Tanker
တစ်စီးရဲ့ ME control အလုပ်မလုပ်လို့ သွားကြည့်ရပါတယ်။ ကြားရတာကတော့
ဒီပြဿနာက ကြာပါပြီ။ ရှေ့မှာ အဖွဲ့တော်တော်များများ ကြိုးစားထားကြပြီး ခုထိ
အဆင်မပြေသေးတာ ဆိုပါတယ်။ မလေးရှားက Port Klang မှာ သွားတက်ခဲ့ရပါနယ်။
ရောက်သွားတော့ ဘကုန်း စက်ချုပ်နဲ့ ဓာတ်ကြိုးက ပြောပြပါတယ်။ ME
conttol panel မှာ လည်း display က အမှန်မပြဘူး။ ECR က display မှာလည်း
အမှန်မပြဘူး။ Bridge ကနေ control လုပ်လို့လည်း မရဘူးပြောပါတယ်။ Alarm
တွေလည်း မျိုးစုံတက်နေတယ်။ အင်ဂျင်တော့ မောင်းလို့ရနေတယ်။ အခုတော့
မောင်းချင်ရင် bridge က Telegraph နဲ့ request လုပ်၊ Local က တစ်ယောက်က
မောင်းပေးရတယ်ဆိုပါတယ်။
အစဆုံး
ECR မှာရှိတဲ့ display panel ကို ပြပါတယ်။ အဲဒီ panel မှာ engine speed,
LO pressure, FW temperature, Exhaust Gas temperature အစရှိတဲ့ တန်ဘိုး
တွေကို တစ်ကွက်စီ တစ်ကွက်စီ LED display နဲ့ ပြထားပါတယ်။ ဒါပေမဲ့
အခုအချိန်မှာ ဂဏန်းရယ်လို့ ပီပီသသ မပေါ်ပဲ ပဲပင်ပေါက်လို
ကောက်ကောက်ကွေးကွေးနဲ့ 7-segment မီးလုံးတွေက ကြုံသလို ပေါ်နေပါတယ်။
နောက်
ER အောက်ခြေမှာ ရှိတဲ့ local panel ကို သွားကြည့်ပါတယ်။ Local panel မှာ
Main panel တစ်ခုရယ်၊ safety panel နဲ့ remote control panel ဆိုတဲ့ panel
သေးသေးလေး ၂ ခုရယ် ရှိပါတယ်။ Main panel ရဲ့ တံခါးမှာလည်း ECR မှာ
တွေ့ခဲ့တဲ့ Display မျိုး တစ်ခု ရှိပါတယ်။ အဲဒီမှလည်း အတူတူပဲ ဖတ်လို့မရတဲ့
စာတန်းတွေ ပေါ်နေတာပေါ့။ ဘေးက Safety panel မှာလည်း False Alarm
အမျိုးမျိုး မီးတွေလင်းလို့။
Main
Panel ဖွင့်ကြည့်တော့ ပစ္စည်းတွေက သိပ် ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။
ရှုပ်နေတာဆိုလို့ ကြိုးတွေပဲ ရှိတယ်။ အဓိက Control board အတန်းလိုက် ၅ ခုက
တစ်ဆက်ထဲဆိုတော့ Board အကြီးကြီးတစ်ခုထဲ ရှိသလို ဖြစ်နေပါတယ်။ အဲဒီ board
တွေကပဲ control နဲ့ I/O တွေ အကုန် လုပ်ပေးပါတယ်။ ဘေးနဲ့ အပေါ်ဘက်မှာ Power
supply ၃ ခု တွေ့ရပါတယ်။ နောက် Communication module လေး တစ်ခုရှိပါတယ်။
Panel အဖုံးမှာ display module နဲ့ indication light တွေအတွက် PCB
ရှိပါတယ်။ အခု Main control board တွေထဲက ပထမ ၃ ခုမှာ Run LED အစိမ်းရောင်
တစ်လုံးစီ ရှိပါတယ်။ ဒါပေမဲ့ တတိယ board မှာပဲ မီးစိမ်းလေး လင်းနေပြီး
ကျန်တဲ့ နှစ်ခုမှာ Run မီးလုံး အစိမ်းက လင်းမနေပါဘူး။
Drawing
ဖတ်ပြီး စဉ်းစားကြည့်ပါတယ်။ ဒီလို တရုတ်က ထုတ်တဲ့ Module တွေမှာ
တွေ့ခဲ့ဖူးတာက Power supply ကျသွားရင် ကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။
ဒီတော့ အစဆုံး Power supply တိုင်းကြည့်ရမယ်။ ဒီစံနစ်မှာ အဝင် 220V AC
power ကို 24V DC ပြောင်းပြီး၊ နောက် Power supply အသေး နှစ်လုံးကို
ပေးထားပါတယ်။ အဲဒီ power supply တွေက အဝင် 24V ကို အထွက် Voltage ၃ မျိုး
ပြန်ပြောင်း ထုတ်ပေးပါတယ်။ +12V, -12V နဲ့ +5V ပါ။ အစဆုံး အဝင် 220V
တိုင်းကြည့်တော့ AC voltage အမှန် ထွက်ပါတယ်။ ရှေ့ဆုံးက power supply
အထွက်ကို တိုင်းကြည့်တော့ 22V DC ပဲ ရှိပါတယ်။ ဒါနဲ့ voltage adjustment
preset လေး လှည့်ပြီး 24V ရအောင်ချိန်လိုက်ပါတယ်။ 24V ရတော့ power supply
အသေး ၂ ခုရဲ့ အထွက် Voltage တွေ တိုင်းကြည့်ပါတယ်။ နည်းနေလို့ ချိန်တာ
တစ်ခုက အမြင့်ဆုံး +4.4 V, +11.8V နဲ့ -12V ရပါတယ်။ နောက်တစ်ခုက +3.5V,
+11.9V, -11.6V အထိရပါတယ်။ ဒါပေမဲ့ ဘာမှ မထူးသေးပါဘူး။
အမှန်က
Power supply အသေး နှစ်ခုမှာ တစ်ခုက ရှေ့ board ၂ ခုကိုပေးပြီး ကျန်တဲ့
power supply တစ်ခုက နောက် board တွေကို ပေးထားပါတယ်။ ဒါပေမဲ့ ရှေ့က
အဖွဲ့တွေ အမျိုးမျိုး ကြိုးစားထားပုံရပါတယ်။ Power ကြိုးတွေ ပေါင်းထား၊
ခွထား၊ ဖွထားတာ တွေ့ရပါတယ်။ ကျွန်တော် သံသယဖြစ်တာတစ်ခုက I/O ကြိုးတွေ field
device တွေကနေ leakage ဖြစ်ပြီး ဆွဲချနေတာလား ဆိုတာပါ။ ဒါကြောင့် input
နဲ့ output ကြိုးတွေကို ရသလောက် မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Power On/Off
လုပ်ကြည့်တော့လည်း အခြေအနေ မထူးပါဘူး။ ဒါနဲ့ ဓာတ်ကြိုးကို power supply
အပိုရှိလားမေးကြည့်တော့လည်း မရှိဘူးတဲ့။ ဒါနဲ့ ကျန်တာ ဘာမှလုပ်လို့
မရတော့ဘူးဆိုတော့ စက်ချုပ်ကို ပြောရတယ်။ အဓိက သံသယဖြစ်တာက Power Supply
တွေလို့။ နောက်ပျက်နိုင်ခြေရှိတာတွေကတော့ Control Board တွေပဲလို့။ အဲဒါ
report ရေးပြီး ပြန်မယ်ဆိုတော့ စက်ချုပ်က မကြည်ချင်ဘူး။ ပြဿနာက ဘာမှ
ပိုကောင်းမလာဘူးလို့ မှတ်ချက်ရေးပြီး စိတ်မပါလက်မပါ
လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပါးစပ်ကလည်း အပြစ်တင်လို့။ ဘယ်တတ်နိုင်မလဲလေ။
ကိုယ်လည်း ဘာမှ လုပ်မရတာ။ ပြန်ခဲ့ကြတာပေါ့။
အဲဒီအကြောင်း
ရုံးမှာ ဆွေးနွေးကြပြီး Super နဲ့ စကားပြောကြပါတယ်။ ပထမအဆင့် လိုတဲ့ power
supply တွေယူပြီး ပြန်တက်ကြည့်မယ်။ မရရင်တော့ Control Board တွေ Maker ဆီက
ရှာဝယ်ပြီး ထပ်တက်မယ်လို့။ Super သဘောတူတာနဲ့ ဆက်လုပ်ဖို့ စီစဉ်ကြပါတယ်။
အဲဒီ Power Supply ကလည်း ရှားပါတယ်။ တရုတ်ကနေမှာမှ ရတယ်။ ပစ္စည်းတွေရပြီး
သင်္ဘော စင်္ကာပူ ဝင်လာတဲ့ အချိန် သွားတက်ကြပါတယ်။
ပထမ
AC to DC power supply ကြီးကိုတော့ အထွက်တိုင်းကြည့်တာ 24V ရှိနေတာနဲ့
မလဲသေးပဲ ထားလိုက်ပါတယ်။ Power Supply အသေး နှစ်လုံးကို လဲလိုက်ပါတယ်။
power supply အထွက်ကြိုးတွေ မဆက်ခင် Voltage တိုင်းကြည့်တော့ +5V, +12V,
-12V အကုန် မှန်ပါတယ်။ အထွက်ကြိုးတွေ လက်ရှိအခြေအနေအတိုင်း
ဆက်ပြီးတိုင်းကြည့်တော့ 5V အထွက်က 4.2V ပဲ ရှိပါတော့တယ်။ အခြေအနေကလည်း
မထူးပါဘူး။ ဒါနဲ့ သေချာကြည့်တော့ bosrd အားလုံးရဲ့ 5V supply ကို loop လုပ်
ပေါင်းပြီး power supply unit တစ်ခုထဲက ယူထားတာတွေ့ရပါတယ်။ +12V နဲ့ -12V
တွေကတော့ အဆင်ပြေပါတယ်။
ဒါနဲ့
5V supply ကို ရှေ့ board နှစ်ခုအတွက် တစ်စုံ၊ ကျန်တဲ့ board တွေအတွက်
တစ်စုံ ခွဲထုတ်ပေးလိုက်ပါတယ်။ ဒီတစ်ခါ Volt မကျတော့ပါဘူး။ 4.9V လောက်မှာ
ငြိမ်ပါတယ်။ ကြည့်လိုက်တော့ board အားလုံးရဲ့ Run LED တွေ အကုန်
လင်းသွားပါပြီ။ Display ကိုကြည့်လိုက်တော့ ဂဏန်းတွေ ပီပီပြင်ပြင်
ပေါ်နေပါပြီ။ တန်ဖိုး မမှန်တာတွေကိုတော့ ပြီးမှ ပြန်လိုက်ပါမယ်။ ဒါနဲ့ ECR
တက်ကြည့်တော့လည်း အဆင်ပြေပါတယ်။ စက် ၂ နဲ့ ဓာတ်ကြိုးကလည်း ဝမ်းသာလို့ပေါ့။
ဒါပထမ အဆင့်ပဲ ရှိပါသေးတယ်။ တစ်ကယ် အလုပ် လုပ်၊ မလုပ် ဆက်ပြီး စမ်းရမှာတွေ
ကျန်သေးတယ်။ ECR မှာ ထိုင်ရင်း ပေါ်နေတဲ့ display ကို ဂရုစိုက်ကြည့်တော့
စက်ရပ်ထားပေမဲ့ RPM တန်ဖိုးက 600 ကျော်၊ LO pressure က 2.3 bar, Exh Gas
Temp, FW temp အကုန်လုံး ယုတ္တိမရှိတဲ့ တန်ဖိုးတွေဆိုတော့ သိပ်ပြီး
ဘဝင်မကျလှပါဘူး။ နောက်ပြီး Alarm ကလည်း တစ်ခုပြီး၊ တစ်ခု တစ်မိနစ်ခြားလောက်
တက်တက်လာပါတယ်။ စက် ၂ က ထိုင်ပြီး အသံပိတ်၊ Ack နှိပ်နေရတယ်။ မနားရရှာဘူး။
ဒါနဲ့ သေချာကြည့်တော့ တစ်ခု သတိထားမိသွားတယ်။ Display channel တစ်ခုက
မှိတ်တုတ်မှိတ်တုတ်နဲ့ တန်ဖိုးတွေ ပြောင်းနေတယ်။ တစ်ချိန်မှာ Alarm set
point ကျော်သွားတော့ Alarm တက်လာတယ်။ ပြီးရင် အဲဒီ Ch က ကြုံရာ
တန်ဖိုးတစ်ခုပြပြီး ငြိမ်သွားတယ်။ နောက် Ch တစ်ခု ပြောင်းပြီး အဲဒီအတိုင်း
ဖြစ်ပြန်ရော။ အဲလို Ch အကုန် ဖြစ်ပြီး အစကနေ ပြန်စပြန်ရော။ ဒါကိုကြည့်ပြီး
ကျွန်တော် တစ်ခု သတိရသွားတယ်။ ဒါ Test Mode ကို ရောက်နေတာပါလား။ တချို့ ME
Control module တွေမှာ Simulation Test Mode ထည့်ပေးထားတတ်ပါတယ်။ အဲဒီ mode
က ဒီလိုပုံစံနဲ့ Ch အားလုံးရဲ့ Alarm triger ဖြစ်မဖြစ်၊ Slow down , Shut
down ဖြစ်မဖြစ် စမ်းနိုင်ပါတယ်။
ဒါပေမဲ့
ပြဿနာက Test Mode ဆိုရင် Ch အားလုံး ပြီးသွားရင် ရပ်သွားပြီး Normal
Operation Mode ကို ပြန်ရောက်သင့်ပါတယ်။ အခုဟာက Test Mode ထဲမှာ
ပတ်နေတာဆိုတော့ တစ်ခုခု မှားနေပါပြီ။ စဉ်းစားကြည့်တော့ Test Mode ကို
ဘယ်လို ဝင်သွားတာလဲ။ များသောအားဖြင့် Test ခလုတ်တစ်ခုခု နှိပ်ပေးရပါတယ်။
အဲဒီ ခလုတ် ကပ်နေတာလား။ ဒါနဲ့ Test ခလုတ် ရှာပုံတော် ဖွင့်ရပါတယ်။ ECR က
panel မှာတော့ မရှိဘူး။ ER က Main Panel ကို ဆင်းကြည့်ပါတယ်။ တွေ့ပါပြီ၊
Panel တံခါးက Display မှာ Test ဆိုတဲ့ ခလုတ်ကလေး။ Mimic panel ရဲ့ ခလုတ်တွေ
ထုံးစံအတိုင်း အပေါ်က ပလပ်စတစ်မှာ ခလုတ်အရာလေးပဲ တွေ့ရပါတယ်။ နှိပ်လိုက်မှ
နောက်က onboard micro switch လေးကို တစ်ကနဲ ဖိမိသွားမှာပါ။ Micro switch
မကောင်းတာလား၊ တစ်ခုခုကြောင့် Short ဖြစ်တာလား။ Power ပိတ်ပြီး တံခါးမှာ
စွဲထားတဲ့ PCB ကို ဖြုတ်ချလိုက်ပါတယ်။ ကြည့်ရတာ အမြင်အရ ဘာမှ
ထူးထူးခြားခြား မတွေ့ရပါဘူး။ Ohm တိုင်းထားပြီး နှိပ်ကြည့်တော့လည်း
တစ်ခြားခလုတ်တွေနဲ့ သိပ်မကွာပါဘူး။ PCB ရဲ့ wire connector တွေ
မဖြုတ်ထားပါဘူး။ PCB ကို ပြန်မထိုင်သေးပဲ၊ လက်နဲ့ကိုင်ထားပြီး Power On
လိုက်ပါတယ်။ ဒီတစ်ခါ Display က Ch အားလုံး ငြိမ်နေပြီး တန်ဖိုးတွေကလည်း
အမှန်ပြသွားပါပြီ။ အဲဒီ Test ခလုတ်ကို နှိပ်ကြည့်တော့ Test Mode
ရောက်သွားပါတယ်။ Ch အားလုံး တစ်ပတ်လည်အောင် စမ်းပြီးတာနဲ့ Normal
ပြန်ဖြစ်သွားပါတယ်။
ဒီတော့
ဒီခလုတ်လည်းကောင်းတယ်။ Short လည်း မရှိဘူး။ ရှေ့က cover က ဖိမိနေလို့
ဖြစ်မယ်။ အဲဒါနဲ့ Power On ထားပြီး PCB ကို ပြန်တပ်ပါတယ်။ ခလုတ် မဖိမိအောင်
Board ကို သေချာညှိပြီး screw ကို ဖြည်းဖြည်းချင်း ပြန်ကြပ်ပါတယ်။
အဲလိုနဲ့ အဆင်ပြေသွားပါတယ်။
နောက်တစ်ဆင့်
Control တွေ အလုပ် လုပ်၊ မလုပ် စမ်းဖို့ပဲ ကျန်ပါတော့တယ်။ စက် ၂ က အစဆုံး
Local Control စမ်းပါတယ်။ စက်နှိုးလိုက်တော့ RPM တွေ LO pressure တွေ
display မှာ ပုံမှန်ပြပါတယ်။ နောက် သူကြီးကို အကြောင်းကြားပြီး Ahead,
Astern စမ်းကြည့်တာ အဆင်ပြေပါတယ်။ နောက်ဆုံး Wheelhouse control စမ်းဖို့ပဲ
ကျန်ပါတော့တယ်။ ကျွန်တော်က Bridge မှာ တက်နေပါတယ်။ ကုန်းချုပ်က (Radio
မအားလို့) ER နဲ့ ဖုန်းအဆက်အသွယ်လုပ်ပြီး Control ကို WH
ပြောင်းယူလိုက်ပါတယ်။ နောက်ပြီး ရှေ့တိုး (ahead) နောက်ဆုတ် (astern)
စမ်းတာပေါ့။ အဲဒီမှာ ပြဿနာတစ်ခု သွားတွေ့ပါတယ်။ Astern မှာ အကုန်
အဆင်ပြေတယ်။ Ahead မှာ မောင်းပြီး Neutral ပြန်ထားတော့
ရပ်မသွားဘူးဆိုပါတယ်။ ဒါနဲ့ စက်ခန်းကပဲ local ပြောင်းပြီး ရပ်လိုက်ရပါတယ်။
စက်ခန်းထဲ ဆင်းသွားပြီး ပြန်စမ်းကြည့်တော့ လည်း အတူတူပါပဲ။ ဒါပေမဲ့
သူတို့ပြောတဲ့ ရပ်လို့ မရဘူးဆိုတာ Clutch ပြန်မပြုတ်ပဲ Gear ဆက်ငြိနေတာကို
ဆိုလိုမှန်း သဘောပေါက်သွားတယ်။
Ahead
command မှာ အလုပ်လုပ်တယ်ဆိုထဲက Control အပိုင်းက ကောင်းနေတယ်လို့
ယူဆပါတယ်။ အခုပြဿနာက Pneumatic control panel နဲ့ ဆိုင်သွားပါပြီ။
လိုက်
ကြည့်လိုက်တော့ Engine အခြေမှာ Pneumatic Panel တစ်ခုရှိပါတယ်။ အဲဒီမှာ
Local / WH ရွေးလို့ရပါတယ်။ တစ်ခါ Local မှာ Control လုပ်ဖို့ Ahead /
Neutral / Astern ပြောင်းဖို့ မောင်းတံတစ်ခုလည်း ရှိပါသေးတယ်။
သူအလုပ်လုပ်ပုံက လေ (pneumatic) နဲ့ တွန်းပြီး Actuator Block ကို
လှုပ်ရှားစေပါတယ်။ အဲဒီ Actuator ကနေ Hydraulic line ကို ဖွင့်၊ ပိတ်
လုပ်ပြီး clutch နဲ့ gear ကို ရွေ့စေတာပါ။ Local မှာတော့ pneumatic
selector handle နဲ့ ရွေးပြီး လေကို လိုတဲ့ လမ်းကြောင်း ဖွင့်ပေးပါတယ်။ WH
control mode မှာဆိုရင်တော့ Solenoid valve တွေကတစ်ဆင့် လေကို
ဖွင့်ပေးတာပေါ့။ အခု ကြည့်လိုက်တော့ Gearbox နားမှာရှိတဲ့ Actuator block
ဆီကို လေပိုက် ၃ ချောင်း ဝင်ထားပါတယ်။ တစ်ချောင်းက Ahead အတွက်၊
နောက်တစ်ချောင်းက Astern ၊ နောက်ဆုံးတစ်ချောင်းက Neutral return အတွက်ပါ။
အဲဒီ ပိုက် ၃ ချောင်းက Pneumatic box မှာဝင်ထားပါတယ်။ Box ဖွင့်ကြည့်တော့
နှစ်ချောင်းက Pneumatic selector switch ရဲ့ ahead နဲ့ astern အထွက် port
တွေမှာ ဆက်ထားသလို T-joint နဲ့ solenoid valve နှစ်ခုကို ဆက်ထားပါတယ်။ အဲဒီ
solenoid တွေက WH ထိန်းချုပ်တဲ့ solenoid တွေ ဖြစ်ပါလိမ့်မယ်။ အခု Neutral
position မှာ လေထွက်သံကြားလို့ လိုက်စမ်းကြည့်တော့ Ahead အတွက် Solenoid
ရယ် Pneumatic Selector switch ရယ် ၂ နေရာက လေထွက်နေတာ တွေ့ရပါတယ်။ တစ်ခု
စမ်းချင်တာနဲ့ Actuator block ဆီ ထွက်တဲ့ ပိုက် ၃ ချောင်းမှာ ahead နဲ့
astern အတွက် ပိုက်နှစ်ချောင်းကို pneumatic box အထွက်မှာပဲ
ဖြုတ်လိုက်ပါတယ်။ လက်နဲ့ စမ်းကြည့်တော့ box ဘက်က မထွက်ပဲ actuator
ဘက်သွားတဲ့ ပိုက်က လေထွက်နေတာ တွေ့ရပါတယ်။ ဒါဆို Actuator block က အထဲမှာ
ယိုနေပြီပေါ့။ လက်ရှိအနေအထားမှာ စဉ်းစားကြည့်ရင် Local ကောင်းပြီး remote
မှာ မကောင်းဘူးဆိုတော့ solenoid မကောင်းတာ ဖြစ်ဖို့များပါတယ်။ Ahead ရပြီး
ပြန်မကွာတာ ဖြစ်တဲ့အတွက် solenoid ဆီ power ရောက်ပြီး solenoid ဆွဲတာ
သေချာပါတယ်။ ဒါပေမဲ့ solenoid ပြန်လွှတ်လိုက်တဲ့အချိန် လေက
ပြန်ပိတ်မသွားလို့ neutral ပြန်မရောက်တာ ဖြစ်နိုင်ပါတယ်။ သူက အဓိက
တရားခံဆိုပေမဲ့ လေစိမ့်နေတဲ့ Pneunatic selector switch ကိုလည်း လဲဖို့
ဆုံးဖြတ်လိုက်ပါတယ်။ Actuator block ကို service လုပ်ဖို့
အကြံပေးလိုက်ပါတယ်။
နောက်တစ်နေ့
လိုတဲ့ ပစ္စည်းတွေယူပြီး ပြန်တက်ကြပါတယ်။ Solenoid နဲ့ pneumatic selector
လဲပြီးတဲ့အချိန်၊ စက် မနှိုးပဲ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါနဲ့ စက် ၂
ကို စက်နှိုးပြီး စမ်းခိုင်းတော့ အားလုံး ပုံမှန်အတိုင်း အလုပ် လုပ်ပါတယ်။
Actuator block အထဲက internal leak ဖြစ်နေတာကိုတော့ Service လုပ်ဖို့
မှာခဲ့ပါတယ်။
မှတ်ချက်။
။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊
ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး
ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို
ပြောင်းကြဖို့ တိုက်တွန်းပါတယ်။