate တိုင်းတဲ့ စနစ်နဲ့ Electronic control valve ပေါင်းထားတာပါ။

6) Area Velocity Flow meter
ဒီအမျိုးအစား flow meter တွေမှာ အရည်ရဲ့ ရွေ့ရှားမှုကို တိုင်းတာပြီး ပိုက်ရဲ့ အဝဧရိယာနဲ့ ထုထည် တွက်ထုတ်နိုင်ပါတယ်။ အရည်ထဲမှာပါတဲ့ အမှုန်တွေ ပူပေါင်းလေးတွေရဲ့ ရွေ့လျားမှုကို sense လုပ်ဖို့ သုံးတဲ့ နည်းပညာအရ Ultrasonic wave ၊ Optical ၊ Electromagnetic  စတဲ့ နည်းတွေနဲ့ တိုင်းတာပါတယ်။


နောက်တစ်ခု Open Channel လို့ ခေါ်တဲ့ ပိုက်အပြည့် စီးတာမဟုတ်ပဲ ပိုက် တစ်ဝက်တစ်ပြက် (သို့) မြောင်း တစ်ခုမှာ စီးတဲ​့ flow rate တိုင်းတဲ့ စနစ်တွေမှာ အရည်ရဲ့ Velocity အပြင် အရည်ရဲ့ အနက် (depth) ကိုပါ တိုင်းပြီး တွက်ထုတ်ပါတယ်။

7) Vortex Flow meter
အရည်စီးတဲ့ လမ်းကြောင်းမှာ bluff လို့ခေါ်တဲ့ ခုခံမှု ပစ္စည်းတစ်ခုထားလိုက်ရင် ဖြတ်စီးသွားတဲ့ ကြား channel တစ်လျောက်မှာ Vortex လို့ခေါ်တဲ့ ဝဲကတော့ လေးတွေ ဖြစ်သွားပါတယ်။ Vortex အရေအတွက်ဟာ Flow rate နဲ့ အချိုးတူပါတယ်။ ဒါကြောင်​့ Vortex အရေအတွက်ကို တိုင်းပြီး flow rate ကို တွက်ယူပါတယ်။ Vortex တစ်ခု ဖြစ်တိုင်း အရည်ပေါ်က Pressure ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒီတော့ pressure sensor နဲ့ pressure အနည်းအများ ပြောင်းလဲတဲ့ အကြိမ်ရေ တစ်နည်းအားဖြင့် vortex frequency တိုင်းတာပါတယ်။

တခြား အမျိုးအစားတွေလည်း ရှိပါသေးတယ်။အရမ်းများသွားတာမို့ ဒီလောက်ပဲ ပြောပြလိုက်ပါတယ်။ 

Calibration 
Flow meter ကို calibrate လုပ်ချင်ရင် တိကျတဲ့ Standard Flow meter တစ်လုံးနဲ့ ပိုက်တစ်ဆက်ထဲ Series ချိတ် တိုင်းရပါတယ်။  
များသောအားဖြင့် Workshop မှာ ယူပြီး calibrate လုပ်ပါတယ်။ 
အရည်မှာ သုံးတဲ့ flow meter ကို on site မှာပဲ အလွယ် calibrate လုပ်ချင်ရင်တော့ အရည်ကို ဖြတ်စီးစေပြီး container အလွတ်တစ်ခုနဲ့ ခံထားပါ။ အချိန်တစ်ခုမှာ ရတဲ့ထုထည်အပေါ်ကနေ တွက်ထုတ်ပြီး ပြန်တိုက်ကြည့်နိုင်ပါတယ်။ Real time adjustment လုပ်ရတာမဟုတ်တော့ ပိုခက်ခဲပြီး တိကျမှု နည်းပါတယ်။
Adjustment တွေကတော့ များသောအားဖြင့် Zero နဲ့ Span ကို ညှိပေးရတာပါပဲ။ ထုတ်ပေးမယ့် output အမျိုးအစားအလိုက် (ဥပမာ 4-20 mA) တိုင်းထားပြီး အနိမ့်ဆုံးနဲ့  အမြင့်ဆုံး အတွက် တိုင်းတာ calibrate လုပ်ရပါတယ်။

Flow Switch တွေမှာတော့ Set point မှာ trigger output ထွက်မထွက် စစ်ပြီး လိုအပ်သလို ညှိပေးရပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၁၅-၁၀-၂၀၁၉



Friday 4 October 2019

Fire Alarm (8) - DC Bus Error



သိပ်တော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ပြောလိုက်ရင် ဒါလေးများဆိုပြီး ဖြစ်သွားမယ့် ပြဿနာလေးပါ။ မတွေ့ဖူးသေးတဲ့ သူတွေအတွက် စဉ်းစားရလွယ်အောင် ပြောပြပါမယ်။
Bunker barge တစ်စီးပေါ်မှာ fire alarm system ပြဿနာ ရှိလို့ သွားကြည့်ရပါတယ်။ အမှန်တော့ ကျွန်တော်က follow up လုပ်ပေးရတာပါ။ ရှေ့တစ်ဖွဲ့ တက်စစ်ထားပြီး Smoke detector တစ်ခု မကောင်းလို့ အသစ်လဲဖို့ recommand လုပ်ခဲ့တယ် ပြောပါတယ်။ System က Addressable Type ဖြစ်ပြီး သင်္ဘောပေါ်မှာ address ထည့်ဖို့ programming device မရှိလို့ Detector အသစ်မှာ address ထည့်ခိုင်းထားပြီး သွားတပ်ပေးရတာပါ။ အလုပ်က အရမ်းရိုးရှင်းလို့ စိတ်တောင် မဝင်စားပါဘူး။
ဒါနဲ့ Address ထည့်ပြီးသား Detector အသစ်ကို သင်္ဘောပေါ် ယူသွားပါတယ်။ သင်္ဘောပေါ် ရောက်တာနဲ့ မကောင်းတဲ့ detector နံပါတ် 16 ကို လဲလိုက်ပါတယ်။ ပြီးတာနဲ့ Bridge မှာရှိတဲ့ Fire Alarm Panel ကို Reset လုပ်လိုက်ပါတယ်။ System က တရုတ် လုပ်တဲ့ Addressable Type ဖြစ်ပြီး Bridge Console မှာ Mount လုပ်ထားပါတယ်။ ပြန်စပြီး စောင့်ကြည့်တဲ့အခါ Alarm တစ်ခုပဲ ရှိပါတယ်။ DC Bus error တဲ့။

Panel အောက်ကို ဖွင့်ကြည့်လိုက်တော့ Sensor input loop နှစ်ခု ရှိပါတယ်။ Loop တစ်ခုမှာ အထွက်ကြိုး နှစ်ချောင်း၊ ပြန်ဝင်တဲ့ ကြိုး နှစ်ချောင်း စုစုပေါင်း Loop တစ်ခုမှာ ကြိုး ၄ ချောင်း ရှိပါတယ်။ နောက်တစ်ခု သတိထားမိတာက ဒီစနစ်ရဲ့ ဒီဇိုင်း။ Panel အထွက်မှာ isolator unit တွေ တန်းစီ ရှိနေပါတယ်။ Loop တစ်ခုစီရဲ့ အဝင်ရော အထွက်မှာ isolator တစ်ခုစီ ထည့်ထားပါတယ်။ တိုင်းကြည့်တော့ Sensor လဲလိုက်တဲ့ Loop မှာ အဝင်ရော အထွက်ပါ Voltage မရှိပါဘူး။ တစ်ခြား loop မှာတော့ အဝင်ရော အထွက်ပါ 24V DC ရှိပါတယ်။
System ဘက်က ဖြစ်တာလား Loop ထဲက ဖြစ်တာလား သိရအောင် အဲဒီ loop ရဲ့ အဝင်၊ အထွက် ကြိုး ၄ ချောင်းလုံး ဖြုတ်လိုက်ပြီး reset လုပ်လိုက်ပါတယ်။ နောက်ပြီး ပြန်တိုင်းကြည့်တော့ Panel ဘက်က အဝင်အထွက် terminal နှစ်စုံလုံးမှာ 24V ထွက်နေပါတယ်။ ဒါဆိုရင် Loop ထဲမှာ Short ရှိနေတဲ့ သဘောပေါ့။ တစ်ခါ ထပ်ပြီး partitioning လုပ်ချင်လို့ သူ့ isolator နှစ်ခု
ရဲ့ အထွက်ကြိုးတွေ မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Panel နဲ့ isolator တွေ ကြားက ကြိုးတွေကို ပြန်ဆက်လိုက်ပါတယ်။ Isolator နှစ်ခုရဲ့ အထွက်မှာ Voltage တိုင်းကြည့်တော့ 24V ရှိနေပါသေးတယ်။ ဒါဆို isolator တွေကြောင့်လည်း မဟုတ်တာ သေချာ သွားပါပြီ။
တစ်ခါ အခုဖြုတ်ထားတဲ့ Loop ဘက်က ကြိုးနှစ်ချောင်းကို တိုင်းကြည့်တော့ short မရှိပါဘူး။ ကြိုးတစ်စစီနဲ့ ground နဲ့ တိုင်းကြည့်တော့လည်း earth leakage မရှိပါဘူး။ ဒါဆို ပြဿနာ ဘယ်က လာတာလဲ။ မသိဘူး။ လိုက်ရှာကြည့်ရမှာပဲ။ Power မရှိပဲ တိုင်းကြည့်လို့ မရဘူးဆိုတော့ loop ထဲက Safety barrier တစ်ခုခု အပြင်ဘက်က ဖြစ်နေတာလား။ စဉ်းစားစရာပါ။ Loop က ဘယ်နေရာတွေ ပါလဲဆိုတော့ accommodation နဲ့ fore castle နေရာက point တွေပါ ပါတယ်။ အဲဒီထဲမှာ Bosun store နဲ့ paint store လည်း ပါတယ်။ များသောအားဖြင့် paint store အဝင်မှာ safety barrier ရှိတတ်တယ်။ တစ်ပိုင်းစီ ဖြတ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီတော့ ပြန်အဝင် ကြိုး နှစ်စကို ဖြုတ်ထားပြီး mess room အဝင်က Sensor တစ်ပွိုင့်ကိုလည်း ဖြုတ်လိုက်ပါတယ်။ ကျန်တဲ့ကြိုးတွေ အရင်အတိူင်း ပြန်တပ်ကြည့်ပြီး Panel မှာ reset လုပ်ကြည့်တော့ DC bus error တော့ မရှိတော့ဘူး။ Sensor point ၁၂ ခုမှာ No response ဆိုတဲ့ fault တွေ ပေါ်နေပါတယ်။ Loop fault လည်း​ပြ နေပါတယ်။ နောက်တစ်ဆင့် Bosun store အဝင်ဝက Sensor ကိုဖြုတ်။ စောစောက Mess room အဝက Sensor ​ပြန်တပ်ကြည့်တော့ DC Bus error မတက်ပဲ၊ no response fault ၅ ပွိုင့်လောက် နဲ့ loop fault ကျန်သေးတယ်။ 
အဲလိုနဲ့ တစ်ဖြည်းဖြည်း ရှာလိုက်တာ Sensor တွေ ကုန်သွားတယ်။ Fault ဘယ်နေရာက ဆိုတာ ရှာမတွေ့ဘူး။ Paint store အဝင် barrier ကလည်း မဟုတ်ဘူး။ Sensor အကုန်ပြန်တပ်ပြီးတဲ့ အချိန်မှာ Loop fault ပဲကျန်တော့တယ်။ နောက်ဆုံး ပြန်ဝင်တဲ့ ကြိုး ၂ ချောင်း ပြန်တပ်လိုက်တော့ DC Bus error ပြန်ပေါ်လာပါတယ်။ 
အဲဒါနဲ့ ကြိုးပြန်ဖြုတ် သေချာ Voltage တွေ ထပ်တိုင်းကြည့်တော့ ပြန်ဝင်တဲ့ ကြိုး နှစ်စက polarity ပြောင်းပြန် ဖြစ်နေတာ သတိထားမိပါတယ်။ အဲဒီတော့မှ သက်ပြင်းချပြီး ကြိုးနှစ်စကို ပြောင်းပြန် ထည့်လိုက်တော့ ဘာ error မှ မရှိတော့ပါဘူး။ 
ဖြစ်နိုင်တာကတော့ ပထမ စစ်တဲ့ အဖွဲ့ ကြိုးတွေ ဖြုတ်ကြည့်ပြီး ပြန်အတပ်မှာ ပြောင်းပြန် ဖြစ်သွားတာလို့ ထင်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ loop ထဲက ပွိုင့်တွေ ဖြုတ်၊ တပ် လုပ်ပြီး တော်တော် ရှာလိုက်ရတယ်။

ဝင်းအောင် (ပခုက္ကူ)
၄-၁၀-၂၀၁၉