Tuesday, 25 June 2019

Struggling With Parameters of a Temperature Controller


ဒီဇာတ်လမ်းက ပြီးခဲ့တဲ့ Incinerator (2) ရဲ့ ဇာတ်ဝင်ခန်း တစ်ခုပေါ့။ Temperature Controller အထဲက Parameter တွေရဲ့ အဓိပ္ပာယ်တွေနဲ့ ကိုယ်လိုတဲ့ Function ရအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတာ နမူနာအနေနဲ့ ပြောပြထားပါတယ်။

ပထမဆုံး ကျွန်တော့် လိုအပ်ချက်ကိုပြောပြပါမယ်။  Sludge Temperature ကို RTD (PT100) sensor တစ်ခုနဲ့ sense လုပ်နေပါမယ်။ 60  ံC ထက် နိမ့်ရင် Temp Low Signal ထုတ်ပေးမယ်။ 100  ံC ထက် ကျော်ရင် Temp High Signal ထုတ်ပေးမယ်။ ထုတ်ပေးရမယ့် Signal တွေက PLC ကို သွားမယ့် ကြိုးတွေကို Dry Contact နဲ့ ထုတ်ပေးရပါမယ်။ ပုံမှန်အချိန်မှာ close ဖြစ်ပြီး Alarm ဖြစ်တဲ့အချိန် Open လုပ်ပေးရပါမယ်။

အခု Controller ရဲ့ Feature တွေကို ပြောပြပါမယ်။ ကျွန်တော်တို့မှာ ရှိနေတာက Panasonic ရဲ့ KT4 ဆိုတဲ့ temperature controller လေးပါ။ တစ်ခြား Controller တွေဆိုရင်တော့ function တူမှာမဟုတ်ပါဘူး။
(Controller Terminal Layout ပုံ ကြည့်ပါ)
Controller အဝင် power supply (230VAC) က 1-2 မှာ ဝင်ပါတယ်။ 3-4 က AL1 အထွက်။ 3-5 က dotted line လေးနဲ့ ဆွဲထားတော့ Optional feature တဲ့။ ဝယ်လာတဲ့ controller မှာတော့ 5 က ဆက်စရာ terminal တောင် မပါလာဘူး။ ဒီတော့ AL2 မရှိဘူး။ 6-7 က Out 1 အထွက်။ ဒီနေရာမှာ AL1 နဲ့ Out1 နှစ်မျိုးလုံးမှာ NO contact တွေပြထားတာ သတိထားကြည့်နော်။ နောက်ဆုံး 8-9-10 က Sensor input တဲ့။ ကျန်တဲ့ 11-14 terminal တွေလည်း မရှိပါဘူူး။

အခု ကျွန်တော်တို့ လုပ်ပေးရမယ့်ဟာက Alarm output နှစ်ခု ထုတ်ပေးရမယ်ဆိုတော့ AL1 နဲ့ Out 1 နှစ်မျိုးနဲ့ ရအောင် သုံးရပါတော့မယ်။ အခု Manual ဖတ်ကြည့်ရအောင်။ Manual က စာမျက်နှာ ၂၀ လောက်ရှိပါတယ်။ ဘယ် ပစ္စည်းမဆို Manual ဖတ်ကြည့်တဲ့ အလေ့အထလေး လုပ်ပေးပါ။

အစဆုံး Controller အလုပ်လုပ်ပုံ အကြမ်းဖျင်း ပြောပြပါမယ်။ ပထမ Set Value (SV) လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ Temperature set point တစ်ခု ပေးလိုက်ရင် အဲဒီ Set point နဲ့ အနီးစပ်ဆုံးရဖို့ Out 1 contact ကို သုံးပြီး အပူပေးတဲ့ စံနစ်ဆို Heater (သို့) အအေးပေးတဲ့ စံနစ်ဆို Chiller Solenoid ကို အဖွင့်အပိတ် လုပ်ပေးပါတယ်။ ရလဒ် တည်ငြိမ်ပြီး အနီးစပ်ဆုံး ထွက်ဖို့ PID နည်းနဲ့ အဖွင့်၊ အပိတ်ကို ထိန်းချုပ်ပေးပါတယ်။ Set point နဲ့ အနီးအဝေးပေါ်မူတည်ပြီး အဖွင့် အပိတ် အချိန် အတိုအရှည် ပြောင်းပြီး ထိန်းပေးပါတယ်။ နောက်တစ်ခုကတော့ Alarm ပါ။ ကိုယ်သတ်မှတ်တဲ့ temperature တစ်ခုထက် နည်းရင် (သို့) များရင် Alarm တစ်ခု ထုတ်ပေးပါမယ်။


အခု သူပေးနိုင်တဲ့ Function တွေနဲ့ ကိုယ်လိုချင်တဲ့အချက် ယှဉ်ကြည့်ရအောင်။ AL1 ကို သုံးလိုက်ရင် ကိုယ်လိုချင်တာတစ်ခုတော့ရပြီ။ ဒါတောင် NO ကို NC contact အဖြစ် ပြောင်းပေးလို့ ရမရ ကြည့်ရဦးမယ်။ နောက် Out1 ကို  Alarm output နောက်ထပ်တစ်ခုအဖြစ် သုံးလို့ ရ၊ မရ ကြည့်ရပါမယ်။ လက်ရှိ Function က PID သုံးပြီး အဖွင့်အပိတ်လုပ်တာဆိုတော့ အဆင်မပြေပါဘူး။ ဒီတော့ အဲဒီ PID ကို မသုံးပဲ Set point မရောက်ခင် On မယ်။ Set point ရောက်ရင် Off မယ်လို့ လုပ်ရနိုင်သလား ရှာရပါမယ်။

ဒီတော့ Manual ထဲမှာ သူနဲ့ဆိုင်တာတွေ လိုက်ရှာပါတယ်။ တစ်နေရာမှာ PID ကို မသုံပဲ On/Off function ပဲလုပ်ချင်ရင် P value ကို 0 ထားပါလို့ ရေးထားပါတယ်။ တစ်ခုတော့ အဆင်ပြေသွားပြီ။ NO / NC ကိစ္စ ရှာရဦးမယ်။
AL1 အတွက်De-energize ကို ရွေးထားရင် Alarm မတက်ရင် close ဖြစ်ပြီး Alarm တက်ရင် Open ဖြစ်သွားမယ်ဆိုတော့ ဒါလည်း အဆင်ပြေသွားပြီ။

 နောက်တစ်နေရာမှာ Out1 ရဲ့ ON/ OFF function မှာ Heating mode ဆိုရင် Set point ထက် နည်းရင် Close ဖြစ်ပြီး၊ Cooling mode မှာ Set point ထက် များရင် Close ဖြစ်မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ Temperature က ပုံမှန်အားဖြင့် 60 - 100 ကြားမှာ ထိန်းထားမှာဆိုတော့ Heating mode ကို သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဆို Set point 100 မှာ ထားမယ်။

ဒါဆို AL1 အတွက် 60 မှာ set လုပ်ရပါမယ်။ သူ့ထက် နည်းမှ Alarm ထွက်အောင် Alarm mode မှာ Low Alarm ထားရပါမယ်။

ဒါနဲ့ စာရွက် တစ်ရွက်မှာ ကိုယ် ပြင်ရမယ့် parameter တွေ ချရေးလိုက်ပါတယ်။

Sensor Type = PT100 (-200 to 500)
P = 0 or 0.0
SV = 100
OUT1 function = heating
Out1 hysteresis = 0.1 (Minimum)
Out1 delay = 0 sec
AL1 Value = 60
AL1 mode = Low
AL1 Function = De-energize
AL1 hysteresis = 0.1 (Minimum)
AL1 delay = 0 sec

ကြားဖြတ်ပြီး Hysteresis ဆိုတာလေး နည်းနည်း ပြောချင်ပါတယ်။ သူက Set point ကျော်လို့ Alarm / Output ထွက်သွားပြီးရင် Temperature က Setpoint အောက် ပြန်ကျပေမဲ့ ချက်ချင်း ပြန်မဖြုတ်သေးပဲ ဘယ်လောက်ထိ ထိန်းထားမလဲဆိုတာပါ။ ဥပမာ SV = 100 နဲ့ Hys = 10 ထားခဲ့ရင် 100 ကျော်တာနဲ့ Output ထွက်ပါမယ်။ Temperature ပြန်ကျလို့ 90 အောက်ရောက်မှ Output Off ဖြစ်မှာပါ။

ပြင်လို့တော့ ပြီးပြီ။ Parameter တွေ ဘယ်လို ထည့်မလဲဆိုတာလည်း ထပ်ကြည့်ရပြန်ပါတယ်။ ဒီမှာ Parameter setting Menu က ၄ ခု ရှိပါတယ်။ ဘယ်လို ဝင်ရသလဲဆိုတာ ပြထားပါတယ်။

1)  Main Setting Mode (Mode ကို နှိပ်ပါ။)
2) Sub setting Mode ( up + Mode နှစ်ခု တွဲ ဖိထားပါ)
3) Aux function Setting Mode 1 (down + Mode နှစ်ခု တွဲ ဖိထားပါ)
4)Aux function Setting Mode 2 (up + down နှစ်ခု တွဲ ဖိထားပါ)


 အဲဒီ menu တစ်ခုစီမှာ Mode ကို နှိပ်၊ ကိုယ်လိုချင်တဲ့ parameter ကို ရှာပြီး ပြောင်းပေးရပါတယ်။ ခလုတ်လေး ၃ ခုထဲကို လှည့်ပတ်နှိပ်ပြီး set လုပ်ပေးရတာပါ။ အသေးစိတ်တော့ မရေးတော့ပါဘူး။ အမှန်ကတော့ parameter တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်လေးတွေ သုံးပုံလေးတွေ ပြောပြချင်ပါတယ်။ အဲဒါဆို စာက အရမ်းရှည်သွားမှာမို့ပါ။ Manual link လေး အောက်မှာ ရှိပါတယ်။ အထူးသဖြင့် လူသစ် ညီလေးတွေ ဖတ်ကြည့်ကြပါ။ Controller တစ်ခုနဲ့ တစ်ခု Function တွေ မတူကြပေမဲ့ parameter တွေရဲ့ အဓိပ္ပာယ်က များသောအားဖြင့် တူပါတယ်။ ဖတ်ကြည့်ပြီး သိချင်တဲ့ parameter အကြောင်း မေးနိုင်ပါတယ်။

ကျန်တာတော့ အားလုံးသိပြီးသားဖြစ်တဲ့ အတိုင်း ပြေလည်သွားတယ်ပေါ့ဗျာ။

မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။


Friday, 7 June 2019

Incinerator (2) - Cannot run in Sludge Mode


Tanker တစ်စီးမှာ Incinerator မကောင်းလို့ သွားစစ်ပေးခဲ့တဲ့ အကြောင်းလေးပါ။ ဘာမှတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ အတွေ့အကြုံလေး တစ်ခု ပြန်ပြောပြတဲ့ သဘောပါပဲ။ 
ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့သူက ပြောပါတယ်။ ဒီပြဿနာကို အရင်တစ်ဖွဲ့ တက်ကြည့်ပြီးသွားပြီတဲ့။ သူတို့ရဲ့ report ကိုလည်း ပြပါတယ်။ PLC မကောင်းလို့ အသစ်လဲတပ်ပေးသွားတယ်တဲ့။ အခုတော့ Solid mode မှာ ကောင်းပြီး sludge mode မှာ မရဘူးပြောပါတယ်။ သူတို့ နောက်ဆက်တွဲ ရေးထားတဲ့၊ လဲရမယ့် ပစ္စည်းစာရင်းကြည့်လိုက်တော့ Temperature Controller တစ်ခု၊ Overload တစ်လုံး၊ Burner Pump တစ်ခုနဲ့ Solenoid တစ်ခု။ မနည်းမနောပါလား။ ဒီတော့ အဲဒါတွေ အကုန် လဲဖို့ တစ်ကယ်လိုရဲ့လားဆိုတာ ပိုင်ရှင်က မယုံဘူးလေ။ ဘာပစ္စည်းမှ မထည့်ပေးလိုက်ပဲ၊ တက်ကြည့်ခိုင်းပါတယ်။ပြီးမှ တစ်ကယ်လိုတဲ့ ပစ္စည်း ဝယ်ပြီး ပြန်တက်ကြဖို့ စီစဉ်ထားပါတယ်။ သင်္ဘောက နောက် တစ်ရက်လောက် ဒီဆိပ်ကမ်းမှာ ရှိဦးမယ်တဲ့။


သင်္ဘောပေါ်ရောက်တော့ ထင်တဲ့အတိုင်း ဖား စက်ချုပ်က မေးပါတယ်။ လိုတဲ့ ပစ္စည်းတွေ ပါလာသလားတဲ့။ အရင်ဆုံး စစ်ကြည့်ပြီးမှ လိုတာ မှာရမယ်ပြောတော့ လိုက်ပြပါတယ်။ Hyundai ရဲ့ Atlas Incinerator ပါ။ စက်-၂ က sludge mode မှာ မောင်းပြတဲ့အခါ Alarm တက်ပြီး ရပ်သွားပါတယ်။ Sludge Oil Low Temp နဲ့ Sludge Oil High Temp ဆိုတဲ့ Alarm နှစ်ခုပါ။

ကြားဖြတ်ပြီး Incinerator ဆိုတာလေး အကြမ်းဖျင်း ပြောပြချင်ပါတယ်။ အလွယ်ပြောရရင် မီးရှို့စက်ပေါ့။ ပတ်ဝန်းကျင် ရေညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းကမ်းချက်အရ ပင်လယ်ထဲကို အမှိုက်စွန့်ပစ်ရာမှာ ကန့်သတ်ချက်တွေရှိပါတယ်။ Foodwaste ကလွဲလို့ ကျန်တဲ့ ပစ္စည်တွေကို Recycle အနေနဲ့ သိမ်းချင်သိမ်း။ မလိုတာ အားလုံးကို မီးရှို့ပစ်ရပါတယ်။ မီးရှို့တဲ့ နေရာမှာ Mode ၂ မျိုး ခွဲထားပါတယ်။ အစိုင်အခဲတွေကို ရှို့တဲ့ Solid mode နဲ့ စွန့်ပစ် ဆီအညစ်အကြေးတွေကို ရှို့တဲ့ Sludge mode ပါ။ Incinerator ဆိုတာ တစ်ကယ်တော့ Boiler အသေးစားလေးပါပဲ။ ဒီတော့ boiler ရဲ့ process တွေနဲ့ အတူတူလို့ ပြောနိုင်ပါတယ်။ ဆီတွေကို pump တစ်ခုနဲ့ pressure ရအောင် ပန်းထုတ်ပေးမယ်။ Ignition electrode နဲ့ မီးခတ်မယ်။ ဆီနဲ့လေ အချိုးညီအောင် blower (သို့) exhaust line မှာ damper နဲ့ လေဝင်နှုန်းကို ထိန်းပေးမယ်။ ဒါတွေပါပဲ။ တစ်ခုပဲ ကွာတာက boiler မှာ ထွက်လာတဲ့ အပူကိုသုံးပြီး Steam pressure (သို့) Thermal Oil Temperature ထိန်းရတဲ့ စံနစ် အပိုပါတာပဲရှိပါတယ်။ ဒီမှာတော့ မီးလောင်ပြီးရင် ပြီသွားပြီလေ။

အခု Solid mode မှာ မီးတောက်တယ်၊ အလုပ် လုပ်နေတယ် ဆိုတော့ burner အပိုင်းက ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ Sludge mode မှာ ဘာပိုထူးလဲဆိုတော့ Sludge တွေ ခဲပြီး ပိတ်မနေအောင် အပူချိန်တစ်ခုအတွင်း ထိန်းထားရပါတယ်။ အခု ဒီမှာတော့ (60 - 100)  ံC အတွင်း set လုပ်ထားပါတယ်။ ဆိုလိုတာက အပူချိန် 60 အောက် ရောက်ရင် Low Temp Alarm ၊ အပူချိန် 100 ကျော်သွားရင် High Temp Alarm လာရမှာပါ။ အခု sludge temp က low ရော high ရော alarm နှစ်ခုလုံး လာနေတယ်ဆိုတော့ တစ်ခုခု မှားနေပြီပေါ့။ Temperature Controller ကို ကြည့်လိုက်တော့ Display မှာ ဘာမှ မပြပါဘူး။ အဝင် power တိုင်းကြည့်တော့ 230V AC ရှိနေတယ်။ ဒါဆို Controller ပျက်နေတာတော့ သေချာပြီ။ 
ဒီအပိုင်းကို ခဏကျော်ပြီး ကျန်တာတွေ ကောင်း၊ မကောင်း စစ်ကြည့်ပါမယ်။ ဒီ controller မှာ Alarm 1, Alarm 2 နဲ့ Out 1 ဆိုတဲ့ output signal ၃ ခု ရှိပါတယ်။ ကြိုးတွေဆက်ထားတာ ကြည့်လိုက်တော့ Out 1 မှာ ဆက်မထားပဲ၊ AL1 နဲ့ AL2 မှာပဲ ဆက်ထားတာတွေ့ရပါတယ်။ အဲဒီ AL1 နဲ့ AL2 ကို common နဲ့ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဆိုလိုတာက Open ဖြစ်နေတာပေါ့။ အဲဒီ AL1 နဲ့ AL2 က controller ရဲ့ ပုံအရ Normally Open (NO) contact တွေ ဖြစ်နေပါတယ်။ NO က open ဖြစ်နေတာ ဘာလို့ Alarm တက်တာလဲပေါ့။ နောက်ပြီးမှ စဉ်းစားမိသွားတယ်။ ဒီလို controller တွေမှာ parameter setting ပေါ်မူတည်ပြီး function တွေ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အခု Open ဖြစ်နေတဲ့ AL1 နဲ့ AL2 ကို Com ကြိုးနဲ့ Short လုပ်ပေးလိုက်တော့ Alarm နှစ်ခုလုံး ပျောက်သွားပါတယ်။ 
ပြီးတော့ စက်ကို စခိုင်းလိုက်ပါတယ်။ Alarm မရှိတော့ initialization, purging စတဲ့ အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်သွားပြီး မီတောက်သွားပါပြီ။ Chamber temperature တစ်ဖြည်းဖြည်း တက်သွားတာ ခဏ စောင့်ကြည့်ပြီး ရပ်လိုက်ပါတယ်။ ဒါဆိုရင် ကျန်တဲ့ အပိုင်းတွေ ကောင်းတယ်ပေါ့။ အဓိက ပျက်တာက Temperature Controller တစ်ခုထဲ။ ဒါပေမဲ့ စက်ချုပ်က Overload ပါလဲပေးဖို့ ပြောပါတယ်။ တစ်ခါတလေ ပြဿနာပေးလို့တဲ့။  

ဒါနဲ့ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ ရုံးကို အကြောင်းကြားပါတယ်။ ပစ္စည်းရှာဝယ်တဲ့ အစ်ကိုက Temperature Controller ကို အမျိုးအစားတူ ရှာလို့ မရနိုင်လို့ ဆင်တူတဲ့ တစ်ခြား brand တစ်ခု သုံးလို့ ရနိုင်သလားမေးလာပါတယ်။ သူ့ မူရင်း ပစ္စည်းက Nova ပါ။ သူတွေ့ထားတာက Panasonic KT4 controller လေး။ catalog ကိုရှာကြည့်တော့ Alarm နှစ်ခု (NO contacts) နဲ့ Out တစ်ခု ဆိုတော့ ကွက်တိပဲပေါ့။ ရတယ် ပြောလိုက်တယ်။

ပစ္စည်းတွေရလာပြီး လဲဖို့လုပ်ကြတော့ ဒုက္ခတွေ့ပါတော့တယ်။ Alarm က တစ်ခု ထဲပါတယ်။ Out တစ်ခု ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်က အဟောင်းမှာအတိုင်း Out ကို မသုံးပဲ Alarm နှစ်ခုကို သုံးမယ်လို့ စီစဉ်ထားတာ။ ပစ္စည်းမှားတာလား ပြန်စစ်တော့ မမှားဘူး။ Catalog ပြန်ကြည့်တော့မှ Alarm 2 က optional feature တဲ့ လိုလို့ အထူးမှာမှ ထည့်ပေးတာ။ Alarm တစ်ခု၊ Out တစ်ခုနဲ့ ဘယ်လို လုပ်ရပါ့မလဲ။ 
ဒီနေရာမှာ Alarm နဲ့ Out ရဲ့ ကွာခြားချက်လေး နည်းနည်း ပြောပြပါမယ်။ Alarm ဆိုတာကတော့ သတ်မှတ်တဲ့ တန်ဖိုးတစ်ခုထက် နည်းရင် (သို့) များရင် alarm ထုတ်ပေးမှာပါ။ Out ဆိုတာကတော့ အဲလို မဟုတ်ပါဘူး။ Set လုပ်ထားတဲ့ Temperature နဲ့ လက်ရှိတန်ဖိုး အနီး၊ အဝေးပေါ်မူတည်ပြီး PID parameter တွေအရ output / no output duty cycle တွေနဲ့ သင့်လျော်သလို ထုတ်ပေးမှာ ဖြစ်ပါတယ်။ Set point မရောက်ခင် On ဖြစ်လိုက် Off ဖြစ်လိုက် ဖြစ်နေမှာပေါ့။ ဒီတော့ ကျွန်တော်တို့ သုံးချင်တဲ့ အခြေအနေနဲ့ မဆီလျော်ပါဘူး။ 

ဒါနဲ့ instruction manual ကို အပြန်ပြန် အလှန်လှန်ဖတ်၊ parameter တွေ ချရေးပြီး Alarm ၁ ခု၊ Out ၁ ခု နဲ့ ရအောင်သုံးဖို့  ကြိုးစားရပါတော့တယ်။ 
( Controller parameter တွေအကြောင်း အသေးစိတ် သီးခြား တစ်ပုဒ် တင်ပေးပါမယ်။)
နောက်ဆုံးတော့ အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပါတယ်။ Overload ကိုလည်း လဲပေးလိုက်ပါတယ်။ 
အားလုံးပြီးလို့ ပြန်စမ်းကြတော့ Alarm တွေ မရှိပါဘူး။ Sludge mode မှာ မောင်းကြည့်တော့ မီးတောက်ပါတယ်။ စောင့်ကြည့်တော့ Temperature တစ်ဖြည်းဖြည်းချင်းတက်လာပြီး 700  ံ လောက်မှာ Sludge solenoid တွေ ပွင့်တဲ့ အသံကြားရပါတယ်။ ခဏနေတော့ Secondary Flame eye failure alarm တက်ပြီး ရပ်သွားပါတယ်။ စက်ချုပ်က သူ့မှာ Flame eye sensor အပိုရှိတာနဲ့ လဲတပ်ကြည့်ဖို့ ပြောပါတယ်။
Sensor အသစ်လဲပြီး စမ်းတော့လည်း အတူတူပါပဲ။ ဒါနဲ့ မီးတောက်နေတုန်း sludge valve မဖွင့်ခင် flame eye relay ကိုစောင့်ကြည့်တော့ မီးအစိမ်းလေး လင်းတာတွေ့ရပါတယ်။ ဆိုလိုတာက Flame ကို detect လုပ်နိုင်တယ်၊ sensor ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ PLC ရဲ့ secondry flame eye အဝင် channel ကြည့်တော့လည်း မီးလင်းပါတယ်။ ဒါပေမဲ့ sludge valve ဖွင့်လိုက်တဲ့အချိန်မှာ Flame eye relay ရဲ့ မီးစိမ်းလေး ငြိမ်းသွားတာတွေ့ရပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းမယ်ဆိုပြီး စက်-၂ က လှေကားနဲ့ တက်၊ incinerator အမိုးပေါ်က flame eye sensor လေးကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး စက်စတဲ့အချိန် sensor ကို ဓာတ်မီးနဲ့ ထိုးထားပါတယ်။ စောင့်ကြည့်တဲ့အခါ sludge valve ဖွင့်ပြီးလည်း ငြိမ်းမသွားပဲ မီးဆက်တောက်နေတာ တွေ့ရပါတယ်။ ဒီတော့ ဘာကောက်ချက် ချနိုင်သလဲဆိုတော့ sludge ထည့်လိုက်တဲ့အခါ၊ မီးတော့ မသေဘူး၊ sludge ထဲက ရေတွေများလို့ မီးခိုးတွေ အရမ်း ထွက်ပြီး flame eye sensor window ကို ကြပ်ခိုးနဲ့ ပိတ်သွားတာလို့ ထင်ပါတယ်။ စက်-၂ က တွေ့နေကျမို့ သဘောပေါက်နေတာ ဖြစ်မယ်ထင်တယ်။ ကျန်တာ သူတို့ ဆက်လုပ်မယ်ပြောပါတယ်။ ဒါနဲ့ပဲ report ရေးပြီး ပြန်ခဲ့တော့ပါတယ်။

မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။